Monday, November 8, 2010

နုပျိုလန်းဆန်းတဲ့ အရေပြား

အရေပြားရဲ့ဇရာ
နုပျိုလန်းဆန်းတဲ့ အရေပြား ပိုင်ရှင်တွေဖြစ်စေဖို့ ရည်ရွယ်ပြီး ဆွေးနွေးတဲ့အခါ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရေပြားရဲ့ဇရာ ဒါမှမဟုတ် အရေပြားရဲ့ အိုမင်းရင့်ရော်ခြင်း တွေကိုလည်း သိသင့်တယ်လို့ ထင်ပါတယ်။ တကယ်တော့ လူတိုင်း တောင့်တတဲ့ ချစ်စရာကောင်းတဲ့ ကလေးအရေပြား (baby skin) ဟာ တဖြည်းဖြည်းနဲ့ အသက် ၂၀ လောက်မှာ ရင့်ကျက်ပြီး ပြည့်စုံသွားပါပြီ။ တင်းတင်းရင်းရင်း၊ ပြည့်ပြည့်ဖြိုးဖြိုး၊ စိုစိုပြည်ပြည်နဲ့ တကယ့်ကို အရေပြားရဲ့ အလှဆုံးအချိန်ပေါ့။ ဒါပေမဲ့ အသက် ၂၅ နှစ်လောက်ကစပြီး အရေပြားဟာ မသိမသာ စတင်ပျက်စီး ယိုယွင်းလာပါပြီ။ မျက်စိနဲ့ ကြည့်လို့ အဲဒီ ပျက်စီးမှုကို ထင်သာ မြင်သာ မရှိပေမဲ့ အရေပြားရဲ့ ကလာပ်စည်းတွေ၊ တစ်သျှူးတွေမှာတော့ အားနည်းချက်တွေ အစပျိုးနေပါပြီ။


ဘယ်လိုအားနည်းချက်တွေလဲ
အရေပြားဟာ သက်ရှိပစ္စည်းပါ။ အရေပြားရဲ့အပေါ်လွှာမှာ ရှိတဲ့ ကလာပ်စည်းတွေဟာ အမြဲတမ်း ဖြစ်ပျက် ပြောင်းလဲနေတဲ့အကြောင်း ဆရာ ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီအလွှာရဲ့ အောက်ဆုံးတန်းက ကလာပ်စည်းတွေဟာ အပေါ်ဘက်ကို တဖြည်းဖြည်းနဲ့ တက်သွားပြီး အပေါ်ဆုံးရောက်တော့ ဇီဝိန်ကြွေသွားတယ်။ ဒါပေမဲ့ နောက်ထပ် အသစ်အသစ် တွေ ထပ်ထွက်လာတာပါပဲ။ အသက် အရွယ်ရလာတဲ့အခါ အဲဒီပြောင်းလဲမှု ဖြစ်စဉ်ဟာ နှေးလာပါတော့တယ်။ အသက်ကြီးရင် အထိုင်အထ နှေးသွားသလို လေးသွားသလိုပေါ့။ အရေပြား ကလာပ်စည်းတွေရဲ့ အသစ်အဟောင်း ပြောင်းလဲမှုဖြစ်စဉ်ဟာ ပုံမှန်ဖြစ်နေပါမှ အရေပြားဟာ နုပျိုသစ်လွင်နေမှာပါ။
နောက်ပြီး အရေပြားရဲ့ အလယ်လွှာမှာရှိတဲ့ ကိုလာဂျင်တို့၊ အီလတ်စတင်တို့လည်း တဖြည်းဖြည်းနဲ့ အားနည်းစပြုလာပါပြီ။ ဒီတစ်သျှူး တွေက အရေပြားကို သန်စွမ်း တောင့်တင်းအောင် ကျားကန်ပေးရာမှာ အဓိကကျတဲ့ ပစ္စည်းတွေပါ။ ဒါကြောင့် ဇရာရဲ့ လက္ခဏာတွေဖြစ်တဲ့ ပါးရေ၊ နားရေတွဲတာ၊ အရေးအကြောင်းတွေ ပေါ်တာတွေ အချိန်တန်ရင် တွေ့ရတော့တာပေါ့။
