Sunday, November 7, 2010

ရတနာတို့ရဲ့ ဘုရင်

ကမ္ဘာပေါ်ရှိ သဘာဝတွင်းထွက် ကျောက်မျက်ရတနာများအနက် စိန်ဟာ တန်ဖိုး အကြီးဆုံးနဲ့ ရှားပါးတဲ့ ကျောက်မျက်ရတနာ တစ်ပါး ဖြစ်ပါတယ်။ မာခြင်းအဆင့် ၁၀ ရှိတာကြောင့် `ကျောက်မျက်ရတနာတွေရဲ့ ဘုရင်’ လို့လည်း ခေါ်စမှတ်ပြုကြပါတယ်။
သူမဘဝကောက်ကြောင်း
စိန်ဟာ ဓာတုဗေဒအရပြောရရင် ကာဗွန်ဓာတ်ပြုခြင်းဖြင့် စိန်ကို ရရှိတာ ဖြစ်ပါတယ်။ ကမ္ဘာ့မျက်နှာပြင်အောက် မိုင် ၈၀ မှ ၁၂၅ မိုင်ခန့်နက်တဲ့ မြေလွှာတွေအကြားကနေ စိန်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ပြင်းထန်တဲ့ဖိအားနဲ့ အပူရှိန်တို့ကြောင့် စိန်ဟာ ကျောက်မျက် ရတနာတွေထဲမှာ အမာဆုံးဖြစ်နေရတာလို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချထား ကြပါတယ်။ စိန်ရဲ့ အလင်းယိုင်ညွှန်းကိန်းက ၂.၄၁၇ ရှိပြီး သိပ်သည်းဆကတော့ ၃.၅၂ ရှိပါတယ်။ မီးအား ဝ.ဝ၄၄ ရှိတဲ့ မီးရောင်အောက်မှာ စိန်ကိုကြည့်ရင် စိန်အတွင်းမှာ လှပ တောက်ပြောင်တဲ့ အလင်းရောင် ခိုအောင်းနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီခိုအောင်းနေတဲ့ အလင်းရောင်ကပဲ စိန်ကို တဖိတ်ဖိတ်တောက်ပစေပါတယ်။

စိန်ကို စတင်တွေ့ရှိတဲ့ခုနှစ်ကို တိတိကျကျ မခန့်မှန်းနိုင်ပေမဲ့လည်း စတင်တွေ့ရှိ သုံးစွဲခဲ့တဲ့နေရာကတော့ အိန္ဒိယပြည်၊ ရိုလ်ကွန်ဒါ အရပ်မှာ ဖြစ်ပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၈၀ဝ ခန့်က ဟုလည်း ယူဆရပါတယ်။ ထိုစဉ်အခါက အိန္ဒိယမှာ စိုးစံခဲ့တဲ့ ဘုရင် တွေဟာ စိန်တုံးကြီးတွေကို ကံကောင်းမှု၊ ချစ်ခြင်းမေတ္တာနဲ့ ဘုန်းတန်ခိုး အာဏာကို ကိုယ်စားပြုတယ်လို့ ယုံကြည်ပြီး အမြတ်တနိုး ဆင်မြန်းခဲ့ ကြပါတယ်။ ၁၈ ရာစုမှာ အိန္ဒိယပြည်က စိန်တွင်းကြီးတွေ ကုန်ခန်းခဲ့ပြီးနောက် ဘရာဇီးနိုင်ငံမှာ စိန်တွင်းတွေ ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ နှစ်ကာလကြာတဲ့အခါမှာ ဘရာဇီးနိုင်ငံက စိန်တွင်းတွေကလည်း ကုန်ခန်းသွားခဲ့ရပြန်တယ်။ ဒီနေ့ခေတ်မှာတော့ စိန်ကို တောင်အာဖရိကမှာ အများဆုံး တွေ့ရပြီး စိန်အသေးအမွှားလေးတွေကို ဩစတြေးလျ နိုင်ငံနဲ့ အရည်အသွေးမြင့်စိန်တွေကို ကနေဒါနိုင်ငံတွေမှာ တူးဖော်ရရှိခဲ့ပါတယ်။ လက်ရာပြောင်မြောက်တဲ့ စိန်တွေကို အိန္ဒိယနိုင်ငံမှာရှိတဲ့ Cutting Centre တွေမှာ သွေးတယ်။ သွေးပြီးသားစိန်တွေကို အိန္ဒိယ နိုင်ငံကပဲ အဓိကဖြန့်ဖြူးပါတယ်။
စိန်သွေးခြင်းပညာဟာ ၁၄ ရာစုနှစ်ကတည်းက စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီခေတ်မတိုင်ခင်ကတော့ စိန်ကို စိန်ချင်း ပွတ်တိုက် အကွက်ဖော်ရပါတယ်။ ၄င်းအကွက်ဖော်တဲ့နည်းက ခက်ခဲလှတဲ့အပြင် ဖော်ယူရတဲ့အကွက်ကလည်း မပြတ်သား တာကြောင့် စိန်ရဲ့တောက်ပတဲ့အရောင်ကို လျော့ပါးစေပါတယ်။ အခု လက်ရှိ ဈေးကွက်မှာ သွေးနေတဲ့ စိန်ရဲ့မျက်နှာပြင်အကွက်က ၅၇ ကွက်၊ ၅၈ ကွက် ရှိပါတယ်။ စိန်ရဲ့မျက်နှာပြင်မှာ အရောင်များဖြာထွက် လင်းလက်ခြင်းကတော့ cutting ပေါ် အများကြီး မူတည်ပါတယ်။ အနာကင်းစင်ပြီး အရွယ်အစားကြီးမားတဲ့စိန်ဟာ အလွန်ရှားပါးပါတယ်။ ဒါကြောင့် စိန်အရွယ်အစား ကြီးတာနဲ့အမျှ စိန်ရဲ့တန်ဖိုးကလည်း မြင့်တက်လာပါတယ်။ စိန်တစ်လုံးရဲ့ အရည်အသွေးနဲ့ တန်ဖိုးကို သတ်မှတ်ရာမှာ စီလေးလုံး (C.4) အချိုးညီမျှစွာ ပေါင်းစပ် တွဲဖက်မှုပေါ် မူတည်ပါတယ်။
၎င်းတို့ကတော့
၁။ Cut လို့ခေါ်တဲ့ အကွက်ဖော်ပုံနဲ့ သွေးပုံ
၂။ Color လို့ခေါ်တဲ့အရောင်
၃။ Clearity လို့ခေါ်တဲ့ ကြည်လင်သန့်ရှင်းမှု၊ အနာအဆာကင်းစင်မှု
၎။ Carat လို့ခေါ်တဲ့ အလေးချိန် အရွယ်အစားတို့ပဲဖြစ်ပါတယ်။
အရည်အသွေးမြင့်တဲ့အကောင်းဆုံးစိန်ကို ဝယ်ယူမည်ဆိုပါက ၄င်းစီလေးလုံးကို စံချိန်အဖြစ်ထားရှိပြီး ရွေးချယ်ဝယ်ယူသင့်ပါတယ်။


