စာစု(၁)
ကုန်ရောင်းကုန်ဝယ် သုံးကြမယ်
ဈေးလောက ၊ အရောင်းအ၀ယ် လောက ဆိုတာက မာယာများသလို ၊ ဈေးကစားတာ ၊ စွန့်စားတာ ၊ တစ်ပတ်ရိုက်တာတွေ နဲ့လည်း ပြည့်နှက်နေတတ်သော လောကတစ်ခုဖြစ် ပါတယ်။ ဒီလောကမှာ နေထိုင်ကျင်လည်ရပြီး အသက်မွေး နေရသူများ အဖို့ ..ဗေဒင်ပညာလေးကို လည်း အနဲငယ်တီးမိ ခေါက်မိ မယ်ဆိုရင် အကျိုးရှိနိုင်ဖို့ …အောက်က စာလေးတွေကို ဆက်ဖတ်ပြီး လေ့လာကြည့်ပါ။
ကိုယ်ရောင်းမယ့်ကုန်ပစ္စည်း အသစ်ကို ဈေးကွက်ထဲစတင်ချပြ နိုင်ဖို့ ကိစ္စဆိုတာ အရောင်းသမားတိုင်း အဖို့ ..ရင်ခုန်ရတဲ့ကာလပါပဲ။ ကိုယ့်ပစ္စည်းက မှော်ပျှံအောင် ကောင်းနေပါစေဦး ၊ ဈေးကွက်က လက်ခံဖို့ လိုသလို ၊ တင်ရောင်းမယ့် ဆိုင်တွေကလည်း လိုချင်စိတ် ဖြစ်လာအောင် ဆွဲဆောင်နိုင်ဖို့လို ပါတယ်။ ကောင်းပြီ …. သင်ရောင်းမယ့် ကုန်ပစ္စည်းကို ၀ယ်တာမ၀ယ်တာ လက်ခံတာ လက်မခံတာ အသာထား ၊ စူးစမ်းကြည့်ဖို့ စိတ်အား ထက်သန် တတ်သူတွေ ကတော့ အင်္ဂါဂြိုဟ် အားကောင်း သူတွေပဲ ဖြစ်ပါတယ်။
ဂွကျတာက ဘယ်သူတွေက အင်္ဂါဂြိုဟ်အားကောင်းမှန်း ဘယ်လိုလုပ်ပြီး သိနိုင်မလဲ ။ ဘယ့်နှယ့်လုပ်ရပါ့။ သူ့မွေးရက် တွေ အချိန်တွေ မေးပြီး ကောက်တွက်ရမလား။ ဒါလည်းမဟုတ်သေး ။ တစ်ကယ်လို့ ဂြဟကာရကကို နိုင်နုင်းစွာ ချိန်ဆနိုင်သူမျိုးဆိုရင်တော့ လူပုံစံ နဲ့ နေပုံထိုင်ပုံ သွားလာပြုမူ ပုံကို ကြည့်ပြီး ခွဲခြားနိုင်မှာပါ။ ဥပမာအားဖြင့် …….
