Sunday, December 5, 2010

ခံစားကြည့်ပါ...

ကျွန်မ ရဲ့ခင်ပွန်းက software engineer တစ်ယောက်ပါ။ သူ့ ရဲ့ တည်ငြိမ်တဲ့စရိုက်လေးကို ကျွန်မချစ်တယ်။ သူ့ ပုခုံးပြင်ကျယ်ကြီးပေါ် မှီလိုက်တိုင်း ရရှိလာတဲ့ နွေးထွေးတဲ့ ခံစားမှုလေးကို ကျွန်မချစ်တယ်။



ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာ အခုဆို အိမ်ထောင်သက် ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို ကျွန်မငြီးငွေ့ လာပြီလို့ ဝန်ခံပါရစေ။ သူ့ အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း ကျွန်မအတွက် စိတ်ပင်ပန်းစရာတွေ အဖြစ်ပြောင်းလဲနေပါပြီ။



ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်။ ကျွန်မတို့ ရဲ့ ဆက်ဆံရေးနဲ့ ကျွန်မခံစားချက်တွေအပေါ် ကျွန်မသိပ်ကို ခံစားလွယ်ခဲ့တယ်။ ကလေးငယ်လေးတစ်ယောက် ချိုချဉ်သကြားလုံးကို တပ်မက်တွယ်တာသလို ကျွန်မတို့ ရဲ့ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းခဲ့တဲ့ အချိန်ခဏလေးတွေကို တမ်းတနေတယ်။ သူခံစားချက်ကတော့ ကျွန်မခံစားချက်နဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့် ကျင်ဖက်ဖြစ်နေတယ်။ သူ့ရဲ့တည်ငြိမ်နိုင်လွန်းမှုတွေ နဲ့ ကျွန်မတို့ ရဲ့ အိမ်ထောင်ရေးမှာ ရင်ခုန်ကြည်နူးဖွယ် အချိန်ကလေးတွေ မရှိဘူးလို့  ကျွန်မထင်လာတဲ့အခါမှာ အချစ်ဆိုတာကို ကျွန်မစိတ်နာစပြုလာတယ်။



နောက်ဆုံးတစ်နေ့ မှာတော့ ကျွန်မ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို သူ့ ကိုပြောဖို့ ဆုံးဖြတ်လိုက်တော့တယ်။

"လမ်းခွဲမယ် ဟုတ်လား...ဘာလို့ လဲ " သူ ထိတ်လန့် တကြားတော့မေးရှာပါတယ်။



"ကျွန်မ အရမ်းပင်ပန်းနေပြီ... ကမ္ဘာပေါ်မှာ ဖြစ်လာတဲ့ အဖြစ်အပျက်တိုင်းမှာ ဘာအကြောင်းပြချက်မှ မရှိပါဘူး..."



ဒီလောက်နဲ့ ပဲ ကျွန်မတို့ ဆွေးနွေးခန်း အဆုံးသတ်သွားတယ်။



အတွေးထဲနစ်နေတဲ့ ပုံစံနဲ့  သူတစ်ညလုံး ငြိမ်သက်နေခဲ့တယ်။ သူ့ ကိုကျွန်မစိတ်ပါပျက်လာတယ်။ သူကိုယ်တိုင်ရဲ့ ခံစားချက်ကို ထုတ်ဖော်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်စီက ကျွန်မ ဘာများထပ်ပြီးမျှော်လင့်နေရဦးမှာလဲ....



နောက်ဆုံးတော့ သူ ကျွန်မကို မေးခွန်းတစ်ခု မေးလာတယ်။ "ငါဘယ်လိုလုပ်ပေးရင် မင်းရဲ့စိတ်တွေကို ပြောင်းလဲနိုင်မလဲ" တဲ့။



လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ပြင်လို့ မရရိုးထုံးစံပဲမဟုတ်လား...။ သူ့ အပေါ်မျှော်လင့်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ချက်တွေလည်း ပျောက်ဆုံးကုန်ပါပြီ။



သူ့ မျက်ဝန်းတွေထဲကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ကျွန်မဖြေလိုက်တယ်။ "ကျွန်မမေးခွန်းတစ်ခုမေးမယ်။ ဒါကို ရှင်အဖြေပေးနိုင်ရင် ကျွန်မ နှလုံးသားကို ပြန်ပြီးလှုပ်ခတ်နိုင်ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုပြင်လိုက်မယ်..."



