ကျွန်တော်တို့ မြန်မာလူမျိုးများ အတွက်ကတော့ သမထ ဆိုတဲ့စကားလုံးက ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ ကျင့်ကြံအားထုတ်ဖွယ် လုပ်ငန်း(၃)ရပ်အနက် ဘာဝနာ အပိုင်းမှာ သမထ ဘာဝနာ နဲ့ ၀ိပဿနာဘာဝနာ ဆိုပြီး နှစ်မျိုးရှိတာလဲ သိကြပြီးသားပါ။ သမထဆိုတာကို ကျွန်တော်နားလည်သလို ပြောရရင် အာရုံတစ်ခု အပေါ်မှာ စိတ်ကို တည်ငြိမ်စွာ စူးစိုက်ထားရှိခြင်းဖြင့် ပိုမိုတည်ငြိမ် အေးချမ်းသော၊ အဆင့်မြင့် (လောကီ) စိတ်အခြေအနေ တစ်ရပ်သို့ ရောက်ရှိအောင် အားထုတ်ခြင်း ဖြစ်ပါတယ်။ သမထအကျင့်ကို လေ့ကျင့် အားထုတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့  စိတ်တွေ တည်ငြိမ်အေးချမ်းလာမယ်။ အလုပ်ကို စူးစိုက်လုပ်ဆောင်နိုင်စွမ်း တိုးတက်လာပြီး အောင်မြင်မှုတွေ ရရှိလာမယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှု ကိုလဲ ရရှိလာပါမယ်။ ဒါ့အပြင် သဘာဝလွန် စိတ်စွမ်းအင်တွေလဲ ရရှိလာနိုင်ပါတယ်။
ဒီသမထပညာ ကို လေ့လာလိုက်စား ကျင့်ကြံပေါက်မြောက်သူတွေ အများကြီးပါ။ အိန္ဒိယလို နိုင်ငံမျိုးမှာဆိုရင် နှစ်ပေါင်းများစွာ အားထုတ်ခဲ့တဲ့ ဆာဒူးကြီးတွေ အများကြီးရှိပါတယ်။ သမထ ပေါက်မြောက်အောင်မြင်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ရက်ပိုင်းနဲ့ အောင်မြင်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သိပ္ပံပညာရှင်များရဲ့  စမ်းသပ်လေ့လာ သုတေသန ပြုချက်များအရ သမထ စိတ်အခြေအနေ ကို ပိုမိုနားလည်သဘောပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။
EEG (Electroencephalogram) လို့ခေါ်တဲ့ စက်ကရိယာကို သုံးပြီး ဦးနှောက်ကို စမ်းသပ်လေ့လာကြည့်တဲ့အခါမှာ လူတွေရဲ့  ဦးနှောက်က လျှပ်စစ်သံလိုက်လှိုင်းတွေ အဆက်မပြတ် ထုတ်လွှတ်နေတာကို တွေ့ရှိရပါတယ်။ အဲဒီလှိုင်းတွေကို အသေးစိတ် လေ့လာကြည့်ရင် (၄)မျိုးရှိတာကို တွေ့ရပါတယ်။
(၁) ဘီတာလှိုင်းများ (Beta Waves)
တစ်စက္ကန့်ကို တုန်ခါနှုန်း (၁၃)ကြိမ်မှ (၂၀)ကြိမ်ထိ ရှိတဲ့လှိုင်းတွေပါ။ လူတစ်ယောက်က နိုးနေပြီး အသိစိတ်ရှိနေတဲ့အချိန်၊ နေ့စဉ်လုပ်ဆောင်ဖွယ်ရာ အလုပ်တွေကို အားထုတ် လုပ်ကိုင်နေတဲ့အချိန်တွေမှာ ဒီလှိုင်းတွေကို အဓိက ထုတ်လွှတ်ပါတယ်။ ဒီလှိုင်းတွေ များလွန်းရင်တော့ လူက ပင်ပန်းနွမ်းနယ် သွားပါတယ်။
(၂) အယ်လ်ဖာ လှိုင်းများ (Alpha Waves)
တစ်စက္ကန့် တုန်ခါနှုန်း (၈)မှ (၁၂)ကြိမ်ထိရှိပါတယ်။ သာမန် သမထ အားထုတ်ချိန် မှာဒီလှိုင်းတွေ အဓိက ထုတ်လွှတ်ပါတယ်။ သင့်မျက်လုံးတွေကို မှိတ်လိုက်ရင်လဲ ဒီလှိုင်းတွေ အားနဲနဲ ပိုကောင်းလာပါတယ်။ ဒီလှိုင်းတွေ လွှမ်းမိုးနေချိန်မှာ သင့်ရဲ့ စိတ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြုပြင်ပြောင်းလဲဖို့ လွယ်ကူတာတွေ့ရပါတယ်။
