Monday, October 18, 2010

မြန်မာလူငယ်များ မန်စီးတီးအသင်းမှာ ဘောလုံးသမား ဖြစ်လာဖို့ အခွင့်အလမ်းကောင်း ပေါ်လာပြီ


အင်္ဂလန် ပရီးမီးယားလိဂ်၏ နာမည်ကျော် ကလပ်အသင်းတစ်သင်း ဖြစ်သည့် မန်ချက်စတာစီးတီး အသင်းသည် ကမ္ဘာတစ်လွှားရှိ ဘောလုံးအားကစား ၀ါသနာပါသူ လူငယ်များအတွက် အွန်လိုင်း ဘောလုံး အကယ်ဒမီကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်တော့မည်ဟု အသင်း၏ official ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မန်စီးတီး အသင်း၏ official ၀က်ဘ်ဆိုက်မှာ http://ecademy.mcfc.co.uk/  ဖြစ်ပြီး အဆိုပါဆိုက်တွင် မန်စီးတီးအသင်း၏ အကျော်အမော် ဘောလုံးသမားများ၏ တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှု လေ့ကျင့်ခန်းများကို ဗီဒီယို ရိုက်၍ တင်ပေးထားကာ ဘောလုံးပညာ မျှဝေသွားမည် ဖြစ်ပြီး ဆိုက်တွင် Sign Up ပြုလုပ်ထားသော မန်ဘာများအနေဖြင့်လည်း မိမိတို့၏ ကျွမ်းကျင်စွာ လေ့ကျင့်ပုံများကို ဆိုက်တွင် ပြန်လည်တင်နိုင်ကြောင်း၊ ဤသို့ စဉ်ဆက်မပြတ် သင်ယူသွားရင်း မိမိ၏ ကျွမ်းကျင်မှုအဆင့်ကို အွန်လိုင်းမှ တင်ပြကာ အကဲဖြတ်အဖွဲ့၏ အမှတ်များကို ရယူနိုင်ကြောင်း၊ သတ်မှတ် အမှတ်အဆင့်အတန်း ရသူများကို မန်စီးတီးအသင်းမှ အရည်အချင်း အသိအမှတ်ပြု လက်မှတ် ပေးအပ်သွားမည် ဖြစ်ပြီး ထူးချွန်သူများကို မန်စီးတီး လေ့ကျင့်ရေးကျောင်းသို့ ခေါ်ယူလေ့ကျင့်ပေးခြင်း ပြုမည်ဖြစ်ပြီး မန်စီးတီးအသင်း၏ အရန်အသင်းများတွင် စတင်ပါဝင်ကစားစေမည် ဖြစ်သည်ဟု ဆိုက်တွင် ရေးသားဖော်ပြထားသည်။



ယခုသတင်းသည် ကမ္ဘာကျော် ဘောလုံးအသင်း တစ်သင်းတွင် ဘောလုံးသမား ဖြစ်ချင်သည့် အိပ်မက်ပိုင်ရှင် လူငယ်များအတွက် အထူးအခွင့်အရေး တစ်ရပ်ဟု ဆိုနိုင်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးသမားများ၊ နေရှင်နယ်လိဂ် ဘောလုံးသမားများ၊ ပြည်တွင်းရှိ ဘောလုံးအားကစား ၀ါသနာပါသူများအတွက် ပညာတိုးတက်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေသောကြောင့် ဖော်ပြပေးလိုက်ရပါသည်။