"တောင်ထိပ်ဖျားမှာရှိနေတဲ့ ပန်းတစ်ပွင့်ကို ကျွန်မလိုချင်တယ်... အဲဒီပန်းပွင့်ကို ခူးလိုက်ရင် ရှင်သေရလိမ့်မယ် ဆိုတာလည်း ကျွန်မတို့ နှစ်ယောက်လုံး သိနေကြတယ်ဆိုပါတော့... ဒါဆို ဒီပန်းကို ရှင်ကျွန်မအတွက် ခူးပေးနိုင်မလား" ။



သူပြန်ဖြေတာကတော့ ...."မနက်ဖြန်ကျရင် မင်းကို ငါအဖြေပေးမယ်" ဆိုတာပဲ။ သူ့ စကားကိုကြားလိုက်တဲ့ တခဏမှာပဲ ကျွန်မရဲ့မျှော်လင့်ချက်တွေ စုန်းစုန်းမြုပ်သွားတယ်။

မနက်အိပ်ရာနိုးတော့ သူမရှိတော့ပါဘူး။ အိမ်ရှေ့ တံခါးနားက စားပွဲပေါ်မှာ နွားနို့ ခွက်နဲ့ ဖိထားတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကိုပဲ ကျွန်မတွေ့ ရတယ်။



စာထဲမှာရေးထားတာကတော့.. "အချစ်ရယ်... ငါမင်းအတွက် အဲဒီပန်းပွင့်လေးကို မခူးပေးနိုင်ပါဘူး။ ဘာကြောင့်ငါဒီလိုပြောတယ်ဆိုတာကိုတော့ ငါ့ကို ရှင်းပြခွင့်ပေးပါ....။"



ပထမ စာတစ်ကြောင်းနဲ့ တင် ကျွန်မနှလုံးသားတွေ ကွဲကြေကုန်ပါပြီ။ စာကိုဆက်ဖတ်လိုက်ပါတယ်။



" မင်း ကွန်ပျူတာ သုံးတဲ့အခါတိုင်း ကွန်ပျူတာ ပရိုဂရမ်တွေအားလုံး ကမောက်ကမနဲ့  ရှုပ်ထွေးကုန်တယ်လေ... အဲဒီနောက် မင်း ကွန်ပျူတာဖန်သားပြင်ရှေ့ မှာငိုတော့တာပဲ။ ဒီပရိုဂရမ်တွေ နေသားတကျ ပြန်ဖြစ်အောင် မင်းကိုကူဖို့ အတွက် ငါ့လက်ချောင်းလေးတွေရှိနေမှရမယ်။ "



"မင်းအပြင်သွားတိုင်း အိမ်သော့ကို အမြဲမေ့ထားခဲ့တတ်တယ်နော်။ အဲဒီအခါကျရင် မင်းအရင်အိမ်ကို ရောက်နှင့်အောင် အပြေးပြန်လာဖို့ လည်း ငါ့ ခြေထာက်တွေရှိနေရဦးမယ်။"



"မင်းက ခရီးသွားနေရတာကိုလည်း ပျော်တယ်နော်။ မြို့ အသစ်တစ်ခုကို ရောက်တိုင်း မင်းမျက်စိလည် လမ်းမှားတော့တာပဲ။ မင်းကို လမ်းရှာပေးဖို့ ငါ့မျက်လုံးတွေလည်း လိုတယ်နော်ကွာ"



"မင်းနဲ့ မင်းသူငယ်ချင်းတွေ တစ်လတစ်ခါ ဂေါက်ရိုက်သွားတိုင်းလည်း မင်းရဲ့ ကြွက်သားတွေ နာနေတတ်တယ်လေ။ ဒီတော့ မင်းရဲ့ ဗိုက်သားလေးတွေ နာနေတာကို ဖြေပေးဖို့ ငါ့ရဲ့လက်ဖနောင့်လေးကိုလည်း ချန်ထားရလိမ့်မယ်"



"မင်းက အိမ်ထဲမှာနေရတာလည်း ကြိုက်တယ်။ မင်းအရွယ်မတိုင်ခင် အိုစာသွားမှာကို ငါသိပ်စိုးရိမ်တာပေါ့။ မင်းမပျင်းရအောင်လို့ ပုံပြင်တိုလေးတွေ ဟာသလေးတွေကို ပြောပြဖို့ ငါ့ပါးစပ်ကလေးလည်း ရှိနေရဦးမယ်"