အရေပြားရဲ့အလယ်ထပ်မှာရှိတဲ့ မြောက်မြားစွာသော သွေးကြော ငယ်လေးတွေ ဟာလည်း ကိုလာဂျင်တွေက အားကောင်းမောင်းသန် ကျားကန်မပေးနိုင်တော့ နည်းနည်း လေး ထိမိတာနဲ့ ပေါက်ကုန်ပါ တော့တယ်။ ဒါကြောင့် ဇရာအိုတွေရဲ့ အရေပြားမှာ သွေးခြည်ဥကွက်တွေ မကြာခဏ တွေ့နေရတာပါ။
အဆီအိတ်၊ ချွေးအိတ်တွေလည်း အားနည်းနေပြီ
အရေပြားထဲက အဆီအိတ်တွေလည်း အဆီထွက်နည်းလာတော့ အသားခြောက်တာ၊ ယားတာတွေဖြစ်ကုန်တာပေါ့။ ယောကျာ်းတွေဆို အသက်ရှစ်ဆယ်ကျော်မှ ကြုံရတတ်ပေမဲ့ အမျိုးသမီးတွေကျတော့ သွေးဆုံးပြီးတာနဲ့ တဖြည်းဖြည်း ဒီပြဿနာကို တွေ့ရနိုင်ပါတယ်။
ချွေးအိတ်ကလည်း ချွေးထွက်နည်းလာတော့ အပူအအေး ထိန်းဖို့ ခက်လာပြန်ပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်က ပူလွန်းရင် ခန္ဓာ ကိုယ် အပူချိန်ကို ပုံမှန်ဖြစ်နေအောင် ထိန်းမထားနိုင်တော့ဘူး။ ဒါကြောင့် အပူပြင်းတဲ့ ဒီနှစ်နွေမှာ အသက်ကြီးတဲ့ ဇရာအိုတွေ အပူရှပ် သတိမေ့ပြီး ဆုံးပါးကုန်ကြတာပါ။ ဆေးပညာမှာတော့ Heat Stroke လို့ ခေါ်ပါ တယ်။
အရေပြားရဲ့ အောက်ဆုံးလွှာက အဆီပြင်လည်း အသက်ရလေ ပါးလာလေပါပဲ။ အဆီနည်းတော့ အအေးဒဏ် မခံနိုင်ဘူးဖြစ်ပြန်ရော။ အညိုအမည်းကွက် သို့မဟုတ် ဇရာရဲ့ သင်္ကေတ
အသက်ကြီးလာတော့ မယ်လာနိုဆိုဒ် ဆိုတဲ့ အရေပြားဆိုးဆေး ထုတ်လုပ်ပေးတဲ့ ကလာပ်စည်းတွေလည်း နည်းလာပါတယ်။ ဒါပေမဲ့ ထွက်လာတဲ့ မယ်လာနင် ဆိုးဆေး ဓာတ်တွေက ဟိုနားစု၊ သည်နား စုဖြစ်ကုန်တော့ နေထိတဲ့မျက်နှာတို့၊ လက်ဖျံတို့မှာ ညိုပြာပြာ အကွက်သေး၊ အကွက်ကြီးတွေ ဖြစ်ကုန်တာပါ။ အရပ်စကားနဲ့ပြောရရင် ဇရာရဲ့ သင်္ကေတ (age spots) ပေါ့။ ဆေးပညာမှာတော့ လင်တီဂို (lentigo) လို့ သမုတ်ပါတယ်။ ဆရာလည်း အသက်ကြီးပြီဆိုတော့ ဆရာရဲ့ ဘယ်ညာပါးနှစ်ဖက်မှာ လင်တီဂိုတွေ တစ်ကွက်စ၊ နှစ်ကွက်စ ထွက်နေပါပြီ။
အသက်ချင်းတူပေမဲ့ အရွယ်ချင်းတော့ မတူ
အိုခြင်းတရားကို မလွန်ဆန်နိုင်ပေမဲ့ တချို့သူတွေဟာ အသက်ထက် အရွယ်က နုပျိုနေသလို တချို့ကျတော့လည်း ရှိတဲ့ အသက်ထက် အရွယ်က ပိုကြီးနေသလို ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ လွယ်လွယ်ပြောရင် တချို့က နုပျိုပြီး အရွယ်တင်ပေမယ့် အချို့ကျတော့ အချိန်မတိုင်ခင် အိုစနာကျနေတာမျိုးပေါ့။အင်္ဂလိပ်လို ပြောရရင် အရွယ်တင်တာကို Younger Looking Skin ပေါ့။အသက်ထက် အရွယ်က ပိုအိုနေတာ ကိုတော့ Premature aging လို့ ခေါ်တင်နိုင်ပါတယ်။
