Sunday, November 28, 2010

ဘ၀ရဲ့  အနှစ်ဆိုတာ ဘာလဲ

ဘ၀ရဲ့  အနှစ်ဆိုတာ ဘာလဲ
(ကိုမင်းမင်းထွန်း မေးမြန်းထားချက်ကို မိမိနားလည်သလို ပုဂ္ဂိုလ်ရေး ပြန်လည်ဆွေးနွေးခြင်း ဖြစ်ပါသည်။)



ကိုမင်းမင်းထွန်းက ဒီဘလော့ လေးကို လာရောက်ကြည့်ရှု ရင်း မေးမြန်းသွားခဲ့ ပါတယ်။ ဘ၀ရဲ့  အနှစ်ဆိုတာ ဘာလဲ တဲ့။
ဒီမေးခွန်းလေးကို လူတွေ တွေးခေါ်စဉ်းစားတတ်တဲ့ အချိန်က စပြီး မေးမြန်း/ဆွေးနွေး ခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်။ တွေးခေါ်ပညာရှင်တွေကလည်း ဘ၀ရဲ့  အနှစ်သာရ ကို ပုံစံအမျိုးမျိုးနဲ့ အဓိပ္ပါယ် ဖွင့်ဆို ရှင်းလင်းခဲ့ကြပါတယ်။ ဒါပေမဲ့ လူတွေတစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းတူချင်မှ တူမှာပေါ့ဗျာ။

ကျွန်တော်ကလည်း ကိုယ်နားလည်သလို စတင် ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း ၀ိုင်းဝန်း ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

ဘ၀နဲ့ ပါတ်သက်ပြီး လူတိုင်း သိမြင်လွယ်တဲ့ အချက်တစ်ချို့ ကနေ စရအောင်။
(၁) လူတစ်ယောက်ရဲ့  ဘ၀ ဆိုတာ တိုတိုလေးသာဖြစ်ပါတယ်။
(၂) ကျွန်တော်တို့ ကျန်းမာနေရင် ကောင်းတယ်။ နေမကောင်း မကျန်းမာ ဖြစ်နေရင် ကိုယ်လည်း စိတ်ညစ်တယ်၊ ကိုယ့်ကို ပြုစုနေရတဲ့သူတွေမှာ လည်း ၀န်ပိုတယ်။
(၃) ကျွန်တော်တို့မှာ ငွေကြေး စုမိဆောင်းမိရှိထားရင် ကောင်းတယ်ဗျာ။ စိတ်ထဲမှာ လုံခြုံမှု ရှိတယ်။ လိုတာလေးတွေ ၀ယ်နိုင်တယ်။ လုပ်ချင်တာလေးတွေ စိတ်ဝင်စားတာလေးတွေကို လုပ်နိုင်မယ်။ ငွေမရှိရင် မကောင်းဘူးဗျာ။
(၄) ကျွန်တော်တို့မှာ ကိုယ်ပိုင်အိမ်လေးနဲ့ နေနိုင်ရင် ကောင်းတယ်ဗျာ။ သွားဖို့လာဖို့ စီးစရာ ယာဉ် တစ်ခုခု ရှိရင် ကောင်းတယ်။
(၅) ကျွန်တော်တို့ရဲ့  ရုပ်ရည်ရှုပကာ က ကြည့်လို့ ရှုလို့ ကောင်းမှ၊ လူတွေ လက်ခံနိုင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမယ်။ ၀လွန်းလို့၊ ပိန်လွန်းလို့ တချို့ ဆို လူကြားတောင် သိပ်မသွားဝံ့တာမျိုးလေးတွေ ရှိပါတယ်။
(၆) ကျွန်တော်တို့မှာ လုံလောက်တဲ့ ပုံမှန်ဝင်ငွေလေး ရှိနေရင် ကောင်းတယ်ဗျာ။
(၇) လူတွေက ကိုယ့်ကို ချစ်ခင်၊ လေးစားကြရင် ကောင်းတယ်ဗျာ။ ကိုယ့်ကို မုန်းတီး နေကြတာမျိုးဆို မကောင်းဘူးလို့ ထင်ပါတယ်။
(၈) ကျွန်တော်တို့ဟာ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချ နေရတဲ့ အခြေအနေမျိုးလေးတွေ ရှိနေသင့်ပါတယ်-
- သူများတွေကို ကူညီတာ၊ ပေးကမ်းစွန့်ကြဲတာတွေ လုပ်ခဲ့တယ်၊ ဒီအတွက် သဘာဝတရားက ကိုယ့်ကို ပြန်လည် ကောင်းကျိုးပြုလိမ့်မယ်။
- သူများအသက်သတ်ရင် အသက်တိုတာ၊ မကျန်းမာတာ ဆိုတဲ့ အကျိုးဆက်တွေ လာပါလိမ့်မယ်။ ကျွန်တော်တို့ အခုအချိန်ကစပြီး နောက်ကို သူများအသက်သတ်တာမျိုး မလုပ်တော့ဘူးဆိုရင် နောင်မှာ ကိုယ့်အတွက် ကေင်းကျိုးတွေ ရပါလိမ့်မယ်။
- သူများပစ္စည်း ခိုးရင် အကြောင်းကြောင်းကြောင့် မိမိဥစ္စာ ပျက်စီးဆုံးရှုံးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေမလုပ်တော့ဘူးဆိုရင် မိမိ အနာဂတ်ဘ၀ လုံခြုံပါလိမ့်မယ်။
- သူများသားမယား ပြစ်မှားတာမျိုးတွေ လုပ်ရင် မကောင်းကျိုးတွေလာမယ်။ ကိုယ်က စောင့်ထိန်းခဲ့ရင် လုံခြုံ ပါမယ်။
- သူတပါးကိုထိခိုက်အောင်အထိ၊ မိမိကို ထိခိုက်အောင်အထိ လိမ်လည်ပြောဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။
- အရက်သေစာ၊ မူးယစ်ဆေးတွေကို မိမိအသိဥာဏ် စဉ်းစားဆင်ခြင်ဥာဏ်၊ သိက္ခာ၊ လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး တွေ ထိခိုက်အောင်အထိ သုံးစွဲခဲ့ရင် အခုရော နောင်ပါ မကောင်းပါဘူးဗျာ။
(၉) လူတွေ တစ်ယောက်နဲ့ တစ်ယောက်မှာ ကွဲပြားတဲ့ စိတ်ဝင်စားမှု၊ ၀ါသနာလေးတွေ ရှိပါတယ်။ ဘယ်သူကိုမှလည်း မထိခိုက် ပဲလုပ်နေရမယ်ဆိုရင် ပျော်စရာသာဖြစ်ပါတယ်။ ကောင်းကျိုးပါရမယ်ဆိုရင် ပိုလက်ခံနိုင်စရာ ဖြစ်ပါတယ်။
(၁၀) မိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း နေရတဲ့ ဘ၀လေးက ပျော်စရာဖြစ်မှာပါ။

