Thursday, January 13, 2011

ပညာတတ်တဲ့ သူဌေး


ဖြေ။  ။ ရှင်းရင်းနဲ့ ရှုပ်ကုန်မလားတော့ မသိဘူး။ :)

တကယ် ထိခြင်းငါးဖြာနဲ့လား။ သာဓု သာဓု သာဓု။ :)

ကျန်းမာဖို့ အရေးကြီးတာပေါ့။ သတိထားနိုင်မှ။ ဆင်ခြင်နိုင်မှ။ တန်ဆေးလွန်ဘေး။ နေကောင်းပါ့။ သေကံမရောက် သက်မပျောက်။ အရင်လကတော့ ရွာပြန်ရင်း တွေ့မရှောင် အကုန်စားပြီး ဖျားခဲ့သေးတယ်။

စာတွေဖတ်ရတာ အနှစ်သာရ အရမ်းရှိပါတယ်ဆိုတော့ ၀မ်းသာစရာပေါ့။ မိဘနဲ့ သားသမီးတို့ရဲ့ ဆက်ဆံရေး ပို့စ်လေးက မှီးတဲ့ဟာလေးပါ။ မူရင်းကတော့ အတော်လေးကောင်းတယ်။

ကွန်ပျက်တာပြဿနာလား။ ကိုဧကရာဇ်ကြီးလည်း ပါသေးတာလား။ “တော်နဲ့မချက်လို့ ဘယ်သူနဲ့ ချက်ရမှာတုန်း တော့”လို့ ပြန်အော်လိုက်ရောပေါ့။ ကိုယ်က မငေါက်လို့ သူက ရစ်တာနေမှာ။ ရန်ကုန်မှာတုန်းကတော့ ၀င်းဒိုးတင်ရတာ တော်တော်လွယ်တယ်။ ခိုးကူးခွေတွေ ပေါတာကိုး။ တစ်နေ့ထဲ သုံးခါထိ တင်ဖူးတယ်။ ဘာခက်တာမှတ်လို့။ “Next” နဲ့ “Ok”ပဲ နှိပ်ရတဲ့ဟာကို။ ၀င်းဒိုး ကိုယ့်ဟာကိုယ် တစ်ခါတင်ဖူးရင် ခဏခဏ တင်ချင်နေတာ။  စက်က ဟောင်းလို့ မကောင်းလေလေ ကောင်းလာနိုးနိုး ၀င်းဒိုးတင်ချင်လေပဲ။ နောက်တစ်ခါ ကိုယ့်ဟာကိုယ်လုပ်။ အင်းလေ . . . အလုပ်သဘော နဲ့ ရင်းနှီးမှုသဘော သဘောတရားချင်း ဘယ်တူနိုင်ပါ့မလဲ။ နားလည်းလိုက်ပါ။ ဟုတ်တယ်။ သူငယ်ချင်းဆိုတာ ကူညီတတ်ရင် ပိုပြီး ချစ်ခင်လေးစားစရာကောင်းတယ်။ ကွန်ပျက်တာက တော်တော်ဟောင်းနေပြီဆိုရင် နောက်လည်း ပျက်အုံးမှာဆိုတော့ သူငယ်ချင်းကို အပီပေါင်းထားပေါ့။ အဲဒီ ကွန်ပျူတာ ဟောင်းပေမယ့် မပစ်လိုက်နဲ့။ သားစဉ်မြေးဆက် ဆုချလို့ရအောင် သိမ်းထား။

ဟုတ်တယ်။ မျှဝေပေးချင်တဲ့ စေတနာကို သဘောကျလို့ အကြင်နာနန်းတော်ကို မျက်စိကျခဲ့တာ။ အားလုံးရဲ့ စေတနာ နဲ့ စွမ်းအားကြောင့်ပေါ့လေ။ လေးလသား ဆိုပေမယ့် တော်တော်လေး လောက်လောက်လားလား ရှိနေပြီ။

ကြုံကြိုက်တုန်း အားလုံးကို လေးစားအပ်ပါကြောင်း ထည့်ပြောတတ်တာကို လေးစားပါတယ် ဗျား။

- နည်းပညာ ဗဟုသုတလှူဒါန်းခြင်း၊
- ဆုတောင်းခြင်း၊
- အကျိုးပေးခြင်း။

အသိပညာ အတတ်ပညာ ဗဟုသုတကို ဖြန့်ဝေပေးတာဟာ မြင့်မြတ်တဲ့ ကုသိုလ်ပါ။ စိတ်ထားချင်း တူတယ်ဆိုရင် ပစ္စည်းကို လှူတာထက် ကိုယ်သိထားတာကို မျှဝေတာ သင်ပြပေးတာ ပြောပြပေးတာက ပိုပြီး မြင့်မြတ်တာပေါ့။ "တရားအလှူသည် အမြတ်ဆုံး အလှူ"လို့ ဘုရား ဟောတာပဲ။ နည်းပညာဟာ ဘုရားဟောတဲ့ တရားတော် မဟုတ်ပေမယ့် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကောင်းရာကောင်းကြောင်း အသုံးချနိုင်တာမို့၊ ဘုရားဟော တရားတော်ကို နည်းပညာနဲ့ ဖြန့်ဝေနိုင်တာမို့ "နည်းပညာ ဗဟုသုတလှူဒါန်းခြင်းသည် အမြတ်ဆုံး အလှူတစ်မျိုး"လို့ ဆိုနိုင်တာပေါ့။


