Wednesday, November 24, 2010

မြင့်မိုရ်တောင် တကယ်ရှိမရှိ

`မြင့်မိုရ်တောင်ကို လူတို့မျက်စိဖြင့် မြင်ကောင်းသည်မဟုတ်၊ မှန်ပြောင်းဖြင့်ပင်
မြင်နိုင်ကောင်းသော အရာမဟုတ်ပေ၊
ဂြိုလ်တု ဒုန်းပျံ၊ ကမ္ဘာပတ်ယာဉ်တို့ ကောင်းကင်အနှံ့
သွားနေသည်ဟု ဆိုသော်လည်း မြင့်မိုရ်တောင်၏ ခါးလည်လောက်မျှရောက်နိုင်ဖွယ်မရှိပေ၊
လဗိမာန်သို့ လူသားများ သွားရောက်ခြေချနိုင်ပြီဟု ဆိုခြင်းသည်
ဗုဒ္ဓစာပေ အမြင်အရ မဆန်းပေ၊
ဈာန်အဘိညာဉ်တန်ခိုးရရှိသော သူများသည် လ-နေ များကို လက်ဖြင့်ကိုင်တွယ်
သုံးသပ်နိုင်သည် ဟု ထေရ၀ါဒကျမ်းစာများကို ဆိုသည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီဖြစ်သည်။

မန္ဓာတု မင်းကြီးသည် တာဝတိံသာနတ်ပြည်၌ သိကြားမင်း ၃၂ ဆက်လဲသည့်တိုင်အောင်
နတ်စည်းစိမ်ကို ခံစားခဲ့သည်ဟု ဆို၏။
မဖြစ်နိုင်သည် မဟုတ်၊
နတ်ပြည်ခြောက်ထပ်တွင် စတုမဟာရာဇ် နှင့် တာဝတိံသာ နတ်ပြည်၂-ထပ်သည် မြေကိုမှီ၍ တည်နေသော ဘုမ္မဌကနတ်ပြည်ဖြစ်သည်။
ကြွင်းနတ်ပြည် လေးထပ်သည် ဟာလာဟင်းလင်း ကောင်းကင်ပြင်တွင် တည်နေသောအာကာသဌက နတ်ဖြစ်သည်ဟု ထေရ၀ါဒကျမ်းစာများက ဆို၏။

အကန်းကို မြင်အောင် မပြနိုင်သကဲ့သို့ ဈာန်ကို မယုံသော သူမျိုးအား ယုံအောင်မပြောနိုင်
လက်တွေ့လည်း မပြနိုင်၊ မပြနိုင်သောကြောင့် မယုံစတမ်းဆိုလျှင်
သတ္တ၀ါအသီးသီး၌ အထင်အရှားရှိကြသော
Spirit Cognizance,
Consciousness စသည်ဖြင့် ခေါ်နေကြသော
စိတ် intelligence, Insight  စသော ပညာဥာဏ်၏ အဆင့်အတန်း အရည်အချင်းများကို
ဓာတ်ပုံရိုက်၍ မပြနိုင်၊ မျက်စိ နှား လျှာ ကိုယ်တို့ဖြင့်လည်း စမ်းသပ်မတွေ့နိုင်သောကြောင့်
မယုံနိုင်ဟု ဆိုကြမည်လော၊

မြင့်မိုရ်တောင်နှင့် စပ်၍ ပါဠိကျမ်းဂမ်များ၌ အမြင့်ယူဇနာ မည်မျှ၊
မြေအောက်တွင် မြုတ်နေသော
အတိုင်းအဆ မည်မျှဟု အတိအကျဆိုသော်လည်း ပြောင်းလဲတတ်သော သဘာဝအရ ထိုအတိုင်းအတာ
များသည် ထိုအတိုင်း အမြဲတည်ရှိကြမည်မဟုတ်၊ မြင့်မိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်တွင်
ယုဂန္ဓ စသော တောင်ကြီး -၇- လုံးနှင့် တောင်တို့၏ အကြား အကြားတွင် အလွန်အေးမြသော
သီဒန္တရ သမုဒ္ဒရာများရှိကြောင်း ဆိုသည်၊

ဤ ကိစ္စမျိုး၌ စာဆိုနှင့် လက်တွေ့သည် အခါခပ်သိမ်းကိုက်ညီသည်မဟုတ်၊
မြင့်မိုရ်တောင်သည် မြောက်ဝင်ရိုးစွန်း တည်ရာအရပ် မဖြစ်နိုင်ပါသလော။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါစက ရုရှားသိပ္ပံဆရာတို့သည် အာတိတ်ဒေသ
ရေခဲလွင်ပြင်ကြီးများ အောက်တွင် ရေခဲတောင်တန်းကြီး တစ်ခုကို တွေ့ခဲ့ရ၏။
မိုလိုတော့စ် တောင်တန်းဟု အမည်ပေးခဲ့သည် ဆို၏။
ယင်းရေခဲတောင်တန်းသည် မိုင် -၁- ထောင်ခန့်ရှည်လျား၍ အချို့တောင်ထွပ်များသည်
ပေ -၁- သောင်းကျော်မြင့်သည်၊ တောင်အမေရိကတိုက်ရှိ အင်ဒီးတောင်တန်းကြီးမျှ ရှိမည်ဟု
ခန့်မှန်းခဲ့ကြ၏။
လက်ရှိကမ္ဘာ၌ပင် ယနေ့လူသားတို့ မတွေ့သေး မသိသေးသော အချက်ပေါင်းများစွာရှိနေသည်
ယနေ့သိသမျှသည် အကုန်ပဲဟု မည့်သည့် သိပ္ပံပညာရှင်ကမျှ မပြောရဲကြသည်ကို
သတိချပ်အပ်သည်´
                                                (လူသေလူဖြစ် ၀ါဒါနုဝါဒ၀ိနိစ္ဆယ၊ ၆၈၇)

ဥပမာအားဖြင့် ဆိုရလျှင်

လူသားတို့ အသက်ရှင်သန်ဖို့အတွက် ရှူသွင်းနေရသော လေ သည်တကယ်ရှိပေ၏။
ထို လေ သည် မည်သည့်ပုံပန်းသဏ္ဍာန်ဖြစ်သည်ဆိုတာ မည်သူမျှ မပြောနိုင်ပေ
ထိုလေ ကို မမြင်ရ၍ မရှိဘူး မယုံဘူးဟု ဆိုလျှင် ထိုပုဂ္ဂိုလ်သည်
သည်းခြေပျက်နေသော အရူးအနှမ်းသာ ဖြစ်ချေမည်