တစ်နိုင်ငံလုံးတွင် အသုံးပြုနိုင်မည့် CDMA 450 MHz (ငါးသိန်းတန်) ဖုန်းများကို မန္တလေးမြို့တွင် ယခု အောက်တိုဘာ လကုန်ပိုင်း၌ စတင်ချထားပေးတော့မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြားသိရသည်။ ထိုသို့ ချပေးရာတွင် နေပြည်တော်ဖုန်းများ ကဲ့သို့ ၀၉xxxx ဖြင့် စသည့် နံပတ်များ ဖြစ်မည် ဖြစ်ပြီး မန္တလေးမြို့အတွက် မကြာခင် ချပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စီစဉ်ဆောင်ရွက်နေကြောင်း ကြားသိရသည်။
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ကြီး ဖြစ်သလို လူဦးရေ အလွန်များပြားလှပြီး ဖုန်းဝယ်လိုအားလည်း အထူးကောင်းမွန်တိုးတက် နေကြောင်း၊ နေပြည်တော်ဖုန်းများကို မန္တလေးမြို့တွင် အစိုးရထုတ်ဈေး ၅ သိန်းကျပ်အပြင် အမြတ် ၆ သောင်းမှ တစ်သိန်းအထိ ပေး၍ ၀ယ်ယူနေကြကြောင်း၊ ယခုကဲ့သို့ မန္တလေးမြို့တွင် နေပြည်တော်ဖုန်းကဲ့သို့ တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုနိုင်သော ဖုန်းများ ချထားပေးမည်ဆိုခြင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း မန္တလေးမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းတွင် တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုနိုင်သော CDMA 450 MHz ဖုန်းများကို ယခုနှစ် စက်တင်ဘာလက နေပြည်တော်တွင် စတင်ချပေးခဲ့သော်လည်း တစ်နိုင်ငံလုံးမှ လာရောက်လျှောက်ထားမှုများ အထူး များပြားခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လည်ရပ်နားခဲ့သည်။