ဆိုင်ကလုန်းမုန်တိုင်း ဂီရိ လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ ပျက်ပြယ်သွားပြီဖြစ်ကြောင်း သိရ

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည် ယခုအခါတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
       မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းသည် မုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်တွင်  စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ဘုတလင်မြို့အနီးတွင် ဗဟိုပြုနေခဲ့ကြောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် မုန်တိုင်းငယ်သည် အစိမ်းရောင်အဆင့်၊ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်း အဖြစ်မှ အားပျော့ပျက်ပြယ်သွား ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

 မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်နေသော ကုန်းတွင်းမုန်တိုင်းသည် မုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီး စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့အနီး ဗဟိုပြုနေ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဖြတ်ကျော်နေသော ကုန်းတွင်းမုန်တိုင်းသည် ယခုအခါတွင် မုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီ ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း ဘုတလင်မြို့အနီးတွင် ဗဟိုပြုနေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဖြတ်ကျော်လျက်ရှိသော အဆိုပါ ကုန်းတွင်းမုန်တိုင်းသည် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီအချိန် ထုတ်ပြန်ချက်များအရ လက်ရှိတွင် အညိုရောင်အဆင့်ဟု သတ်မှတ်ထားဆဲဖြစ်ပြီး အရှေ့မြောက်သို့ ဆက်လက် ရွေ့လျားနိုင်ကြောင်း သိရှိရသည်။
မွန်းလွဲပိုင်းမှ  နောက် ၁၂ နာရီအတွင်း အားပျော့သွားမည် ဖြစ်ကြောင်း၊ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စသည်တို့တွင် လေတိုက်နှုန်း တစ်နာရီလျင် မိုင် ၄၀ ခန့်နှုန်းအထိ ရှိနိုင်ကြောင်း သိရှိရသည်။
ဆိုင်ကလုန်းဂီရိသည် ကုန်းတွင်းမုန်တိုင်းအဖြစ် ပြောင်းလဲပြီးနောက် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ကို အသီးသီး ဖြတ်သန်းလျက် ရှိသည်။
မကွေးမြို့တွင် မိုးနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ကြုံတွေ့ခြင်း၊ ညောင်ဦးမြို့တွင် လေပြင်းတိုက်ခြင်း၊ မြင်းမူမြို့တွင်လည်း မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ညောင်ဦးမြို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကုန်းတွင်းမုန်တိုင်း တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်ခရီးစဉ်အချို့ ဖျက်သိမ်း

ညောင်ဦးမြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်းက ကုန်းတွင်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်ခရီးစဉ်အချို့ ဖျက်သိမ်းခဲ့ရကြောင်း သတင်းရရှိပါသည်။
        ''မနက် ၅ နာရီကျော်၊ ၆ နာရီလောက်မှာ လေပြင်းစတိုက်တယ်။ မိုးသည်းတယ်။ ညောင်ဦးမြို့မှာ သစ်ပင်တချို့လဲတယ်။ မနက်ပိုင်းကစပြီး လေဆိပ်မှာ လေပိုတိုက်တယ်။ ရန်ကုန်ကနေ ပုဂံညောင်ဦးလေဆိပ် ဆင်းမယ့် ရန်ကုန်အဲယားဝေး၊ အဲ မန္တလေး၊ အဲပုဂံ မနက်ပိုင်း လေယာဉ်ခရီးစဉ် တချို့ ဖျက်သိမ်းလိုက်တယ်လို့ သိရတယ်။ ရန်ကုန်အဲယားဝေးက ညောင်ဦးမှာ မဆင်းနိုင်ဘဲ မန္တလေးလေဆိပ်မှာ သွားဆင်း ရတယ်။ အခုတော့ လေတိုက်လိုက်၊ မိုးရွာလိုက် ဖြစ်နေတယ်။ မနက်က လောက်တော့ မပြင်းတော့ပါဘူး''ဟု ညောင်ဦးမြို့မှ ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၀န်းကျင်တွင် ပြောကြားသည်။
        မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များ အရ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော်နေသော ကုန်းတွင်းမုန်တိုင်းသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အနီးတွင် ဗဟိုပြုနေကြောင်း သိရှိရသည်။
        မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်မှ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားပျော့သွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။
        မုန်တိုင်းသည် လက်ရှိတွင် အညိုရောင်အဆင့် ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းလျက် ရှိသည်။
        မုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ အထိ ရှိနိုင်ကြောင်း သိရှိရသည်။
        ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ပြီးနောက် ကုန်းတွင်းမုန်တိုင်း အဖြစ်သို့ ပြောင်းလဲကာ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၃ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့ကို ဗဟို ပြုနေခဲ့သည်။ ထို့နောက် မြန်မာစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ကို ဗဟိုပြုလာခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ၊ အညိုရောင်အဆင့်တွင် ရှိနေသော်လည်း နောက်ထပ် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားနိုင်ကြောင်းသိရ



giri
     ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယမန်နေ့ညက ရခိုင်ကမ်းရိုးတန်းကိုဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်မုန်တိုင်း ဂီရိသည် ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားပြီး ယနေ့နံနက်မြန်မာစံတော်ချိန် ၃ နာရီခွဲတွင် ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက် မိုင်၁၀၀ ခန့်အကွာ ကုန်းတွင်းတစ်နေရာဖြစ်သော မကွေးတိုင်းဒေသကြီး၊ စလင်းမြို့အနီးတွင် ဗဟိုပြုနေကြောင်းသိရသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားလျက်ရှိပြီး ယနေ့နံနက်မှ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း ခန့်မှန်းထားသည်ဟု သိရသည်။

     ကုန်တွင်းမုန်တိုင်း၏ လက်ရှိအခြေအနေသည် အညိုရောင်အဆင့်တွင် ဆက်လက်တည်ရှိနေပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ ဦးတည်ရွှေ့လျားလျက်ရှိကြောင်းသိရသည်။
    ကုန်းတွင်းမုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၆၀ ခန့်အထိ လေပြင်းများတိုက်ခတ်နိုင်ကာ နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု သိရသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင်၅၀ခန့် တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် ထုတ်ပြန်ချက်အရ သိရှရသည်။
    မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့သော ရခိုင်ကမ်းရိုးတန်းဒေသ၏ အခြေအနေများကို ဆက်လက်စုံစမ်းလျှက်ရှိပြီး သိရှိပါက ဆက်လက်ဖော်ပြပေးသွားပါမည်။
giri
giri
giri
giri