(၃) သီတာလှိုင်းများ (Theta Waves)
တုန်ခါနှုန်း (၄)မှ (၇) အထိရှိပါတယ်။ သမထကို အားထုတ်ပြီး နက်ရှိုင်းတဲ့စိတ်အခြေအနေကို ရောက်ရှိလာချိန်မှာ ဒီလှို်င်းတွေ လွှမ်းမိုးလာတာကို တွေ့ရပါတယ်။ ထိုးထွင်းဥာဏ်နဲ့ တီထွင်ကြံဆဥာဏ်တွေ အားကောင်းလာတာ တွေ့ရပါတယ်။
(၄) ဒယ်လ်တာလှိုင်းများ (Delta Waves)
တုန်ခါနှုန်း (၀.၅)မှ (၃)အထိရှိပြီး အိပ်ပျော်နေချိန်၊ သတိလစ်မေ့မြောနေချိန်၊ အလွန်နက်ရှိုင်းသော သမထ အခြေအနေကိုရောက်နေချိန်မှာ ဒီလှိုင်းတွေ လွှမ်းမိုးနေပါတယ်။
သိပ္ပံပညာရှင်တွေက ဒီလို ဦးနှောက်လှိုင်းများနဲ့ စိတ်အခြေအနေ ဆက်စပ်မှုတွေကို သိရှိလာတဲ့အခါ ပြင်ပ ကရိယာ အထောက်အကူများ အားဖြင့် လိုချင်သော ဦးနှောက်လှိုင်းများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ကြည့်တဲ့အခါ အောင်မြင်မှုတွေရလာပါတယ်။ သမထထိုင်သူများ နှစ်ပေါင်း မြောက်မြားစွာ လေ့ကျင့်အားထုတ်ရတဲ့ အခြေအနေ တစ်ရပ်ကို ကရိယာလှုံ့ဆော်မှုများအားဖြင့် နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း ရရှိအောင် လေ့ကျင့်ယူနိုင်တာကို တွေ့ရှိလာရပါတယ်။
အောက်မှာ ကျွန်တော် နမူနာလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ဒါက သူတို့သုံးခဲ့တဲ့ထဲက လွယ်ကူတဲ့နည်းလမ်းလေး တစ်ခုပါ။ အသံလှိုင်းများ အားဖြင့် ဦးနှောက်မှ အယ်လ်ဖာလှိုင်းများ အဓိကဖြစ်ပေါ်လာအောင် လှုံ့ဆော်နည်းဖြစ်ပါတယ်။ ဒီအသံတွေကို နားကြပ်တပ်ဆင် နားထောင်ရမှာပါ။ (နားကြပ်မပါရင် လိုချင်တဲ့ရလဒ်ရမှာ မဟုတ်ပါ။) အသက်ကိုပုံမှန်ရှုပါ။ သင့်ခန္ဓာကိုယ်ကို လုံးဝဖြေလျော့ချလိုက်ပါ။ မျက်လုံးတွေကို မှိတ်ထားပြီး အဲဒီအသံကို နားထောင်နေရင်း မိမိအသက်ရှုသွင်း ရှုထုတ်လုပ်နေတာကို အာရုံစူးစိုက်ထားပါ။ (အသံတအားမကျယ်ဖို့ ဂရုပြုပါ။)
သင့်စိတ်ထဲမှာ ထူးခြားတဲ့ အခြေအနေတစ်ရပ် စတင်ပေါ်ပေါက်လာတာကို လက်တွေ့ တွေ့ရှိရပါလိမ့်မယ်။ စမ်းသပ်ကြည့်ပါဗျာ။ :)
(သီအိုရီ၊ လှုံ့ဆော်သော အသံလှိုင်းများ ဖန်တီးခြင်း နဲ့ နမူနာများ ကို ဆက်လက်ရေးသား ဖော်ပြပေးပါမယ်။ ကော်ဖီတော့ တိုက်ရမယ်။ ဟဲ။ သမထ ထိုင်သူများအနေနဲ့ အဲဒီအသံဖိုင်လေးကို ဒေါင်းလုပ်ပြီး MP3 ပလေယာထဲမှာ (ဒါမှမဟုတ် ဖုန်းထဲမှာ) ကူးထည့်ထားပါ။ မိမိသမထ ထိုင်ချိန်မှာ အဲဒီအသံဖိုင်လေးကို ဖွင့်၊ နားကြပ်နဲ့ နားထောင်ပြီး အားထုတ်ပါ။ တိုးတက်မှုရလဒ်ကို မိမိကိုယ်တိုင် သုံးသပ် ဆုံးဖြတ်ကြည့်ပါခင်ဗျား။)
ဦးနှောက်လှိုင်းလှုံ့ဆော်သော အသံဖိုင်ကို Download လုပ်ရန်