ရယ်မောနေသောသူ …(တနင်္လာဂြိုဟ်အားကောင်းနေသူ)
အမြဲကြည်ကြည်ရွှင်ရွှင် ပျော်ပျော်နေတတ်သူ (တနင်္လာဂြိုဟ် ပင်ကိုယ် အားကောင်းသော သူ)
ဖျတ်ဖျတ်လတ်လတ် နှင့် မျက်စိကစားနေသူ (အင်္ဂါဂြိုဟ် အားကောင်းနေသူ)
အစဉ်သဖြင့် သွက်လက်ချက်ချာပြီး ၊ အရာရာ စပ်စုတတ်သူ (အင်္ဂါဂြိုဟ် ပင်ကိုယ်အားကောင်းသော သူ )
စသဖြင့် လူကိုကြည့်ရုံနဲ့ သိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ရောထွေးနေတဲ့ ဆန့်ကျင့်ဘက် ဂြိုဟ်ရဲ့စရိုက်တွေ ဒွန်တွဲလာတဲ့ လူပုံစံတွေကြတော့ ဂြဟကာရက ကျွမ်းကျင်ပိုင်နိုင်မှ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ …ဒီနည်းကလည်း ကောင်းပေမယ့် ၊ ဗေဒင်လိုက်စားမှု တော်တော်ရှိမှ ဖြစ်မယ်။ လူတိုင်းမသုံးနိုင်လောက်။ ကောင်းပြီ ။ ထုံးစံအတိုင်း နာမည်ကိုပဲ ပြန်သွားကြရအောင် ။
နာမည် ဆိုတာကတော့ လူတိုင်းမှာ ရှိသလို ၊ ကုန်ပစ္စည်းတွေ မှာတောင် ရှိကြပါတယ်။ ဒီတော့ နာမည်တွေကို သုံးပြီး အလုပ်လုပ်ကြည့်ကြပါစို့။
အမည်နာမ နှင့် ဈေးလောက
နာမည်တွေကို အသုံးပြုမယ်ဆိုရာမှာလည်း .. နာမည်အဖျားစာလုံး (၀ါ) နာမည်တစ်ခုရဲ့ အဆုံးစာလုံး ကိုသာ အသုံးပြုပြီး တွက်ပါမယ်။ တစ်ကယ်စစ်ဆေးအသုံးချမယ်ဆိုရင်တော့ ၊ နာမည် အရင်းစာလုံး (၀ါ) နာမည်ရဲ့ အစစာလုံး အပြင် ၊ နာမည်တစ်ခုလုံးရဲ့ ကာရကသဘော ။ မိတ်ရန် သဘော၊ ဓါတ်သဘာဝ ၊ တိုင်သဘာဝ စတာတွေအမြောက်အများ ဖြစ်သွားနိုင်ပါတယ်။ ဒီအထိ ကျွန်တော်တို့သုံးနေရင်လည်း ဈေးတောင် ဖြောင့်အောင် ရောင်းနိုင်ဝယ်နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ ..နာမည်အဖျားစာလုံး တစ်ခုကိုပဲ သုံးတဲ့နည်းကသာ အလုပ်ဖြစ်ပါလိမ့်မယ်။
အဲဒီ့လောက်နဲ့ ..အလုပ်ဖြစ်ပါ့မလား သံသယရှိစရာတော့အမှန်ပါ။ ဒါပေမယ့် လက်တွေ့လေ့လာပြီး အကဲဖြတ်ကြည့်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ပစ္စည်းသစ်ကို ဈေးကွက်တင်သည့် အခါ
နာမည်အဖျားစာလုံးကို အင်္ဂါနံဖြင့် မှည့်ခေါ်ထားသူများ ကို သင့်ကုန်ပစ္စည်း ကို စပ်ဟပ်ကြည့်ပါ။ ဥပမာအားဖြင့် တော့ ဒီလိုနာမည်ရှင်မျိုးတွေ ဆိုပါတော့ ။ ကိုကိုဇော် ၊ မင်းဆွေ ၊ မီမီစိုး ၊ ကျော်ဇင် ၊ စတဲ့နာမည်ရှင်မျိုးတွေ ဆိုပါတော့။
