Tuesday, December 14, 2010

အချစ်

ဒေါက်တာအရှင်ဣန္ဒက နှင့် ပိုင်းလော့ဆရာတော်
ဦးညီမောင် နှင့် ဒေါ်စောလှ
ဝေ နှင့် လင်း

ဗုဒ္ဓဘာသာ စုံတွဲ
လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ် မန္တလေး သာသနာ့တက္ကသိုလ်မှာတုန်းက သူက တစ်တန်းပိုကြီးတဲ့ ကျောင်းနေဘက်၊ အခု မလေးရှား ကပုန်းဒေသမှာ သမ္မာသမ္ဗောဓိကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် Dr Ashin Indakaဟာ ခုတလော ဗုဒ္ဓဘာသာ စုံတွဲတွေ ဆောင်ဖို့ရှောင်ဖို့ လမ်းညွှန်ချက်တရားတော်တော်များများ သူ့websiteမှာ ရေးနေတာ သတိထားမိပါတယ်။ အိမ်ထောင်ကျခြင်းအိမ်ထောင်ကျခြင်း နောက်ဆက်တွဲဒီလင်ဒီမယားသူ့ဘက်ကိုယ့်ဘက်သူသိကိုယ်သိ


အချစ်နဲ့ သံဝေဂ
မနေ့က ပညာသင်ရင်း တရားတွေနာ တရားစာဖတ်တွေဖတ် တရားစာတွေရေး၊ ဒါနဲ့ အားမရသေးလို့ ခုပဲ ဘုန်းကြီးဝတ်လိုက်ချင်တာ မနည်းထိန်းထားရတယ်ဆိုတဲ့ အဖြူရောင်မေတ္တာ မောင်ဖိုးသား စာမွေးပွဲရှိ တဲ့ကြားက ပိုင်းလော့ဆရာတော်ကြီးရဲ့ mp3 ဟောတရားတစ်ပုဒ်ကို လိုက်ပြီးစာရိုက်ထားတာတွေ့လို့ သူ့ရဲ့ အားထုတ်ပူဇော်မှုကို လေးစားအသိအမှတ်ပြုတဲ့ အနေနဲ့ ရေးကူးတရားကို ဖတ်ကြည့်ပြီး စိတ်ဝင်စားသွားတဲ့အတွက် ပိုင်းလော့ဆရာတော်ကြီးရဲ့ တရားတွေကို ဆက်ပြီး နာဖြစ်ခဲ့ပါတယ်။ ပိုင်းလော့ဆရာတော်ကြီးရဲ့ သံဝေဂဥာဏ်ပေးတရားတော်မှာ အချစ်ဆိုတာ လောဘရဲ့ ပရိယာယ်လို့ မှတ်ချက်ချတာ နာလိုက်ရပါတယ်။

နွေရာသီမှာ အိုက်လို့ အသုံးပြုရတဲ့ ယပ်တောင်လေးကို ချစ်တာကအစ လင်ချစ်မယားချစ်အဆုံး အချစ်အားလုံးဟာ ကိုယ့်ရဲ့သက်သာမှုအတွက် ဖြစ်တယ်လို့ အမိန့်ရှိပါတယ်။ လင်ချစ်မယားချစ်နဲ့ ပတ်သက်တဲ့ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ မှတ်ချက်ကို ပြန်လည် ဟောကြားတော်မူပါတယ်။
ပီတိစားရလို့။
ကိုယ့်အတွက် အသုံးကျလို့။
နှလုံးအေးစေလို့ တွယ်တာပါ။
ချမ်းသာပေးလို့ တွယ်တာပါ - တဲ့။
ချစ်တယ်ချစ်တယ်ဆိုတာ ချမ်းသာပေးလို့။
ငါကိုချစ်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ ငါ့ကိုချမ်းသာပေးရင် အဲဒီ ပေးတဲ့အရာ လိုက်တွယ်တာပဲ။

တရားဟောကြွရင်း အညာမှာ တွေ့ခဲ့တဲ့  ဦးညီမောင် ဒေါ်စောလှတို့ လင်မယားအကြောင်း မိန့်တော်မူပါတယ်။ အမေကြီး ဒေါ်စောလှကို အများရှေ့မှာ မေးကြည့်ခဲ့တာကို ပြန်လည် မိန့်ကြားတော်မူပါတယ်။