လူတစ်ယောက်ရဲ့ နေ့စဉ်စားသောက်မှုပုံစံ (lifestyle) ကစကားပြောသွားတာပါ။ အရေပြားကို မြန်မြန်အိုစာစေတဲ့၊ ပျက်စီးရင့်ရော်စေတဲ့ ကိစ္စတွေကို ရှောင်ရှားပြီး အရေပြားကို နုပျိုလန်းဆန်းစေတဲ့ ကိစ္စတွေကို လိုက်နာမယ်ဆိုရင် အရွယ်တင်နုပျိုပြီး အရေပြားက လန်းမှာပါ။ အမျိုးသမီးတွေဆိုရင်တော့ မအိုသေးတဲ့သူ အပျိုလေးနဲ့တူပေါ့။ အသက်ကြီးပေမယ့် မပျက်စီးတဲ့ အရေပြားပိုင်ရှင်ပေါ့။

အရေပြားကို ပျက်စီးစေတဲ့ အမှောင့်ပယောဂတွေ
သဘာဝ ပတ်ဝန်းကျင်နဲ့ လူရဲ့ အကျင့်အချို့ဟာ အရေပြားကို ပျက်စီးစေပါတယ်။ မှတ်လို့လွယ်အောင် (S) လေးလုံးကို ရှောင်ဖို့ အဓိကထား ပြောချင်ပါတယ်။ အဲဒီ S တွေကတော့ နေရောင်ခြည် (Sun) ၊ဆေးလိပ် (Smoking)၊ စိတ်ဖိစီးမှု (Stress) ၊ အထိုင်များတဲ့ အလုပ်(Sedentary Life) တွေပါ။အခြားအကြောင်းအရာတွေလည်း ရှိသေးပေမယ့် ဒီအရေးကြီးတဲ့ အချက်လေးချက်ကိုပဲ ဦးစွားဆွေးနွေးချင်ပါတယ်။
နေရောင်ခြည်နဲ့ အရေပြား
နေရောင်ခြည်ဟာ မီးလိုပါပဲ။ အကျိုးရှိတာတွေ များသလို အကျိုးမရှိဘဲ ဖျက်ဆီးတာတွေလည်း အများကြီးပါပဲ။ နေရောင်ခြည်ကြောင့် အရေပြားကို ဘယ်လို ပျက်စီးထိခိုက်မှု ရှိသလဲဆိုတာကို ဆရာတို့ အရေပြားဆရာဝန်တွေက ကျန်းမာရေးဂျာနယ်၊ မဂ္ဂဇင်းတွေမှာ မကြာခဏ တဖွဖွရေးနေကြ၊ ဆွေးနွေးနေကြတာပေါ့။
လူတစ်ယောက်ရဲ့ အရေပြားကို အပြင်ပန်းကြည့်တဲ့အခါ နေထိတဲ့ နေရာနဲ့ နေမထိတဲ့နေရာ တော်တော်ကွာပါတယ်။ ဥပမာ အင်္ကျီလက်တို ဝတ်လေ့ရှိတဲ့ သူတစ်ယောက်ရဲ့ လက်ဖျံက အသားအရေနဲ့ အဝတ် ဖုံးထားတဲ့ လက်မောင်းက အသားအရေ သိသိသာသာ ကွာခြားပါတယ်။ အရောင်အသွေးရော၊ နူးညံ့ပျော့ပျောင်းတာရော ကွာခြားတာကို တွေ့ကြရမှာပါ။ နေပူထဲမှာ အလုပ်လုပ်ရတဲ့သူနဲ့ နေရိပ်ထဲမှာ အလုပ်လုပ် ရသူတွေရဲ့ အရေပြားရုပ်သွင်ဟာ လျှပ်တစ်ပြက်ကြည့်လိုက်တာနဲ့ ခွဲခြားနိုင်ပါတယ်။ အသက်မကွာဦးတော့ ဘယ်သူက ပိုပြီး အိုစာတဲ့ရုပ် ပေါက်နေတယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။