ကုသိုလ်ကောင်းမှု တစ်မျိုးမျိုး ပြုလုပ်ရင် ဆုမတောင်းလည်း ကောင်းကျိုးရပါတယ်။ ဆုတောင်းရင်တော့ ပိုကောင်းတာပေါ့။ ကုသိုလ်လုပ်ပြီး ဆုတောင်းတယ်၊ ရည်ရွယ်ချက်နဲ့ ကုသိုလ်လုပ်တယ်ဆိုရင် ကုသိုလ်အလုပ်ကို လေးလေးနက်နက် လုပ်ဖြစ်တဲ့အတွက် အကျိုးပေး ပိုပြီး ထက်သန်ပါလိမ့်မယ်။


အလှူရေစက် လက်နဲ့မကွာ လှူလာကြတာ ကောင်းတဲ့ အစဉ်အလာပေါ့။ အဲဒါက ပစ္စည်းအလှူ။ ခုလို လုပ်အားဒါန ပညာဒါနလေးတွေလည်း အလှူတစ်မျိုး ကုသိုလ်တစ်မျိုး ဖြစ်ပါတယ်။ ကုသိုလ်ဆိုတာကတော့ များလေကောင်းလေ မဟုတ်လား။ တတ်နိုင်သလောက် ပစ္စည်းလည်းလှူပေါ့။ တတ်နိုင်သလောက် အသိပညာ ဗဟုသုတလည်း ဖြန့်ဝေပေါ့။

ဝတ္ထုပစ္စည်းကို ပေးလှူတာက လောဘကို လျှော့ချတာ။ အကျိုးအနေနဲ့ ကြွယ်ဝချမ်းသာမယ်။ အသိပညာကို ဖြန့်ဝေတာ သင်ပေးတာ (အသိပညာကိုလှူတာ)က မောဟကို လျှော့ချတာ။ အကျိုးအနေနဲ့ ပညာတတ်မယ်။ နှစ်ခုစလုံး အကောင်းချည်းပဲ။ ဘယ်ဟာက ပိုကောင်းသလဲ။ ဘယ်ဟာကို ပိုကြိုက်သလဲ။ နှစ်ခုလုံး မကြိုက်ဘူးလား။

ကုသိုလ်နှစ်မျိုးကြောင့် ရရှိမယ့် အကျိုးနှစ်မျိုးကို ပတ်ချာလှည့် တွဲစပ်ကြည့်ရင် အကျိုးလေးမျိုး ဖြစ်လာမယ်။
- ပညာတတ်တဲ့ သူဌေး၊
- ပညာမတတ်တဲ့ သူဌေး၊
- ပညာတတ်တဲ့ လူမွဲ၊
- ပညာမတတ်တဲ့ လူမွဲ။

ဒီလေးမျိုးထဲမှာ "ပညာတတ်တဲ့ သူဌေး"ဖြစ်ရတာ အကောင်းဆုံးပေါ့။ အကောင်းဆုံးအကျိုး ရဖို့ ကုသိုလ်နှစ်မျိုးလုံး လုပ်ပေတော့။ ပညာ ဘယ်လောက်တတ်မလဲ၊ ပစ္စည်း ဘယ်လောက်ချမ်းသာမလဲ ဆိုတာကတော့ ကုသိုလ်နှစ်မျိုးကို ဘယ်လို ထက်ထက်သန်သန် စင်စင်ကြယ်ကြယ် မွန်မွန်မြတ်မြတ် ပြုလုပ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။

ငြိမ်းချမ်းကြပါစေ။

နည်းပညာလှူတန်းမျှဝေခြင်း နဲ့ ဆုတောင်းခြင်း အကျိုးပေးခြင်း

ဘုန်းဘုန်း အရှင်အာစာရ ဘုရား ..တပည့်တော် ထိခြင်းငါးဖြာနဲ့ ရိုသေစွာရှိခိုးလိုက်ပါတယ်ဘုရား။
တပည့်တော် ခုတလော ကျန်းမာရေးသိပ်မကောင်းတော့
ဘုန်းဘုန်း နဲ့ မတွေ့ဖြစ်ဘူးလေဘုရား။ ဘုန်းဘုန်းကော နေကောင်းပါရဲ့လားဘုရား။
ဘုန်းဘုန်းရေးတဲ့ စာတွေဖတ်ရတာ အနှစ်သာရအရမ်းရှိပါတယ်ဘုရား။
မိဘနဲ့ သားသမီးတို့ရဲ့  ဆက်ဆံရေး ပို့စ်လေးလည်း အတော်လေးကောင်းပါတယ်။