အားလုံးကိုတော့ သူငယ်ချင်း သဘောတူချင်မှ တူပါလိမ့်မယ်။ ထည့်သွင်း စဉ်းစားစရာ အချက်လေးတွေ အဖြစ် နမူနာ ဖော်ပြတာပါ။ ဒီလိုလေးချရေး လိုက်မယ် ဆိုရင် ဘယ်လို အချက်တွေနဲ့ ပြည့်စုံနေရင် ဘ၀ရဲ့ အနှစ်သာရ ပြည့်စုံတယ် ဆိုတာမျိုး ပုဂ္ဂိုလ်ရေး တွေတောနိုင်ပါလိမ့်မယ်။

ရှုထောင့် (၁)
ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ ဘေဂဗလ၊ မိတ္တဗလ တွေနဲ့ ပြည်စုံတဲ့ ဘ၀ဟာ အနှစ်သာရ ရှိတယ်။

ရှုထောင့် (၂)
ကျန်းမာ၊ ပျော်ရွှင်၊ အောင်မြင်တဲ့ ဘ၀ ဟာ အနှစ်သာရ ရှိတယ်။

ရှုထောင့် (၃)
(ဘယ်သူ့ကိုမှ မထိခိုက်ပဲ၊ ရောင့်ရဲခြင်း ပါချင်ပါမည့်) စိတ်ပျော်ရွှင်နေရသော ဘ၀ ဟာ အနှစ်သာရ ရှိတယ်။

ရှုထောင့် (၄)
ရောင့်ရဲခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဖြင့်သာ နေထိုင်သောဘ၀ ဟာ အနှစ်သာရရှိတယ်။

ရှုထောင့် (၅)
ဒါန၊ သီလ၊ ဘာဝနာ ကို တတ်စွမ်းသမျှ ဖြည့်ကျင့် နေရသော ဘ၀ဟာ အနှစ်သာရ ရှိတယ်။

ခြုံပြီးပြောရရင်တော့ စိတ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်၊ ရုပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့ ဘ၀ဟာ အနှစ်သာရ ရှိတဲ့ ဘ၀ လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီသတ်မှတ်ချက်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် တူမှာ မဟုတ်ပါဘူး။ (အနီရောင်ကို ကြိုက်တဲ့သူ ရှိသလို မကြိုက်သူလည်း ရှိပါတယ်။ နှစ်ယောက်လုံး မမှားပါဘူး။) သူငယ်ချင်းကိုယ်တိုင် သတ်မှတ်ပါ။

ဆက်လက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ ကိုးကားနိုင်အောင် ဒေါက်တာမင်းတင်မွန်ရဲ့  ဘ၀ကိစ္စနှင့် ဘ၀ပန်းတိုင် ဆိုတဲ့ စာအုပ်လေးကို ညွှန်းပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေ။

ဒေါက်တာမင်းတင်မွန် - ဘ၀ကိစ္စနှင့်ဘ၀ပန်းတိုင် (Download လုပ်ရန်)
ဖတ်ရန်