အရေပြားမှာ ဘာတွေ ပျက်စီးပါလိမ့်
နေရောင်ခြည်ကြောင့် အဓိက ထိခိုက်ပျက်စီးရတာက ဆရာ ပြောခဲ့ဖူးတဲ့ ကိုလာဂျင်နဲ့ အီလတ်စတင်ဆိုတဲ့ တစ်သျှူးတွေပါ။ အရေပြားကို ကျားကန်ပေးတဲ့ ကိုလာဂျင်လည်း နေခတော့ အားမသန်ဘဲ ချို့ယွင်းသွားပါတယ်။ ဒီတော့ အရေပြားလည်း အရပ်စကားနဲ့ ပြောရရင် အကြောမတင်းတော့ဘူးပေါ့။ ရာဘာလို ဆန့်နိုင်ကျုံ့နိုင်စွမ်းရှိတဲ့ အီလတ်စတင် လည်း နေထိဖန်များလာတော့ စုခဲသွားပါတော့တယ်။ အီလတ်စတိုးစစ်(Elastosis) လို့ ခေါ်တယ်။ ဒီတော့ အရေပြားဟာ ပြည့်ပြည့်တင်းတင်းမရှိတော့ဘဲ အရေးအကြောင်း (Wrilkle)တွေ ပေါ်လာမယ်။ အရေပြားတွဲကျလာမယ်။ ပြောရရင် မျက်နှာမှာ အသိသာ ဆုံးပါ။ ပါးရေနားရေတွေ တွဲကျတာတွေ၊ အောက်မျက်ခမ်းရဲ့ အောက် က မျက်ခွံတွေဆိုရင် လျော့တိလျော့ရဲနဲ့ တွဲနေတာတွေ ဖြစ်လာပါတယ်။ ကိုလာဂျင်၊ အီလတ်စတင်တွေရှိတဲ့ အရေပြားရဲ့ အလယ်ထပ်ဟာ ပုံမှန်ရှိရမယ့် အထူမရှိတော့ဘဲ ၂၀ ရာခိုင်နှုန်း ပါးသွားတယ်ဆိုပဲ။ ဒီတော့ အရေပြားဟာ အားကုန်နွမ်းလျသွားတဲ့အသွင် ဆောင်တော့တာ ပေါ့။
အရေပြားအလယ်ထပ်က ကိုလာဂျင်နဲ့ အီလတ်စတင်တွေ ပျက်စီး ကြရသလို အရေပြားရဲ့ အပေါ်လွှာမှာရှိတဲ့ ကလာပ်စည်းတွေလည်း နေရောင်ခြည်ရဲ့ ရန်က မကင်းပါဘူး။ SCC , BCC လို ဆေးလောကမှာ အသိများတဲ့ ကင်ဆာတွေနဲ့ မှဲ့ကင်ဆာ (Malignant melonoma ) တွေဟာ အရေပြား ကင်ဆာတွေပါ။ အရေပြားအပေါ်လွှာက ကလာပ် စည်းတွေရဲ့ ကင်ဆာပါ။ ဒီအရေပြားကင်ဆာတွေ ဖြစ်ရတဲ့ အကြောင်း ရင်းတွေမှာ နေရောင်ခြည်က အဓိကဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ မျက်နှာအလှကို ဖျက်တဲ့ တင်းတိတ်၊ မှဲ့ခြောက် တွေဟာလည်း နေရောင်ခြည်ရဲ့ ပယောဂ မကင်းပါဘူး။ အရေပြားရဲ့ မယ်လနင် အရေပြား ဆိုးဆေးတွေက နေပူထိလေ ပိုထွက်လေပါ။ ဒါကြောင့် တင်းတိတ်၊ မှဲ့ခြောက်တွေဟာ နေပူမိရင် ပိုပြီးသိသိသာသာ မည်းတက်လာတာပေါ့။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အရေပြားမှာ မယ်လနင်ဆိုးဆေးကို ထုတ်ပေးတဲ့ မယ်လာနိုဆိုဒ် ကလာပ်စည်းပေါင်းက နှစ်ဘီလျံကျော် ရှိပါတယ်။ သန်းနှစ်ထောင်ကျော်ပေါ့။ မှဲ့ကင်ဆာဆိုတာ အဲဒီ ကလာပ် စည်းက စတာပါ။
