Wednesday, October 20, 2010

အဆိုတော် သရုပ်ဆောင် နန်းဆုရတီစိုး ချစ်သူနှင့် ခိုးရာလိုက်ပြေးသည် ဆိုသောကိစ္စ

မကြာသေးမီ လပိုင်းကမှ “မိုးမမြင် လေမမြင်” တစ်ကိုယ်တော် တေးစီးရီးနဲ့ ပရိသတ်အသိအမှတ်ပြုခြင်း ခံခဲ့ရပြီး ပြည်တွင်း ရုပ်သံ အစီအစဉ်တွေ၊ ဗီဒီယို ဇာတ်ကားတွေ မနားတမ်း ရိုက်ကူးနေတဲ့ သရုပ်ဆောင် နန်းဆုရတီစိုး တစ်ယောက် ပျောက်နေတယ်၊ ချစ်သူနဲ့ ခိုးရာလိုက်ပြေးသွားတာ ဖြစ်မယ် ဆိုတဲ့ သတင်းစကားတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ပျံ့နှံ့ခဲ့ပါတယ်။

ပရိသတ်တွေကြားမှာ ပျံ့ရုံတင် မကဘဲ အင်တာနက်ခေတ်ဖြစ်လို့ အွန်လိုင်းပေါ်က ချက်တင်တွေမှာ forward လုပ်ကြတဲ့ စကားစု အနေနဲ့ပါ ပျံ့နှံ့ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူမကို ပြည်တွင်းနာမည်ကြီး အနုပညာ ဂျာနယ်တစ်စောင်က ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာ သူမက အောက်ပါအတိုင်း ဖြေခဲ့ပါတယ်တဲ့။



“၈-၁၀-၁၀ ရက်နေ့က နန်းဆု ပျောက်သွားတယ် ဆိုတာ ချစ်သူနောက် လိုက်ပြေးတာ မဟုတ်ပါဘူး။ နန်းဆုလည်း စဉ်းစား ဆင်ခြင်တတ်တဲ့ အရွယ်ရောက်နေပါပြီ။ တကယ်အိမ်ထောင်ပြုမယ် ဆိုရင်လည်း အနုပညာရှင် တစ်ယောက်အနေနဲ့ ဒီလို လုပ်မှာ မဟုတ်ပါဘူး။ သင့်လဲ မသင့်တော်ပါဘူး။ အဲနေ့က ရှုတင်တစ်ခုက အပြန် အမေနဲ့ စိတ်ကောက်လို့ အဒေါ့်အိမ် သွားနေနေတာပါ။ အမေဖုန်းဆက်ရင် မလာဘူးလို့ ပြောဖို့ အဒေါ့်ကို မှာထားလိုက်တယ်။ ဒါကြောင့် အမေလဲ စိတ်ပူပြီး သက်ဆိုင်ရာကို အကြောင်းကြားလိုက်လို့ အခုလို ကောလဟာလ ထွက်ခဲ့တာပါ။ အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ မိဘနဲ့ သားသမီးကြား အခုလို ဖြစ်တတ်ပါတယ်။ စိတ်ဆိုးလဲ ခဏပဲပေါ့။ ဒါကို တစ်ချို့လူတွေက နာမည်ကြီးချင်လို့ ထွင်တယ်လို့ ပြောကြသေးတယ်။ အမှန်ကတော့ စိတ်နဲ့ကိုယ်နဲ့ လွတ်သွားတဲ့ အချိန် မတော်တဆ ဖြစ်သွားခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။



ဆက်လက်ပြီး သူမက စိတ်ပူစွာနဲ့ ဖုန်းဆက်မေးမြန်းခဲ့တဲ့ အနုပညာ မောင်နှမများ၊ ပရိသတ်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သူမ ရှုတင်တွေ သွားရင် အနားကနေ လိုက်လံစောင့်ရှောက်ဖို့ အမျိုးသမီး ဘော်ဒီဂတ်တစ်ယောက် ခန့်ထားတယ်လို့ ကြားသိရပါတယ်။


ဆေးဝါးတက္ကသိုလ်ရဲ့ ကျောင်းသူတစ်ဦး ဖြစ်ပြီး လက်ရှိမှာ မိသားစုပိုင် ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ တာဝန်ကို ယူထားကာ တစ်ဖက်ကလည်း အနုပညာ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ပြည်သူချစ်သော အနုပညာရှင် နန်းဆုရတီစိုး တစ်ယောက် ပိုမိုမြင့်မားသော အောင်မြင်မှုများကို ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။