"ကွန်ပျူတာ ဖန်သားပြင်တွေက မင်းမျက်လုံးအတွက် လုံးဝမကောင်းနိုင်ပေမယ့် မင်းတစ်ချိန်လုံးကြည့်နေတယ်လေ။ ငါတို့ အိုလာတဲ့အခါ မင်းရဲ့လက်သည်းလေးတွေ ညှပ်ပေးဖို့ ...မင်းဆံပင်ဖြူတွေ နှုတ်ပေးဖို့ ငါ့မျက်လုံးလေးတွေရှိနေရမယ်မဟုတ်လား။ ကမ်းခြေမှာ လမ်းလျှောက်ထွက်တဲ့အခါလည်း မင်းလက်ကလေးကို ငါတွဲပေးနိုင်မယ်လေ။ နေရောင်အောက်က လှပနေတဲ့ သဲဖြူတွေကို မင်းနှစ်သက်တယ်လေ။ ပြီးတော့ မင်းကို ပန်းပွင့်လေးတွေရဲ့အရောင်ကို ပြောပြလို့ ရမယ်။ " "ဒါကြောင့်ပါကွာ...မင်းကို ငါ့ထက်ပိုချစ်နိုင်မယ့်သူ ရှိမယ်လို့ မသေချာသေးသ၍ မင်းပြောတဲ့တောင်ပေါ်ကပန်းကို ခူးပြီး ငါမသေပါရစေနဲ့ ဦး။"



ကျွန်မ မျက်ရည်တွေ စာရွက်ပေါ် ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာတော့တယ်။ သူ့ လက်ရေး နဲ့ မင်လေးတွေ့ စာရွက်ပေါ် ပြန့် သွားတဲ့အထိပါပဲ။ စာကို ကျွန်မ ဆက်ဖတ်ပါသေးတယ်။

"ကဲအခုလောက်ဆို မင်းလည်းစာကို ဖတ်ပြီးလောက်ပြီ။ ငါ့အဖြေကို မင်းကျေနပ်တယ်ဆိုရင်... မင်းအတွက် လတ်လတ်ဆတ်ဆတ် နွားနို့ နဲ့ ပေါင်မုန့် တွေဝယ်လာပြီး အိမ်ပြင်မှာ ရပ်နေတဲ့ ငါ့ကို တံခါးလာဖွင့်လှည့်ကွာ.."



ကျွန်မအပြေးအလွှား တံခါးသွားဖွင့်တဲ့အခါ သူ့ ရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့ မျက်နှာလေးကို တွေ့ လိုက်ရတယ်။ လက်ထဲမှာလည်း နို့ ပုလင်းတွေ၊ ပေါင်မုန့် တွေ တစ်ပွေ့ တပိုက်နဲ့ ပေါ့။ အခုတော့ သေချာသွားပါပြီ။ သူ့ လောက် ကျွန်မအပေါ် ဘယ်သူမှ မချစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ။ တောင်ပေါ်က ပန်းပွင့်လေးကိုလည်း သူ့ ဘာသာ တစ်ပွင့်တည်းရှိပါစေတော့.... ဒါဟာ ဘဝပါပဲ..အချစ်ဆိုတာလဲ ဒါပါပဲ။ ကိုယ့်အနားမှာ အမြဲတမ်းအချစ်ရှိနေတဲ့အခါ စိတ်လှုပ်ရှားတဲ့ ခံစားချက်တွေ မှေးမှိန်နေသလိုပါပဲ။ အဲဒီအခါ ငြိမ်းချမ်းမှုနဲ့ မှေးမှိန်ပျောက်ကွယ်မှုတွေ ရဲ့ကြားထဲမှာ တည်နေတဲ့ အချစ်ကို မျက်ကွယ်ပြုဖို့ ကြိုးစားတော့တာပါပဲ။



အချစ်ဆိုတာ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာပါတယ်။ အလွန်သေးငယ်ပြီးတဲ့ပုံစံ နဲ့ လည်းဖြစ်နိုင်တယ်.... သူ့ မှာစံပုံစံဆိုတာမရှိပါဘူး။ အမှေးမှိန်ဆုံးပုံစံလေးလဲ ဖြစ်နိုင်တယ်..ငြီးငွေ့ ဖွယ်ပုံစံနဲ့ ရောပေါ့။