ဦးညီမောင်က အိမ်လည်းမှန်မှန်ပြန်တယ် ရတဲ့ပိုက်ဆံလည်းပေးတယ် ကိုယ့်လည်းစောင့်ရှောက်တယ်။ ကွဲမှာလားဆိုတော့ ကွဲပါဘူးဘုရား တဲ့။
အိမ်မှန်မှန်တော့ မပြန်ဘူးဗျာ။ ပိုက်ဆံတော့ ပေးပါသေးတယ်။ လုပ်ကျွေးပါသေးတယ်။ ကွဲမှာလားဆိုတော့ ကွဲသေးပါဘူးဘုရားတဲ့။
အရက်သောက်တယ်။ ဖဲရိုက်တယ်။ သို့သော် အိမ်ပြန်ပြန်လာသေး တယ်။ စောင့်ရှောက်ပါသေးတယ်။ ကွဲမှာလားဆိုတော့ ကွဲသေးပါဘူး ဘုရားတဲ့။
အငယ်လည်း ထားလိုက်ပြီ။ ပြန်လည်းမလာတော့ဘူး။ ပိုက်ဆံလည်း မပေးတော့ဘူး . . . ။
ဟင်... ကွဲပြီပေါ့ဘုရား တဲ့။”

နောက်ပြီး ကောသလမင်းကြီးရဲ့ မိဖုရားခေါင်ကြီး မလ္လိကာကို ဘုရားရှင်က လောကမှာ ဘယ်သူ့ကို အချစ်ဆုံးလဲလို့မေးတော့ မိဖုရားကြီးက ကိုယ့်ကိုယ်ကို အချစ်ဆုံးပါဘုရားလို့ ဖြေကြားလျှောက်ထားခဲ့တဲ့ အချစ်ဒဿနမျိုး ဆရာတော်ကြီးက ဟောပါတယ်။

ချမ်းသာပေးလို့ တွယ်တာကို ချစ်တယ်ဆိုကြတာကိုး။
ချမ်းသာပေးတဲ့ အရာမှန်သမျှကို တွယ်နေကြတာပဲ။
ကိုယ့်ကိုယ်ကိုယ် ချစ်ရာက စတာကိုး။
တစ်လောကလုံးမှာ အတွယ်ဆုံးအရာ အချစ်ဆုံးအရာ ပြပါဆိုရင် ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံး။
အသက်လောက် ချစ်ပါတယ်ဆိုရင် မယုံနဲ့။ အလကားပြောတာ။ ရန်တိုက်ပေးတာတော့ မဟုတ်ဘူးနော်။
ဟင်း ဟင်း ဟင်း။ (တရားနာ ပရိသတ်များ လိုက်ရယ်ကြပါတယ်။)
လောဘရဲ့ ပရိယာယ်လို့ မှတ်ထား။
လောဘသဘောဟာ နောက်ကွယ်မှာ အပူ အမြဲတမ်းပါတာ။

ကြေကွဲဖွယ် အချစ်ဇာတ်လမ်း

ဒီနေ့ထုတ် The Straits Times သတင်းစာမှာ ကံခေတဲ့ အတွဲတစ်တွဲအကြောင်း ဖတ်လိုက်ရပါတယ်။ သူတို့အကြောင်းက အရင်ကလည်း သတင်းထူး ဖြစ်ခဲ့ပါသေးတယ်။
Mr Vernon Leong Jun Wei, 37, Computer shop owner
Ms Kerin Peh Li Ling, 36, sales executive

