Wednesday, December 22, 2010

မြန်မာ့ လက်ရွေးစင် အမျိုးသမီး များကို ထိုင်းကလပ် အသင်းများ အပြိုင် ကမ်လှမ်းနေ

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းနှင့် ယူ-၁၉ အမျိုးသမီး အသင်းမှ ကစားသမား အချို့ကို ပရိုပြောင်း တော့မည့် ထိုင်းအမျိုးသမီး လိဂ်မှ  ကလပ် အသင်း အချို့က ကမ်းလှမ်းမှု ပြုလုပ်နေကြောင်း သိရသည်။

ပြည်တွင်း အားကစား ဂျာနယ် တစ်စောင် ဖြစ်သည့် Daily Sports ၏ ဖော်ပြချက် အရ အဆိုပါ ကစားသမား များကို ခေါ်ယူနိုင်ရန် အတွက် ထိုင်းကလပ် အသင်း (၃)သင်းမှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ အမျိုးသမီး ယူ-၁၆ အသင်းသည် ပြီးခဲ့သည့် သီတင်းပတ်က ဘန်ကောက်မြို့တွင် AFC အမျိုးသမီး ယူ-၁၆ ပွဲ ယှဉ်ပြိုင်နေစဉ် အသင်းတာဝန် ရှိသူများကို အဆိုပါ ကလပ် အသင်းများမှ လာရောက် ဆက်သွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် လက်ရွေးစင် အသင်းမှ (၆)ဦး၊ အမျိုးသမီး ယူ-၁၉ အသင်းမှ (၃)ဦး တို့ကို ခေါ်ယူလိုခြင်း ဖြစ်ကြောင်း သိရသည်။

"သူတို့က စန်းစန်းမော်တို့ အုပ်စုကို အဓိက လိုချင်တယ်။ ယူ-၁၆ အသင်းက ကစားသမား တွေကို လာပြီ ကမ်းလှမ်းတာတော့ မဟုတ်ဘူး။ ယူ-၁၉ အသင်းက ၃ ဦး၊ လက်ရွေးစင် အသင်းက ၆ ဦး ခေါ်ဖို့ လာပြောကြတာ။ အစ်မတို့လည်း အဲဒီ ကိစ္စအတွက် ဥက္ကဋ္ဌကို တင်ပြထား ပါတယ်။ ဆုကြေးစား ထွက်ကစားခွင့် ပေးမယ် မပေးဘူး ဆိုတာက ဥက္ကဋ္ဌပဲ ဆုံးဖြတ်မှာပါ။ သွားကစားခွင့် ပေးမယ် ဆိုရင်တော့ လာမယ့် နှစ်ထဲမှာ သွားကစား ရမယ်"ဟု မြန်မာ အမျိုးသမီး အသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက အဆိုပါ ဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ကလပ်အသင်း များသည် မြန်မာ အမျိုးသမီး ကစားသမား များကို လစာ ဒေါ်လာ ၁၀၀၀ နှင့် ၆လ စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး နေရာထိုင်ခင်းနှင့် ကျောင်းတက်ရန်ပါ စီစဉ်ပေးမည်ဟု သိရသည်။ "တက္ကသိုလ် တက်မယ့် သူတွေအတွက် ဘန်ကောက် မှာပဲ တက္ကသိုလ် တက်လို့ရအောင် သူတို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ ယူ-၁၉ ကစားသမား အများစုက ၁၀ တန်း အောင်ပြီးသားတွေ ပါတယ်လေ။ နောက်ပြီး နိုင်ငံ့ လက်ရွေးစင် အသင်းအတွက် ကစားဖို့ ရှိရင်လည်း ပြန်လွှတ် ပေးမယ်လို့ ပြောထားတယ်"ဟု ဒေါ်မြတ်မြတ်ဦးက ဆက်လက် ပြောကြားခဲ့သည်။

credit soccermyanmar