ပန်းပွင့်တွေ...စိတ်လှုပ်ရှားစရာတွေ ဟာ အပေါ်ယံပါဆက်ဆံရေးတစ်ခုပါပဲ.. အဲဒါတွေ အားလုံးရဲ့ အတွင်းကျကျနေရာမှာတော့ အချစ်စစ်ရဲ့ အဓိက နေရာရှိနေပါတယ်။ ပြီးတော့ ဒါဟာ ဘဝပါပဲ.... 

facebook က ကိုမြားနတ်မောင်ရဲ့ စာလေးကို ဝေမျှလိုက်ခြင်းဖြစ်ပါတယ်...
ဖတ်နေရင်း အသဲကြွေကျမတတ်ခံစားရလို့ ပါ... ဖတ်ပြီးသူများရှိရင်လည်း ပြန်လည်ပြီး ခံစားပေးကြပါလို့ ....

MR L0N3LY

ခံစားဖွယ် ဘ၀သုခ

ဘ၀သည် လူ၏ မြတ်နိုးစရာ အကောင်းဆုံးသော ပိုင်ဆိုင်မှု ဖြစ်၏။ သို့သော် မကိုင်တွယ် မဖြေရှင်းနိုင်သော ပြဿနာများ၊ ဆင်းရဲပြင်းထန်သည့် ၀န်ထုပ်ဝန်ပိုးများနှင့် တွေ့ကြုံ ရင်ဆိုင်ရသောအခါ ထိုဘ၀သည် မနှစ်သက်ဖွယ် ၀န်ထုပ်ဝန်ပိုး ဖြစ်လာ၏။ တစ်ခါတစ်ရံ၌ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံခြင်းဖြင့် ပုဂ္ဂိုလ်ရေး အကြပ်အတည်း အားလုံး ပြေလည်သွားလေမည့်အလား လူသားသည် သူ့ဘ၀ကို အဆုံးစီရင်ကာ သက်သာရာ ရှာတတ်၏။

ကိုယ်ကာယတို့ကို တန်ဆာဆင်ပြီး နှစ်သက်မြတ်နိုးကြ၏။ နှစ်သက်ဖွယ်ကောင်းသော၊ စွဲမက်ဖွယ်ဖြစ်သော၊ ဆွဲဆောင်မှုရှိသော ထိုထို ရူပကာယတို့သည် အသက်အရွယ် နှင့် ရောဂါဘယတို့ကြောင့် ပုံပျက်ပန်းပျက် ဖြစ်လာသောအခါ အလွန်အမင်း စက်ဆုပ်ဖွယ်ရာများ ဖြစ်လာ၏။

လူတို့သည် နှစ်သက် ပျော်မွေ့ဖွယ်ရာများ ၀န်းရံလျက်၊ ချစ်ခင် နီးစပ်သူတို့နှင့်အတူ အေးချမ်း ပျော်ရွှင်စွာ အသက်ရှင်လိုကြ၏။ သို့သော် ကြမ္မာဆိုးများကြောင့် ကောက်ကျစ်သော လောကသည် လူတို့၏ မျှော်လင့်ချက် တောင့်တချက်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်လာလျှင် ရှောင်လွှဲ၍ မရသော ပူဆွေးမှုသည် မဖော်ပြနိုင်လောက်အောင်ပင် ဆိုးရွား ပြင်းထန်လာ၏။

သေသပ်လှပသော အောက်ဖော်ပြပါ ပုံပြင်သည် ဘ၀၏ မတည်မြဲသော သဘာဝနှင့် ဆွဲဆောင် ဖြားယောင်းတတ်သော နှစ်သက်ဖွယ် အာရုံတို့ကို အချက်ကျကျ သရုပ်ဖော်ပြနိုင်၏။

