Thursday, October 28, 2010

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းမှစ၍ CDMA 800 MHZ ငါးသိန်းဖုန်းများတွင် အင်တာနက်ဝန်ဆောင်မှု ပေးမည်

b33104
အင်တာနက်ဝန်ဆောင်မှုအား 3G စနစ်ဖြင့် ပေးသွားမည်ဖြစ်ကာ ISP(Internet Service Provider)မှ ခွင့်ပြုထားသည့် အင်တာနက်ဆိုင်ရာ ၀န်ဆောင်မှုအားလုံး ရရှိမည် ဖြစ်ကြောင်း သိရသည်။ အင်တာနက် သုံးစွဲမှုကို လာမည့် ဒီဇင်ဘာလဆန်းတွင် စတင်သုံးစွဲခွင့် ပြုမည် ဖြစ်ပြီး စတင်ချိန်တွင် သုံးစွဲသည့် ဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံမည်ဖြစ်ကြောင်း သိရသည်။
"အခု အင်တာနက် service ပေးဖို့အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ တပ်ဆင်နေပါတယ်။ နိုဝင်ဘာ လကုန်လောက်မှာ အပြီးတပ်ဆင်မှာ ဖြစ်တဲ့အတွက် ဒီဇင်ဘာ လဆန်းလောက်မှာ စပြီးတော့ အင်တာနက် service ပေးနိုင်မှာပါ"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ဆိုပါသည်။
စတင်သုံးစွဲခွင့်ပြုချိန်တွင် ရန်ကုန်မြို့၌ အလုံးရေ လေးသောင်း၊ မန္တလေးမြို့တွင် တစ်သောင်းနှင့် နေပြည်တော်ခရိုင်တွင် တစ်သောင်း စသည်ဖြင့် သုံးစွဲခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ အင်တာနက် service ရရှိလိုသူ ငါးသိန်းတန်ဖုန်း ကိုင်ဆောင်ထားသူများအား လျှောက်လွှာစနစ်ဖြင့် လက်ခံသွားမည်ဖြစ်ကာ service ရရှိသူများထံမှ ၀န်ဆောင်ခနှုန်းထား ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
"အင်တာနက်သုံးစွဲခွင့်ရတဲ့ ဖုန်းကို အင်တာနက် service ရမယ့် ဖုန်းကတ်နဲ့ ပြန်လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ ဒီကတ်ကို ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ လက်တော့ပ်နဲ့ပဲဖြစ်ဖြစ် ထည့်ပြီး သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် သောင်းဂဏန်းဝန်းကျင်ရှိတဲ့ ၀န် ဆောင်ခကို ကောက်ခံသွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောပြသည်။