ဘုန်းဘုန်းနဲ့ မတွေ့တာလည်းအတော်ကြာပြီဆိုတော့ အရင်နေ့က တပည့်တော်ရဲ့ အဖြစ်လေးတစ်ခုကို
ဒီကနေပဲပြောပြပြီး သိချင်တာလေး မေးပါရစေဘုရား(အရှည်ကြီးမမေးပါဘရား သုံးမျက်နှာလောက်ပါပဲ:) ..)

ဒီလိုပါဘုန်းဘုန်း တပည့်တော်ရဲ့ ကွန်ပြူတာက( ဟိုး ဘိုးတော်ဘုရားလက်ထက်ကတည်းကစက်လို့ပြောရမယ်)
ဆယ်တန်းအောင်လို့ ဖေဖေက ဆုချထားတဲ့စက်လေ..:) မော်ဒန်တွေ မော်ဒယ်တွေကတော့ပြောစရာမရှိအောင်ပေါ့...:P
အဲဒီတော့ တခုခုသုံးမယ်ဆို စက်ကဟန်း ကွန်ကစုတ် နဲ့ ဒီကြားထဲ ချစ်သူကိုဧကရာဇ်ကြီးက သူမေးတာချက်ချင်းပြန်မပြောနိုင်လို့
ဘယ်သူနဲ့ချက်နေတုံး..ဘာတုံးနဲ့ အတော်လေးကိုဖြေရှင်းနေရတော့ စိတ်ပေါက်ပေါက်နဲ့ ကိုဧကရာဇ်ရဲ့အကြံ ပေးချက်အရ၀င်းဒိုးချလိုက်ရော..
တစ်ခါမှ ကိုယ်တိုင်မချဖူး မတင်ဖူးတော့စက်ကဆိုင်ရောက်သွားပါတယ်ဘုရား..:).အဲလောက်ကိုကျွမ်းကျင်တာလေ..

အဲဒီမှာ တပည့်တော်စိတ်နဲ့နှိုင်းပြီးတော့ပေါ့ ..၀င်းဒိုးတင်တာ စာတွေ့ပဲရှိတယ် လက်တွေ့မတင်တတ်လို့ ၀င်းဒိုးတင်နည်းလေးကို
အကိုအနေနဲ့ မျက်စိရှေ့မှာ လုပ်ပြ..လိုက်မှတ်ချင်တယ် လို့ အရင်ဖုန်းဆက်ပေး မေးမိပါတယ်..ဘာပြောလိုက်လဲဆိုတော့..
ညီမလေး တကယ်သင်ချင်ရင် C+ ကိုအစအဆုံးသင်မှ သင်တန်းကြေးက တစ်လအပြီး ငါးသောင်းတဲ့..လေ
အဲဒါနဲ့ တပည့်တော်လည်း အိမ်ကတူတော်မောင်ကိုမုန့်ဖိုးပေးပြီး ဆိုင်ပဲ ပို့ခိုင်းလိုက်ရပါတယ်။ဖြစ်ချင်တော့ စက်က ပြန်ရောက်လို့
အင်တာနက်ချိတ်မရဖြစ်နေပြန်ရော..ဒါနဲ့ဖုန်းဆက်ပြီး ဘယ်နေရာမှာဘာလုပ်ရမယ်ပြောပြ လာရတာဝေးတယ်ဆိုပြန်တော့လဲ..
အကိုတို့က နတ်ဝပ်ချိတ်ပေးရင် တစ်သောင်းသပ်သပ်ထပ်ယူ ပါတယ်တဲ့..ကဲ ဘယ်လောက်ကို ဗမာအခြင်း မြန်မာပြည်ထဲမှာ
နည်းပညာလေး တစ်ခွန်းစ နှစ်ခွန်းစ ပြောပြရမဲ့ ကိစ္စလေး ဘယ်လောက်ထိကပ်တွက်နေလဲဆိုတာ သိရတော့...အသိသူငယ်ချင်းကို
ဖုန်းဆက်ခေါ်ပြီး လာလုပ်ပေးလို့ပြောရတာပေါ့..ဘာမှကိုမကြာပါဘူး တစ်မိနစ်လေးတောင်မကြာဘူး IP နံပါတ်လေးကို ထည့်လိုက်ရုံပဲ
နတ်ဝပ်ကတန်းချိတ် သွားတယ်လေ..ကော်ဖီတခွက်အတင်းတိုက်လို့သောက်သွားလေ၇ဲ့ .ဘာပိုတ်ဆံမှမယူပဲ တက်စီခအကုန်ခံပြီး
လာလုပ်ပေးတဲ့သူငယ်ချင်းကိုလည်း လေးစားမိပါတယ်။