တောနက်တစ်ခုအတွင်း ခရီးနှင်နေသူ လူတစ်ယောက်ကို ဆူးများ ကျောက်တုံးများဖြင့် ၀န်းရံထား၏။ ရုတ်တရက် သူ အံ့သြတုန်လှုပ်သွားအောင် ဆင်တစ်ကောင် ရောက်လာပြီး သူ့ကို လိုက်၏။ ထိုသူသည် အထိတ်တလန့် ထွက်ပြေးပြီး ရေတွင်းတစ်ခုကို တွေ့ရသောအခါ ပုန်းနေရန် ထိုရေတွင်းထဲ ပြေးဝင်လိုက်၏။ သို့သော် ရေတွင်း အောက်ခြေ၌ မြွေပွေးတစ်ကောင်ကို တွေ့လိုက်ရသောအခါ ထိတ်လန့်ရပြန်၏။ သို့သော် တစ်ခြားလွတ်လမ်း မရှိသောကြောင့် ရေတွင်းထဲ ခုန်ချလိုက်၏။ ရေတွင်းထဲ၌ ပေါက်နေသော ဆူးထူထပ်သည့် နွယ်တစ်ခုကို ဆွဲမိ၏။ အပေါ်သို့ မော့ကြည့်လိုက်ရာ နွယ်ကို ကိုက်ဖြတ်နေသည့် ကြွက်နှစ်ကောင်ကို တွေ့ရ၏။ ကြွက်ဖြူတစ်ကောင် နှင့် ကြွက်နက်တစ်ကောင် ဖြစ်၏။ သူ့မျက်နှာ၏ အထက်၌ ပျားအုံးတစ်အုံ ရှိ၏။ ထိုပျားအုံမှ တခါတခါ ပျားရည်စက်များ ယိုစီးကျနေ၏။ ထိုသူသည် ပြုတ်ကျတော့မည့် အခြေအနေကို မိုက်မဲစွာ မေ့ထားပြီး ပျားရည်ကို လောဘတကြီး အရသာခံနေ၏။ သူ့ကို သနားသူ တစ်ယောက်က လွတ်မြောက်မည့် လမ်းကို ညွှန်ပြရန် စေတနာ့ဝန်ထမ်း လာ၏။ သို့သော် လောဘသားသည် သူ့စိတ်ကြိုက် ကျေနပ်အားရသည်အထိ ခံစားခွင့် ပေးပါရန် တောင်းပန်နေ၏။

ဆူးခင်းသောလမ်း ဟူသည်ကား သံသရာ၊ ဘ၀ပင်လယ် ဖြစ်၏။ လူ့ဘ၀ဟူသည် ပန်းမွေ့ရာ မဟုတ်။ လူ့ဘ၀ဟူသည် အခက်အခဲများ နှင့် ကျော်လွှားရမည့် အဆီးအတားများ ၀န်းရံနေ၏။ ဆန့်ကျင်ဘက် နှင့် မတော်မတရား နှိမ်ချဝေဖန်မှုများ ၀န်းရံနေ၏။ ထိုးနှက် တိုက်ခိုက်မှုများနှင့် သည်းခံရမည့် စွက်ဖက်မှုများ ၀န်းရံနေ၏။ ဤကား ဆူးခင်းသော ဘ၀လမ်းပေတည်း။

ဆင်သည် သေခြင်းတရားနှင့် တူ၏။ မြွေပွေးသည် အိုမင်းရင့်ရော်မှုနှင့် တူ၏။ နွယ်သည် မွေးဖွားမှု ဇာတိနှင့် တူ၏။ ကြွက်နှစ်ကောင်သည် နေ့နှင့်ညတို့နှင့် တူ၏။ ပျားရည်စက်တို့သည် မတည်မြဲသည့် ကာမချမ်းသာတို့နှင့် တူ၏။ သနားကြင်နာတတ်သောသူ ဟူသည်ကား ဘုရားရှင်ပင် ဖြစ်၏။

ရုပ်ဝတ္တုချမ်းသာဟု ဆိုအပ်သော အရာကား အလိုဆန္ဒ အားရနှစ်သက်မှုသာ ဖြစ်၏။ အလိုရှိအပ်သည်ကို ရရှိသောအခါ လိုအင်ဆန္ဒ နောက်တစ်မျိုး ဖြစ်ပေါ်လာ၏။ အလိုဆန္ဒ အားလုံးကို မဖြည့်ဆည်းနိုင်ပေ။


ငြိမ်းချမ်းကြပါစေ။

http://mrmrt.blogspot.com/ မှ ကောက်နုတ်ချက် ဖြစ်ပါသည်။
အပြည့်အစုံသို့ . . . . .