ဒီလိုနာမည်ရှင်မျိုးတွေက ဘာပဲဖြစ်ဖြစ် စမ်းကြည့်ချင်တဲ့ သဘာဝ ရှိနေပါလိမ့်မယ်။ စိတ်မ၀င်စားဘူး ဆိုရင်တောင် အနဲဆုံး ( ပြစမ်းပါဦး ၊ ဘယ်လိုလေးလည်း ) စသည်ဖြင့် စပ်စုတတ်ပါလိမ့်မယ်။ ဆိုတော့ ဟင့်အင်း ၊ မတင်သေးဘူးဗျာ ၊ မသုံးသေးဘူးဗျာ ၊ ပစ္စည်းတွေ ရှိနေ သေးလို့ပါ …စသည်ဖြင့် ကိုယ့်ကုန် ပစ္စည်းတောင် သေချာမပြရသေးဘူး ၊ ကြည့်ဖို့ ငြင်းဆန်ခံရတာမျိုး နဲ့တော့ အနဲဆုံးကင်းဝေးနိုင်ပါလိမ့်မယ်။
သူတို့ကို စပ်လိုက်တဲ့အခါမှာ … ကိုယ်က ဘာပြောသင့်သလဲ ။ ဟောဒီ့လိုလေး ပြောသင့်ပါတယ်။
( ဒီပစ္စည်း ရောင်းကြည့်ပါ။ အရည်အသွေးကောင်းသလောက် ၊ အကျိုးအမြတ်လည်း မြန်မြန်ရလွယ် ပါတယ်။ ကုန်က အရောင်းမထိုင်းဘူး။ သွက်တယ်ခင်ဗျ ။ ဆိုင်တော်တော်များများ လိုက်ဖြန့်ကြည့်ပြီးပါ ပြီ ၊ အစ်ကို / အစ်မ တို့လည်း သုံးကြည့်ပါ ) ဘာညာသာရကာ နေကြာကွာစိ ။ စသည်ဖြင့် ဈေးသမား ပါးစပ် စပလိန်တပ် ဆိုသလိုပေါ့။
ဘာဖြစ်လို့လည်း ။ နာမည်အဖျားစာလုံး .. အင်္ဂါနံ နဲ့အဆုံးသတ်ထားတတ် တဲ့ ၊ နာမည်ရှင်မျိုးတွေက အရည်အသွေးဆိုတာကို အထူးမက်မောတတ်ပြီး ၊ အမြတ်ရလိုမှုလည်း …တစ်ခြားနာမည်ရှင်တွေ ထက် ပိုတတ်လို့ပါပဲ။ သူတို့က အမြန် ဆိုတာကိုလည်း ကြိုက်တတ်ကြပါတယ်။ ဒါကြောင့် အထက်ပါအတိုင်း သူ့အကြိုက်ကို ကြည့်ပြီး ၊ စကားနဲ့ ဆွဲဆောင် ပေးနိုင်ဖို့လိုပါတယ်။
ကဲ မထူးပါဘူး။ တစ်ခြားနာမည်ရှင်တွေနဲ့ ပတ်သက်ပြီးတော့ ကုန်ပစ္စည်းစပ်ဟပ်ခြင်းနဲ့ ပတ်သက်လို့ ဆက်ပြီး အကျဉ်းချုပ်တင်ပြပေးပါ့မယ်။
(၁) နာမည်အဖျားစာလုံး တနင်္ဂနွေနံ (အ၊ဥ) ဖြင့် မှည့်ခေါ်ထားသူများ ကို ကုန်ပစ္စည်းသစ် တင်သွင်းရန် ကြိုးပမ်းခြင်း ၊
ဥပမာအားဖြင့် ၊ လင်းအောင် ၊ မိုးမိုးအေး ၊ တင်မောင်ဦး၊ ထူးသစ်အိမ် ဆိုတဲ့နာမည်ရှင်တွေပဲ ဆိုပါစို့ ။
သူတို့ကို ကုန်ပစ္စည်းသစ် စပ်တဲ့နေရာမှာ အစ်ကို့ ဆိုင် / အစ်မဆိုင်ကို ပထမဆုံး လာပြတာပါ။ ကျွန်တော်တို့ကုန်ပစ္စည်းက ကွာလတီအသစ်နဲ့ ပထမဆုံးထုတ်လုပ်ဖြန့်ချိပေး နေတာပါ။ စသဖြင့် ပထမ ဆိုတဲ့ စကားလုံးကို ဖောဖောသီသီ သုံးပြီး စပ်ရပါမယ်။ နောက်တစ်ခု ကတော့ ကုန်ပစ္စည်းဟာ မူရင်းမူမှန် ၊မူလလက်ဟောင်း ၊ ပင်ရင်းကနေတိုက်ရိုက် ဖြန့်တာ စသည်ဖြင့် ပြောဆိုပေးရပါမယ်။ ဘာလို့လည်း ဆိုတော့ ဒီနာမည်ရှင်မျိုးတွေက မူလအရင်းအမြစ် နဲ့ ပင်ရင်း တွေကိုသာ ပိုမိုအလေးထားတတ်လို့ပဲ ဖြစ်ပါတယ်။
