Wednesday, September 22, 2010

ကမ္ဘာ့အရှည်ဆုံး သခွားသီးလား။ ဗြိတိန်မှ အဖွားအိုတစ်ဦးက ရက်လွန်မျိုးစေ့မှ စိုက်ပျိုးခဲ့သော (၄၃)လက္မရှည်ပြီး လက်ရှိကြီးထွားနေဆဲ သခွားသီးကြီး။

ဗြိတိန်၊ ကင်းဘရေ့ခ်ျရှိုင်းယားနယ် ၀ှုစ်တယ်လ်ဆေးမှ ကလေရာပီယာ့စ်ဆိုသူ အဘွားအိုတစ်ဦး စိုက်ပျိုးခဲ့သော ခြံထွက်သခွားသီးတစ်လုံးမှာ (၄၃)လက်မ အရှည်ရှိပြီး ကမ္ဘာ့အရှည်ဆုံးသခွားသီးအဖြစ် မှတ်တမ်းဝင်နိုင်ရန် ဂရင်းနစ်ကမ္ဘာ့စံချိန်မှ တာဝန်ရှိသူများကို စောင့်မျှော်လျှက်ရှိသည်။

လက်ရှိကမ္ဘာ့စံချိန် အရှည်ဆုံးသခွားသီးမှာ လွန်ခဲ့သော(၂)နှစ်က အောက်စဖို့ဒ်ရှိုင်းယားမှာ ဖရန့်ဒင်းမော့ခ် စိုက်ပျိုးဖြစ်ထွန်း၍ တင်ပြခဲ့သော (၄၁.၂၅)လက္မရှည်သည့် သခွားသီးဖြစ်သည်။ မစ္စပီယာ့စ်၏ လက်ရှိ(၄၃လက္မ)သခွားသီးမှာ အပင်ပေါ်၌ ဆက်လက်ကြီးထွားနေဆဲ ဖြစ်သည်။

မစ္စပီယာ့စ်အား ဤသခွားသီးမျိုးစေ့ကို ဘယ်ကရရှိပြီး မည်သို့မည်ပုံ စိုက်ပျိုးပြုစုခဲ့ရသလဲဟူ၍ သတင်းသမားများက မေးမြန်းခဲ့ကြရာတွင် (၂)နှစ်ခန့် ရက်လွန်နေသော သခွားသီးမျိုးစေ့အိတ်တစ်ခုကို စမ်းသပ်စိုက်ပျိုးခဲ့ရာမှဖြစ်ကြောင်း အံသြဖွယ်ရာ သိရှိရသည်။


အသက်(၇၈)နှစ်အရွယ် မစ္စပီယာ့စ်က "သခွားသီးတွေကို အရင်က တစ်ခါမှ မစိုက်ပျိုးဖူးပါဘူး။ ၂၀၀၈ခုနှစ်မှ သက်တမ်းကုန်နေတဲ့ ရက်လွန်မျိုးစေ့ အိတ်တစ်အိတ်ကိုတွေ့တော့ ကျွန်မက စမ်းသပ်စိုက်ကြည့်ခဲ့တာပါ။ ထွေထွေထူးထူးလည်း ဂရုစိုက်ပျိုးထောင်မှု မလုပ်ခဲ့ပါဘူး။ စိုက်ပျိုးခဲ့ပြီးတော့ ပုံမှန်လေး ရေလောင်းပေးတာပဲ ရှိပါတယ်။ သခွားသီးတွေ အရှည်ကြီးပဲ ဖြစ်နေတာတွေ့ရတော့ ကျွန်မအံ့သြခဲ့ရတယ်။ ကြီးထွားနှုန်းကလည်း မြန်သလားမမေးနဲ့၊ မျက်စိရှေ့တင် ရှည်ထွက်လာနေသလိုပဲ"ဟု ပြောပြခဲ့သည်။

မြေး(၁၂)ယောက်ရှိသော အဖွားအိုက သူမ၏နေအိမ်ရှိ စိုက်ပျိုးရေးခြံလေးတွင် Cucumber Melonie သခွားမျိုးစေ့များကို မေလက စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး သြဂုတ်လတွင် အရှည်ဆုံးဖြစ်သော အရှည်(၄၇)လက္မ သခွားသီးတစ်လုံးမှာ အပင်မှပြုတ်ကျပြီး ရင့်ဝါသွားခဲ့ကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။ ယခုအကြိမ်ပြသသော (၄၃)လက္မရှည်သည့် သခွားသီးမှာ အပင်မှာ လက်ရှိကြီးထွားနေဆဲ ဖြစ်သည်။

"ကြွေကျသွားခဲ့တဲ့ သခွားသီးတွေကို ကျွန်မတို့ စားခဲ့ကြတော့ အရသာက ကောင်းမွန်လတ်ဆတ်ပါတယ်။ ကျွန်မတို့က တမင်ကလာ ကြီးမားတဲ့သခွားသီးဖြစ်အောင် ပြုစုခဲ့ကြတာမဟုတ်ဘဲ သူ့အလိုလို ကြီးထွားနေခဲ့တာပါ"
ဟု မစ္စပီယာ့စ်က ဆက်လက်ပြောပြသွားခဲ့သည်။