တပည့်တော်ချစ်သူ ကိုဧကရာဇ်ကို လည်းအရမ်းလေးစားသွားမိပါတယ်..သူ့စိတ်ထားက ဒီအကြင်နာနန်းတော်ဆိုက်ဒ်လေးကနေ နည်းပညာ
ဗဟုသုတ အစုံ တရားနဲ့ဆိုင်တာ အဆုံး ရုပ်ရှင်ဇာတ်လမ်း ကဗျာ ပါမကျန်အောင် မျှဝေပေးချင်တဲ့စေတနာ ကိုယ်မသိရင် သူများတွေကိုမေးပြီးပြော
ပြမယ်ဆိုတဲ့ ကူညီချင်စိတ်လေးတွေနဲ့ ဒီအကြင်နာနန်းတော်လေးကို တပည့်တော်တို့တိုင်ပင်ပြီး အစပျိုးခဲ့တာဆိုရင် လေးလလောက်ပဲရှိ
ပါသေးတယ်ဘုရား။။

အဲဒီမှာ အဓိကကျတဲ့ ဘုန်းဘုန်းအပါအ၀င် ကိုကြီးမြွေ တောင်ကြီးသားလေး နဲ့ ပို့စ်တွေကိုအချိန်အားရင်အားသလိုတင်ပေးနေတဲ့တခြားမန်ဘာဝင်သူငယ်ချင်းတွေကိုလည်း တပည့်တော် လေးစားချီးကျူးမိပါတယ်။
သူတို့ကိုလည်းအတုယူမိပါတယ်။


ဒီအကြောင်းတွေတိုက်ဆိုင်လာတော့ ဘုန်းဘုန်းကို အပူကပ်ရင်း အွန်လိုင်းပေါ်မှာ အချိန်ကုန်ခံပြီး နည်းပညာ ဗဟုသုတလေးတွေ မျှဝေ
ပေးနေကြတဲ့ နည်းပညာရှင်တွေကိုလည်းအကြင်နာနန်းတော်ကိုယ်စား ဧကရီ လေးစားအပ်ပါကြောင်းပြောကြားလိုပါတယ်ရှင့်။

နောက်ရက်တွေဘုန်းဘုန်းအားရင် တပည့်တော်တို့ အကုန်လုံးသိသင့်တဲ့ နည်းပညာ ဗဟုသုတလှူတန်း ခြင်း.။
ဆုတောင်းခြင်း။ အကျိုးပေးခြင်း။ဆိုတဲ့ အဓိက သဘောတရားလေးတွေရဲ့  သဘောသဘာဝ လေးကို တရားနဲ့ယှဉ်ပြီးရှင်းပြပေးပါအုံး ဘုရား။

တပည့်တော်တို့ ရှမ်းစကားပုံလေးတစ်ခုပေါ့နော် ဘုန်းဘုန်းလည်းကြားဖူးပါလိမ့်မယ်(တစ်မူးရှိလို့ တစ်ပဲလှူ ဒို့ရှမ်း
တောင်သူ မှီနိုင်အုံးမလား) ဆိုတဲ့ စကားပုံလေးပေါ့ဘုရား။
တပည့်တော်တို့မြန်မာလူမျိုးတိုင်းပေါ့. မိဘဘိုးဘွားလက်ထက်ကတည်းက အလှူရေစက်လက်နဲ့မကွာလှူလာကြတော့ ဘုရားကျောင်းကန်ဇရပ် ရဟန်းသံဃာတော်တွေကို
မိမိ ကိုယ်ကိုအလှူရှင်ဘယ်တော့မှဖြစ်နိုင်မလဲ.?
ဘယ်တော့များမှ ဘုရားဒကာကျောင်းဒကာ ဖြစ်နိုင်ပါ့မလဲ?.
ဒီဘ၀တော့ ဒီလောက်ဆင်းရဲနေတာ ဘယ်ငွေနဲ့ သွားလှူမှာလဲ?စသဖြင့်ပေါ့ အပြောမျိုး အတွေးမျိုးတွေ ရှိတတ်ကြပါတယ်။
တပည့်တော်သိသလောက်ပေါ့ မရှိလို့မလှူ မလှူလို့ မရှိ ဆိုတဲ့စကားလို ငွေရှိမှ အလှူမြှောက်တာမဟုတ် လုပ်အားဒါန ပညာဒါနလေးတွေလည်း
အလှူတစ်မျိုးဆိုတာ ရှင်းပြ ပြောပြပေးပါဘုရား။


***ဧကရီ***