ဒီအချက်လေးတွေ မှတ်ထားပါ။
မူလ ၊ ပင်ရင်း ၊ ပထမ
ကဲ…ဒီလောက်ဆိုရင်တော့ ကျန်တဲ့နာမည်အဖျားစာလုံးတွေကို လည်း အလိုက်သင့် သိလောက်မယ် လို့ ယူဆပါတယ်။ ဒါကြောင့် ဆောင်းပါးအရမ်းရှည်သွားမှာ စိုးတဲ့အတွက် ဒီ့ထက်အကျဉ်းချုပ်ပြီး ဖော်ပြသွားပါမယ်။ ဒီအတွက် ခွင့်လွှတ်ကြပါ။
(၂) နာမည်အဖျားစာလုံး တနင်္လာနံ ( က၊ ခ၊ ဂ၊ ဃ ၊ င) ဖြင့် အဆုံးသတ်မှည့်ခေါ်ထားသူများ ကို ကုန်ပစ္စည်း အသစ်တင်သွင်းခြင်း
ဥပမာအမည်များ ။ ။ မင်းမင်းကျော်၊ မျိုးမြင့်ခိုင် ၊ သူဇာခင် ၊ ယမင်းကိုကို
ဂရုပြုအလေးထားရန် အချက်များ ။ ။ ကြည်ကြည်ရွှင်ရွှင် ဖြင့် ပေါ့ပေါ့ပါးပါး ပြောပါ။ လူများစွာ ကြိုက်နှစ်သက်ကြောင်း ထည့်ပြောပါ။
(၃) နာမည်အဖျားစာလုံး အင်္ဂါနံ ( စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည ) ဖြင့် အဆုံးသတ်မှည့်ခေါ်ထားသူများ ကို ကုန်ပစ္စည်း အသစ်တင်သွင်းခြင်း
ဥပမာအမည်များ ။ ။ ကျော်ကျော်ဆွေ ၊ ခိုင်မာစိုး ၊ မင်းဇော် ၊ မြသဇင်
ဂရုပြုအလေးထားရန် အချက်များ ။ ။ အမြတ်အစွန်း ၊ အမြန် ၊ အရည်အသွေး
(၄) နာမည်အဖျားစာလုံး ဗုဒ္ဓဟူးနံ ( ယ ၊ လ ၊ ၀ ) ဖြင့် အဆုံးသတ်မှည့်ခေါ်ထားသူများ ကို ကုန်ပစ္စည်း အသစ်တင်သွင်းခြင်း
ဥပမာအမည်များ ။ ။ ခိုင်ဝင်း ၊ တိုးဝေ ၊ အောင်လင်း ၊ ခင်ယု
ဂရုပြုအလေးထားရန် အချက်များ ။ ။ အပြောင်းအလဲ သဘောလေး ဖြစ်အောင် တင်ကြည့်ပါ ဟု ထည့်ပြောပါ။ ဈေးကွက် အပြောင်းအလဲများ ၊ ကုန်လောက အပြောင်းအလဲ များ ကို အဓိက ပြောပါ။ ကုန်ပစ္စည်း အနာအဆာပါလျှင် ပြန်လဲ ပေးကြောင်း လည်း ထည့်ပြောပါ။ ကုန်ပစ္စည်း မှာယူနိုင်သည့် စနစ် နှင့် လမ်းကြောင်းများ ၊ အဆက်အသွယ်များ ကောင်းမွန်ပုံဖြင့် ဆွဲဆောင်ပါ။
(၅) နာမည်အဖျားစာလုံး ကြာသာပတေးနံ ( ပ ၊ ဖ၊ ဗ ၊ဘ၊ မ) ဖြင့် အဆုံးသတ် မှည့်ခေါ်ထားသူများ ကို ကုန်ပစ္စည်း အသစ်တင်သွင်းခြင်း
ဥပမာအမည်များ ။ ။ အောင်မင်း ၊ လင်းသက်ပိုင် ၊ ရွှေပိုး ၊ သဇင်မြင့် ၊ ခိုင်မာ
