သူငယ်ချင်းနှစ်ဦးက မိမိအခန်းထဲ တီဗီကင်မရာ လျှို့ဝှက်တပ်ဆင်၍ ယောက်ျားချင်းလိင်ဆက်ဆံခဲ့ပုံကို အင်တာနက်သို့ လွှင့်တင်ခဲ့သောကြောင့် အရှက်ကွဲခဲ့ရသူ တက္ကသိုလ်ကျောင်းသားတစ်ဦး တံတားပေါ်မှ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
အမေရိကန်နိုင်ငံ နယူးဂျာဆီပြည်နယ် Rutgers University မှ ကျောင်းသားတစ်ဦးဖြစ်သူ တိုင်လာ ကလီမန်တီ(၁၈နှစ်)မှာ ဂျော့ခ်ျဝါရှင်တန်တံတားပေါ်မှ ခုန်ချပြီး မိမိကိုယ်မိမိ သတ်သေသွားခဲ့ခြင်း ဖြစ်သည်။ သူက လူမှုရေးဝက်ဘ်ဆိုက် Facebook တွင် "GW တံတားပေါ်မှ ခုန်ချလိုက်တော့မယ်။ ၀မ်းနည်းပါတယ်"ဟု နောက်ဆုံးမက်ဆေ့ခ်ျ ရေးသားထားခဲ့သည်။
ကလီမန်တီ၏ မိသားစုရှေ့နေ ပေါလ်မိန်နာဒီက "တိုင်လာဟာ အကျင့်စာရိတ္တကောင်းမွန်ပြီး သိပ်တော်တဲ့ လူငယ်လေးပါ။ တေးဂီတဖက်မှာ သိပ်ထူးချွန်တဲ့သူငယ်ပါ။ သူ့မိသားစုဆိုရင် စကားတောင်မပြောနိုင်အောင် ၀မ်းနည်းကြေကွဲနေကြပါတယ်"ဟု ပြောကြားသွားခဲ့၏။
စက်တင်ဘာ(၂၂)ရက်တွင် ၀ါရှင်တန်တံတားပေါ်မှ တစ်စုံတစ်ဦး ခုန်ချခဲ့ခြင်းကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်နှစ်ဦးက အတည်ပြုခဲ့ကြပြီး တံတားပေါ်မှ ကလီမန်တီ၏ ပိုက္ဆံအိတ်ကို တွေ့ရှိခဲ့ရသည်။ သူ၏ယဉ်မောင်းလိုင်စင်နှင့် တက္ကသိုလ်ကျောင်းသားကဒ်တို့ကို အိတ်ထဲမှတွေ့ရှိခဲ့ကြသည်။ သူ၏ရုပ်အလောင်းမှာမူ မည်သူမည်ဝါဟု မမှတ်မိနိုင်လောက်အောင် ပျက်စီးနေသည်။
ကလီမန်တီ၏ အခန်းဖော်သူငယ်ချင်း Dharun Raviနှင့် Molly Wei တို့အား သူတစ်ပါး၏ သီးခြားလွတ်လပ်မှုကို ကျူးကျော်ဝင်ရောက် နှောက်ယှက်မှုဖြင့် တရားစွဲဆိုထားပြီး အပြစ်ရှိကြောင်း ထင်ရှားပါက ထောင်ဒါဏ်(၅)နှစ် ကျခံရမည်ဖြစ်သည်။ သူတို့နှစ်ယောက်မှာ ကလီမန်တီ၏အခန်း၌ ကင်မရာတပ်ဆင်ထားခဲ့ပြီး ရိုက်ကူးသည့်ပုံများကို အင်တာနက်သို့ တိုက်ရိုက်လွှင့်တင်ခဲ့ကြောင်း စွဲဆိုခံထားရခြင်း ဖြစ်သည်။
Ravi၏ Twitter ၀က်ဘ်ဆိုက်တွင် စက်တင်ဘာ(၁၉)ရက်နေ့၌ "အခန်းဖော်က ညသန်းခေါင်ထိ အခန်းကို သူပဲသုံးပါရစေတဲ့။ ကျွန်တော် Mollyရဲ့အခန်းက ကျွန်တော့်ရဲ့webcamကို ကြည့်လိုက်တော့ အခန်းဖော်က ကောင်လေးတစ်ယောက်နဲ့ ဆက်ဆံနေကြတာ မြင်ရတော့တာပဲ"ဟု ရေးသားထားခဲ့သည်။
မိန်းမလျှာအခွင့်အရေးအုပ်စု Garden State Equality၏ ဥက္ကဋ္ဌဖြစ်သူ စတီဗင် ဂိုးလ်စတိန်းက ကလီမန်တီ၏ သေဆုံးမှုကို သူတို့အုပ်စုက မုန်းတီးစက်ဆုတ်ဖွယ်ရာ ရာဇ၀တ်မှုတစ်ခုဟု သုံးသပ်ကြောင်း ပြောကြားသွားခဲ့သည်။ စတီဗင်က "သိပ်တော်တဲ့၊ ထူးချွန်တဲ့ ကျောင်းသားလေးတစ်ယောက်၊ ကြင်နာတတ်တဲ့ လူငယ်လေးတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့အားလုံး ကြေကွဲရပါတယ်။ ဒီလိုဖြစ်ရပ်ကြောင့် ကျွန်တော်တို့ရဲ့ အသိုင်းအ၀ိုင်းက လူတွေကိုလည်း သတိပေးလိုက်ပါတယ်။ ဗီဒီယိုခိုးရိုက်ခဲ့ကြတဲ့ ဒီကျောင်းသားတွေကို ပြင်းထန်စွာ အရေးယူရပါမယ်။ သူတို့ဟာ သူများတကာရဲ့ ဘ၀တွေကို အားကစားလိုသဘောထားလို့ ဖျက်ဆီးနေကြတာပေါ့လေ"ဟု ပြောကြားသွားခဲ့သည်။
http://www.mmdailynews.com/မှ ကူးယူဖော်ပြသည်