Monday, November 8, 2010

အွန်လိုင်းမှ မိုဘိုင်းဖုန်း လျောက်ထားမှုများ နိုဝင်ဘာလ ဒုတိယပတ်အတွင်း စတင်နိုင်မည် ဖုန်းလျှောက်ထားရာတွင် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ရန် စီစဉ်




Phoneအွန်လိုင်းမှ တစ်ဆင့် မိုဘိုင်းဖုန်း လျောက်ထားမှုများကို နိုဝင်ဘာလ ဒုတိယပတ်မှ စတင်၍ ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
လျှောက်ထားရာတွင် ရတနာပုံ တယ်လီပိုစ် ကုမ္ပဏီ လိမိတက်၏ ၀က်ဆိုဒ်တစ်ခုဖြစ်သည့် www.yatanarbon.com.mm မှ ၀င်ရောက် လျှောက်ထားရမည် ဖြစ်ပြီး နေ့ခြင်းပြီး လျှောက်ထားနိုင်သည့် စနစ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စနစ် စတင်သည့်ချိန်တွင် ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကိုသာ စတင် လျှောက်ထားနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် မိုဘိုင်းဖုန်း အမျိုးအစား မျိုးစုံကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ လျှောက်ထားရာတွင် ရတနာပုံဝက်ဆိုဒ်မှ တစ်ဆင့် မှတ်ပုံတင် အမှတ်နှင့်အတူ အခြား အချက်အလက်များကို ဖြည့်စွက် လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက အွန်လိုင်းမှတစ်ဆင့်ပင် ကုဒ်နံပါတ် တစ်ခု ပါဝင်သည့် အကြောင်းကြားစာ နေ့ချင်းပြီး ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အကြောင်းကြားစာ ပုံစံဖြင့် သက်ဆိုင်ရာမြို့နယ် ဆက်သွယ်ရေး လုပ်ငန်းများတွင် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။ အွန်းလိုင်းမှ ဖုန်းလျောက်ထားမှု အတွက် ၀န်ဆောင်ခအဖြစ် ကျပ်တစ်ထောင်ကို ပေးရမည် ဖြစ်သည်။ လက်ရှိ အချိန်တွင် ဖုန်းငှားရမ်းခ ပေးသွင်းရာတွင် ယခင် ပေးသွင်းမှု ပုံစံများအတိုင်း ပေးသွင်းရမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် အွန်လိုင်းမှ တစ်ဆင့် ငွေပေးချေမှု ပြုလုပ်နိုင်ရန် စီစဉ်သွားမည် ဖြစ်သည်။
ငွေပေးချေမှု စနစ်အတွက် Asia Green Development Bank မှတစ်ဆင့် ဆောင်ရွက်ရမည် ဖြစ်ပြီး ဖုန်းဘေလ် ၀န်ဆောင်မှုကိုလည်း အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
ဖုန်းလျှောက်ထားမှုကို လူတစ်ယောက်လျှင် တစ်ကြိမ်နှုန်းဖြင့် လျှောက်ထားရမည် ဖြစ်ပြီး ဖုန်းချထားမှုအတွက် ဖုန်းအလုံးရေမှာ ကန့်သတ်ထားခြင်း မရှိကြောင်း သိရှိရသည်။