ဂရုပြုအလေးထားရန် အချက်များ ။ ။ ဈေးကွက်ဖြန့်ဖြူးရေးတွင် ကောင်းမွန်ကြောင်း ပြောပါ။ ကျယ်ပြန့်စွာ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ထည့်ပြောပါ။ ကုန်ပစ္စည်း မပြတ်စေရန် အမြဲ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ကြောင်း၊ ပြည့်ပြည့်စုံစုံ ရရှိနိုင်ကြောင်း ထည့်ပြောရန် လို၏။
(၆) နာမည်အဖျားစာလုံး သောကြာနံ (သ၊ ဟ) ဖြင့် အဆုံးသတ် မှည့်ခေါ်ထားသူများ ကို ကုန်ပစ္စည်း အသစ် တင်သွင်းခြင်း
ဥပမာအမည်များ ။ ။ လွင်မိုးသန့် ၊ ပိုင်သူ ၊ သဇင်သွယ် ၊ မြင့်ဟန်၊ ကျော်ကျော်ဟိန်း
ဂရုပြုအလေးထားရန် အချက်များ ။ ။ မိမိကုန်ပစ္စည်း၏ ဆွဲဆောင်မှုရှိပုံကို အသားပေး ပြောပါ။ ပါကင်လှပမှု ၊ ဒီဇိုင်းလှပမှုများ နှင့် ဆွဲဆောင်ပါ။ သပ်သပ်ရပ်ရပ်မဖြစ်သော ကုန်ပစ္စည်းမျိုး မပါသွားအောင် အထူးဂရုစိုက်ပါ။
(၇) နာမည်အဖျားစာလုံး စနေနံ ( တ၊ ထ၊ ဓ၊ ဒ၊ န ) ဖြင့် အဆုံးသတ်မှည့်ခေါ်ထားသူများကို ကုန်ပစ္စည်းအသစ် တင်သွင်းခြင်း
ဥပမာအမည်များ ။ ။ ထွန်းတင်၊ ရွှေရီထိုက် ၊ မိုးမိုးနိုင်၊ လဲ့လဲ့နီ
ဂရုပြုအလေးထားရန် အချက်များ ။ ။ သင့်ဘက်က မည်သို့တာဝန်ယူနိုင်ကြောင်း ထည့်ပြောပါ။ အလေးအနက်ထား ပြီး ပြောပါ။ ဆက်ဆံပါ ။ အများနှင့်မတူ ထူးထူးခြားခြား ဆောင်ရွက်ထားကြောင်း ထည့်ပြောပါ။ အကယ်၍ သင့်ကုန်ပစ္စည်း များတွင် ကံစမ်းမဲ အစီအစဉ် မျိုး ပါဝင်နေပါက ပိုမိုသင့်လျော်သည်။
ကဲ ဒီလောက်ဆိုရင်တော့…… နာမည်လေးတွေပေါ်မူတည်ပြီး စတင်အသုံးပြုလို့ ရကောင်းပြီ ထင်ပါရဲ့။
အဲ… ဗေဒင်ဆရာရယ် ဈေးလောကအကြောင်းဘယ်လောက်သိလို့ ဒါတွေရေးနေတာလည်းတော့ မမေးလိုက်ပါနဲ့။ စာရေးသူရဲ့ ငယ်ဘ၀တစ်လျှောက်လုံးက မန္တလေးဈေးချိုထဲမှာ ဖခင်နဲ့အတူ ကြီးပြင်း ခဲ့တာလို့ ဆိုနိုင်သလို ၊ ကုန်ရောင်းကုန်ဝယ်လောက ဆိုတာကလည်း ဘ၀တစ်လျှောက်မှာ ရင်းနှီးနွေးထွေး နေခဲ့သော အစိတ်အပိုင်းတစ်ခုလို့ ဆိုနိုင်ပါကြောင်း ။
ရောင်းဝယ်ဖောက်ကား … ပြည့်စွမ်းအား …ကြီးပွားချမ်းသာနိုင်ကြစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
kosoe069@gmail.com
http://www.mahabote.org/