Thursday, October 14, 2010

အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ တန်ဖိုးရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို ထိုင်း-အီတလီ ပူးတွဲကုမ္ပဏီက တည်ဆောက်ပေးသွားမည်


သင်္ဘောဆိပ်ကမ်း၊ အကြီးစားနှင့် အလတ်စား စက်ရုံများ ရေနံလှောင်ကန်များ နှင့် ကျောင်းများ ဆူပါမားကတ်များ၊ ပန်းခြံများ၊ ကွန်ဒိုတိုက်ခန်းများ ပါဝင်သော မြို့တစ်မြို့တို့ပါဝင်သော ဇုန်ငါးဇုန် ခွဲခြား ထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို ထိုင်းနှင့် အီတလီ ပူးတွဲကုမ္ပဏီ မှ အမေရိကန် ၁၃ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။

ဇုန်ငါးဇုန် ခွဲခြားထားသော ထိုင်းဘတ် ၄၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ) တန်ဖိုးရှိ အဆိုပါ စီမံကိန်းကို ထိုင်းနှင့် အီတလီ ပူးတွဲကုမ္ပဏီ မှ အကုန်အကျခံကာ တည်ဆောက် ပေးသွားမည်ဟု ရိုက်တာသတင်းဌာန၏ သတင်းတစ်ပုဒ်အရ သိရှိရသည်။

ဇုန်အေ တွင် သဘောင်္ဆိပ်ကမ်း၊ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ ၊ ဇုန်ဘီတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းများ၊ ကျောက်မီးသွေး သန့်စင်စက်ရုံ၊ ရေနံချက်စက်ရုံ၊ ရေနံသိုလှောင်ကန်များနှင့် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ဇုန်စီတွင် ရေနံလုပ်ငန်းများနှင့် ရေနံတင်သင်္ဘောများ ချိတ်ဆက် အသွင်းအထုတ် ပြုလုပ်နိုင်သော ရေနံလှောင်ကန်များ စသော အကြီးစားစက်မှုလုပ်ငန်းများ ပါဝင်မည် ဖြစ်သည်။



ဇုန်ဒီတွင် ကားနှင့် ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံများ၊ သစ်နှင့် အထပ်သားစက်ရုံ၊ ဇုန်အီးတွင် ဆေးဝါးစက်ရုံ၊ အီလက်ထရောနစ်ပစ္စည်း စက်ရုံ စသော လူသုံးကုန်ပစ္စည်း စက်ရုံများနှင့် ကွန်ဒိုတိုက်ခန်းများ၊ ကျောင်းများ၊ ပန်းခြံများ၊ ဆူပါမားကတ်များ ပါဝင်မည်ဟု သတင်းရရှိသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် အထက်ပါဇုန်များအပြင် ရှစ်လမ်းသွား လမ်းမကြီးတစ်ခုနှင့် ရထားလမ်းတစ်ခုကိုပါ ထည့်သွင်း တည်ဆောက်သွားမည်ဟု ကြားသိရပြီး အဆိုပါစီမံကိန်းအတွက် မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသူများနှင့် ထိုင်း-အီတလီပူးတွဲကုမ္ပဏီမှ အကြီးအကဲများ ယခုလကုန် သို့မဟုတ် နိုဝင်ဘာလထဲတွင် သဘောတူလက်မှတ် ရေးထိုးသွားမည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသွားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း နေရာတွင် ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုး ပြုလုပ်ရန် ပြည်တွင်းလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု အားကောင်းလျက်ရှိကြောင်း လွန်ခဲ့သော ရက်ပိုင်းက ထုတ်ဝေခဲ့သော ပြည်တွင်း ဂျာနယ်ကြီး တစ်စောင်တွင် ပါရှိခဲ့သည်။