ဟိုတယ်မှာ မင်္ဂလာဆောင်တဲ့ည မင်္ဂလာဧည့်ခံပွဲအပြီး နာရီပိုင်းအကြာမှာ အမျိုးသား ဟိုတယ်ပေါ်က ကျပြီး သေဆုံး။ မင်္ဂလာဆောင်တဲ့ည 2.30amမှာ Ms Ling မိတ်ကပ်ဖျက် မျက်နှာသစ်နေတုန်း Mr Wei အိပ်ယာကထပြီး အပြင်ထွက်။ ဆေးလိပ်သောက်ချင်လို့လား မွန်းကြပ်မှု တစ်ခုခုကြောင့်လား။ အခန်းထဲ ပြန်မလာတတ်တော့ဘူးတဲ့။ ရှူးပေါက်တာ အိမ်သာခွက်ထဲ မပေါက် ရေးချိုးကန်ထဲ ပေါက်တယ်ဆိုတော့ အနည်းဆုံး နည်းနည်းတော့ မူးနေပုံ။ တံခါးပေါက်မှားပြီး ထွက်လိုက်တာ ပြန်ဝင်လို့ မရ။ အတွင်းကပဲ ဖွင့်လို့ရတဲ့ တံခါးဖြစ်မယ်။ အခန်းပြန်ဖို့ တော်တော်ကြိုးစားခဲ့။ ကြိုးစားရင်း ဟိုးသွားဒီသွား။ ဒယိမ်းဒယိုင်နဲ့ ဖြစ်မယ်။ နောက်ဆုံး ခေါင်မိုး(toproof)ပေါ်ရောက်။ ခပ်မှောင်မှောင် နဲ့ ခပ်မူးမူး။ အပေါ်မှာ တစ်ခြား အဆောင်ကလာတဲ့ မီးအလင်းမှိန်မှိန်ပဲ ရှိ။ အဲဒီက လိမ့်ကျခဲ့တာလို့ ယုံကြည်ယူဆကြသတဲ့။
ရှစ်လအကြာမှာ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိတဲ့ Ms Lingကပါ နေအိမ်တိုက်ခန်းပေါ်က ခုန်ချပြီး သေကြောင်းကြံရောတဲ့။ စိတ်ထိခိုက်လွန်းလို့ စိတ်ဖောက်ပြန်သွားပြီး အရင်တစ်ခါလည်း သေကြောင်း ကြံခဲ့ဖူးသေးတယ် တဲ့။
 

မသေခင် ခင်ပွန်းသည်ရဲ့ အရိုးပြာထားတဲ့ ဘုရားကျောင်းကို သွားသွားပြီး ဆုတောင်းတယ် တဲ့။ စိတ်ရောဂါကို ကုသခံနေရင်း အခြေအနေ တိုးတက်လာတယ်၊ ကျန်းမာပြီလို့ ထင်ရတုန်း သေကြောင်းကြံသွားတာတဲ့။

လိုက်သွားလေသူ ရဲ့ ဒိုင်ယာရီ

"Days without my baby Wakaishi"
"Days without hubby Leong Book II"
-    Darling, you know everybody told me to be strong. But I can't. I can't do that especially when you are not around.
-    I want to be with you today. (On his birthday)
-    Baby, I love you so much. So much that I hate myself for not taking care of you.

ကြားယောင်မိတဲ့ အသံတွေ

Dr Ashin Indaka။  ။ “ဘုရား ဆုံးမတာ နားထောင်ရင် အိမ်ထောင်ရေး သာယာမယ်။”

ပိုင်းလော့ဆရာတော် ။ “ရုန်းထွက်လိုက်ပါ။”

ဖိုးသား။  ။ “မှန်ပါ့ ဘုရား . . . ။”

Mr Wei: “ဘာ      လဲ  ကွ။ ဆေး    လိပ်  လည်း     တို . . .   နေ . . . လည်း . . .  . . . ညို . . . . . . . အေ့ . . . . ဘယ်      ကောင်       လဲ . . .     ကွ . . .    သေ  သွား  ချင်  လို့    ဠ . . . .” (၀ုန်း။)

Ms Ling: “သေသော်မှတည့် . . .” (၀ုန်း။)

ငြိမ်းချမ်းကြပါစေ။
-------------------------------------
Ref:

သံဝေဂဉာဏ်ပေးတရားတော်

http://www.pilotsayadaw.net/index.php?option=com_content&view=article&id=52:2009-03-22-00-53-03&catid=35:mp3

Groom was drunk

http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_567883.html

Hilton groom fell to death trying to get out of stairway
http://www.asiaone.com/static/multimedia/gallery/091105_groom2/

 

She just couldn't bear to live without him
Cover and Page A8, The Straits Times (Singapore), Tuesday, December 14 2010

Tragic end for widow

http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_550093.html

Suicide verdict for widow
http://news.asiaone.com/News/AsiaOne%2BNews/Singapore/Story/A1Story20101213-252550.html

Hilton groom's widow to be cremated today
http://www.asiaone.com/static/multimedia/gallery/100706_kerinpeh/