ကျွမ်းကျင်သော ပန်းထိမ်ပညာရှင်များရဲ့ ပြောင်မြောက်လှပ၊ လက်ရာများဖြစ်တဲ့ စိန်ဘယက်၊ စိန်လည်ဆွဲ၊ စိန်လက်ကောက်၊ စိန်ဆံထိုး၊ စိန်ကြယ်သီးတို့ကို ဝယ်ယူသူများက ဂုဏ်ယူစွာ ဝတ်ဆင် ကြပါတယ်။
ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတယ်လို့ ယူဆပြီး အမြတ်တနိုး ဆင်မြန်းလေ့ရှိတဲ့ နဝရတ်ကိုးပါးမှာ စိန်လည်း တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ နဝရတ်ကိုးပါးမှာ ပါဝင်တဲ့ ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ ဂေါ်မိတ်၊ ဥဿဖယား၊ ပတ္တမြား၊ မြ စတဲ့ ကျောက် ကိုးပါးကို ဆင်မြန်းထားရင် ဘေးအန္တရာယ်ကို ပယ်စေတတ်တယ် လို့ အယူရှိတာကြောင့် မြန်မာလူမျိုးတို့ကလည်း စိန်ကျောက်ကို နဝရတ် ကိုးပါးမှာ ထည့်သွင်းဆင်မြန်းကြတဲ့အပြင် မိမိရဲ့ မွေးနံအလိုက် အဆောင်အဖြစ်လည်း ဝတ်ဆင်ကြပါတယ်။ စိန်ဟာ သောကြာ သားသမီးများရဲ့ အဆောင်ဖြစ်တယ်လို့လည်း သတ်မှတ်ထားကြပါတယ်။ ကျောက်မျက် ရတနာတွေမှာ ထူးခြားတဲ့ တန်ခိုးဣဒ္ဓိတွေ ရှိတယ်လို့ လူတိုင်းက ယုံကြည်စွဲလမ်းမှုတွေ ရှိနေကြပါတယ်။ ကျော်ဇောသိဒ္ဓိအတွက်လည်းကောင်း၊ လူချစ်လူခင် ပေါများစေရန် အတွက်လည်းကောင်း၊ လာဘ်လာဘ တိုးပွားစေဖို့အတွက် လည်းကောင်း၊ ကျန်းမာရေး အတွက်လည်းကောင်း၊ ပီယသိဒ္ဓိအတွက် လည်းကောင်း၊ မကောင်းတဲ့ ဂြိုဟ်ဆိုးကြမ္မာဆိုး တို့ကို ပယ်ရှား ပျောက်ကွယ်စေဖို့အတွက်လည်းကောင်း ကျောက်မျက်ရတနာတွေကို ဆောင်ထားလေ့ရှိကြပါတယ်။
ကျောက်မျက်ရတနာတွေမှာ စိန်ဟာ တန်ဖိုးကြီးခြင်း၊ တောက်ပ ခြင်း၊ မာကျောပြီး ပျက်စီးရန် မလွယ်ကူခြင်း၊ ကျစ်ကျစ်လျစ်လျစ် သိမ်းဆည်း နိုင်ခြင်း၊ ပြန်လည်ရောင်းချနိုင်ခြင်း၊ မျက်နှာပွင့်စေခြင်း၊ မကောင်းဆိုးဝါးအန္တရာယ်က ကာကွယ်နိုင်ခြင်းစတဲ့ အယူအဆရှိကြ တာကြောင့် စိန်ကို အရေးပေးပြီး ဆင်မြန်းလာကြပါတယ်။ နောက်ပြီး စိန်ကို မွေးနေ့ လက်ဆောင်၊ မင်္ဂလာလက်ဆောင်၊ မင်္ဂလာနှစ်ပတ်လည် အခမ်းအနားမျိုးမှာလည်း ချစ်ခြင်းသင်္ကေတအဖြစ် လက်ဆောင်ပေး၍ ဂုဏ်ယူတတ်ကြပြန်ပါတယ်။