နေရောင်ခြည်က ဘယ်လိုဖျက်ဆီးသလဲ
ဆေးလောကမှာ ဖရီးရက်ဒီကယ်(Free Radicals) ဆိုပြီး အောက်ဆီဂျင် အရိုင်း ဓာတ်တစ်မျိုးကို ခေါ်လေ့ရှိပါတယ်။ တကယ်တော့ အောက်ဆီဂျင်ဆိုတဲ့ စကားလုံးက လူတော်တော်များများ နားယဉ်ပြီးသားပါ။ သက်ရှိသတ္တဝါတွေ အောက်ဆီဂျင်ရမှ အသက်ရှင်မယ်ဆိုတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ အဲဒီ အောက်ဆီဂျင်က အီလက်ထရွန် နှစ်ခုပါတယ်။ အိုတူး (O2) ပေါ့။ ဒီတော့ တည်ငြိမ်တယ်။ လူကို အကျိုးပြုတယ်။ ဖရီးရက်ဒီကယ်ဆိုတဲ့ အောက်ဆီဂျင်က အီလက်ထရွန် တစ်ခုပဲ ပါတယ်။ မတည်ငြိမ်ဘူး။ ဒါကြောင့် အခြားမော်လီကျူး တွေဆီက နောက်တစ်ခုရအောင် လိုက်လုတယ်။ ဒီတော့ အလုခံရတဲ့ မော်လီကျူးကလည်း မတည်ငြိမ်တော့ဘဲ တခြားနေရာက ပြန်လုတယ်။ အဲသလို ဆင့်ကဲဆင့်ကဲ လုလိုက်ကြတာ နောက်ဆုံးတော့ အရေပြား ကလာပ်စည်းတွေ အောက်ဆီဂျင်အစစ် မရတော့ဘဲ ပျက်စီးကုန်တယ်။ ဗီဇ (gene) တွေ ဖောက်ပြန်ကုန်တယ်။
ဖရီးရက်ဒီကယ်တွေ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ နေရောင် ခြည်ပေါ့။ ဆေးလိပ်ပေါ့။ အရေပြားရဲ့ အလယ်ထပ်မှာ အရေးကြီးတဲ့ ဓာတ်ကူပစ္စည်း ရှိတယ်။ အင်ဇိုင်း (Enzyme) ပေါ့။ နာမည်ကတော့ ရှည်တယ်။ မက်တယ်လိုပရိုတီနေ့စ် (Metalloproteinase) တဲ့။ ဒီပစ္စည်းက နေကြောင့်ပျက်စီးတဲ့ ကိုလာဂျင်တွေ ပြုပြင်ပေးတဲ့အခါ အရေးပါတယ်။ နည်းနည်းလေးပဲ လိုတာပါ။ ဒါပေမဲ့ နေပူပြင်းပြင်း ထိဖန်များလာရင် အဲဒီအင်ဇိုင်းဓာတ်တွေက လိုတာထက် များပါလေရော။ ခက်တာက များတိုင်း မကောင်းဘူး။ ကိုလာဂျင်ကို ပြုပြင်ပေးရမှာ ဖြစ်ပေမဲ့ ပြုပြင်မပေးဘဲ ဖျက်ပစ်တော့တာပဲ။ နောက်ဆုံးတော့ ပင်မပစ္စည်း ကိုလာဂျင်တစ်သျှူးတွေ ကြေမွကုန်တယ်။ အရေပြားကြီးလည်း လျော့တိ လျော့ရဲ တွဲကျ တော့တာပေါ့။
ခြုံပြောရရင် နေကြောင့်ဖြစ်တဲ့ ဖရီးရက်ဒီကယ်နဲ့ ခုပြောခဲ့တဲ့ အင်ဇိုင်းတွေဟာ အရေပြားကို နှိပ်စက်ကလူ ဖျက်ဆီးသူတွေပါ။ ပုံမှန် ဇရာကူးတာကို အဆင်းတွန်းပေး သူတွေပေါ့။





from ဒေါက်တာဦးကျော်ကျော်(အရေပြား အထူးကု)