အမိမဟာမြေပထဝီကြီးအတွင်းက သဘာဝအလျောက် ကျောက်အမြုတေပြုကာ ထူးခြားတောက်ပြောင်တဲ့ အလှရတနာတွေမှာ တန်ခိုးဣဒ္ဓိပါဒ်အမျိုးမျိုးကိန်းဝပ်နေပြီး အဲဒီသိဒ္ဓိအစွမ်းက အာကာသ ကောင်းကင်ပြင် ဂြိုဟ်၊ နက္ခတ်တွေနဲ့ တစ်နည်းနည်း ဆက်သွယ်မှု ရှိတယ်လို့လည်း အယူရှိကြပါတယ်။ သက်ဆိုင်ရာ ဂြိုဟ်နက္ခတ်နဲ့ ဆက်သွယ်ရာရတနာကို ဆောင်ထားခြင်းဖြင့် မကောင်းတဲ့ ဂြိုဟ်စီး ဂြိုဟ်နင်းတွေကို ဖယ်ရှားပစ်နိုင်ပြီး ကောင်းတဲ့ဂြိုဟ်ရဲ့ လွှမ်းမိုး အကျိုးပြုမှုကို ခံရမယ်လို့လည်း ယုံကြည်ကြပါတယ်။
ရတနာတို့ရဲ့ ဘုရင်ဖြစ်တဲ့ စိန်ဟာ လာဘ်အရွှင်ဆုံးရတနာဖြစ် ပြီး လူတို့ရဲ့ အချစ်ကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။ စီးပွားရေးအတွက် လာဘ်ရွှင် အခွင့်အရေးကောင်းများ ပေးနိုင်တဲ့ အပြင် စိန်ကို ထာဝရ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာရဲ့သဘောအဖြစ် မှတ်ယူကာ စေ့စပ်လက်စွပ် အဖြစ်လည်း ဝယ်ယူလေ့ရှိကြပါတယ်။ ကမ္ဘာ့အကြီးဆုံး စိန်ထုတ်လုပ် ရောင်းချတဲ့ ဒီဗီးယား ကုမ္ပဏီကြီးကိုတည်ထောင်ခဲ့သူ စီဆယ်ရိုးက `လောကကြီးမှာ အချစ်တွေရှိနေသရွေ့ စိန်တွေကတော့ ရောင်းနေရဦးမှာပဲ’ လို့ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် စိန်ရဲ့ အနာဂတ်က ဘယ်တော့မှ မှေးမှိန်စရာ အကြောင်းမရှိဘဲ စိန်ကို လိုချင်သူတွေကတော့ အမြဲတမ်းရှိနေကြဦးမှာပါ။ စိန်ရဲ့တန်ဖိုးကလည်း အမြဲတမ်းမြင့်မား နေဦးမှာပါပဲ။
Model – Melody
Gem & Jewellery – “Thaik” Diamond Shop (Bogyoke Market)
Make-Up – Seint Seint (Khin San Win)
Dress – Pyae Soe Aung
Photography – Ko Lynn (Studio K)