ရတနာပုံ အသင်းသည် သမိုင်းဝင် အောင်ပွဲအဖြစ် ယနေ့ညနေ ၃နာရီခွဲအချိန်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ နှစ်ကြိမ်ဆက် ချန်ပီယံ Dordoi Bishkek ကို အချိန်ပိုအထိ ယဉ်ပြိုင်ပြီး ၁-၀ ဖြင့် ထိုက်ထိုက် အနိုင်ရခဲ့ပြီးနောက် ၂၀၁၀ အာရှဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဖလားကြီးကို ဆွတ်ခူး နိုင်ခဲ့သည်။ ပရိသတ်ပေါင်း ၃၃၀၀၀ ဆန့်သည့် ဘောလုံးကွင်းကြီးထဲသို့ ရန်ကုန်နှင့် မန္တလေးမြို့တို့မှ ပရိသတ်ပေါင်း ၂၃၇၁၀ ဦးလာရောက် ကြည့်ရှု အားပေးခဲ့သည်။
နှစ်သင်းစလုံးမှာ အများအားဖြင့် သန့်ရှင်း မျှတစွာဖြင့် ရှင်ပြိုင်ခဲ့ကြပြီး မြန်မာပြည်၌ ဖရော်ဖက်ရှင်နယ်လ် လိဂ်အဖြစ် ပြောင်းလဲပြီး တစ်နှစ်ကျော်အတွင်း အာရှအဆင့် အောင်မြင်မှု တစ်ခု ရရှိခဲ့ခြင်းခြင်းလည်း ဖြစ်သည်။ မိနစ်ကိုးဆယ်အထိ တစ်ဖက်ကို တစ်ဖက် ထိရောက်သော ခြိမ်းခြောက်နိုင်ခြင်း မပြုလုပ်နိုင်ခဲ့ဘဲ ကွင်းလယ် ကစားကွင်ဖြင့်သာ အချိန်ကုန်နေသော်လည်း ပွဲချိန် ၉၆ မိနစ်တွင်မူ ထောင့်ကန်ဘောမှ ကန်တင်ပေးလိုက်သည့် ဘောလုံးကို ကိုနေးက သွင်းယူခဲ့ပြီး ပွဲကို ဆက်လက်ထိန်း ကစားခဲ့ပြီး ပွဲချိန်ကုန်ဆုံး ချိန်၌ အာရှအဆင့်တွင် မည့်သည့် ပြိုင်ပွဲတွင်မှ အနိုင်မရတော့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သော မြန်မာ့ဘောလုံးလောက ကို တစ်ခေတ် ဆန်းသစ် စေခဲ့သည်။
ရတနာပုံ အက်ဖ်စီက အနိုင်ရခဲ့သည့် အသင်းမှာလည်း နှစ်ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့ရုံသာမက ယခင် ဆိုဗီယက်စ် နိုင်ငံမှ ခွဲထွက်လာသော ကိုင်ဂျစ်စတန် (Kyrgyzstan) လိဂ် ချန်ပီယံ အသင်းကို အောင်မြင်ခဲ့ခြင်း ဖြစ်သဖြင့်လည်း ပိုမို ဂုဏ်ယူဖွယ် ဖြစ်ခဲ့သည်။ ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ရာ အာရှဘောလုံး အဖွဲ့ချူပ် ၏ ဆုပေးရန် ရွေးချယ်မှုမှာ မေးခွန်းထုတ်စရာ အခြေအနေများ ရှိခဲ့သည်။
မြန်မာ အသင်းအနေဖြင့် ချန်ပီယံ ဆုဖလားမှ အပ မည်သည့် ဆုမျှ ထပ်မံ မရရှိခဲ့ခြင်းကို အငြင်းမပွါးလိုသော်လည်း ကွင်းအတွင်း ဒိုင်လူကြီးကို လက်ညိုးထိုး ဝေန်ခဲ့သူများပြားခဲ့ပြီး စည်းကမ်းမဲ့သည့် အပြုအမူများ တစ်ကြိမ်ထက်မက ကျူးလွန်ခဲ့သည့် ဒိုဒိုင်း အသင်းကို အသန့်ရှင်းဆုံး ကစားသမား ဆု ချီးမြှင့်ခဲ့ခြင်းနှင့် မည်သည့် စွမ်းဆောင်မှုမျှ မရှိခဲ့သည့် ဒိုဒိုင်းအသင်းတိုက်စစ်မှူးကို ပွဲစဉ်တစ်လျောက်လုံး အကောင်းဆုံးဆု ချီးမြှင့်ခဲ့ခြင်းတို့မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။
ပွဲကို ကိုယ်တိုင် ကြည့်ရှုရသူ ပရိသတ်များ အနေဖြင့်မူ ယနေ့ညပွဲတွင် ရတနာပုံအသင်း၏ သမိုင်းဝင် နိုင်ပွဲအတွက် အနိုင်ဂိုးသွင်းယူပေနိုင်ခဲ့ရုံမက ဖိုင်နယ် တက်ခွင့်အတွက် အရေးကြီးလှသည့် ယခင်ပွဲစဉ်က ရန်ပိုင် ဂိုးသွင်းယူနိုင်ရန်လည်း ဖန်တီးပေးနိုင်ခဲ့သူ ကိုနေးမှာ အကောင်းတကာ့ အကောင်းဆုံး ကစားသမားပင် ဖြစ်ပေလိမ့်မည်။
မြန်မာပြည် ပရော်ဖက်ရှင်နယ်လ် ဘောလုံးအသင်းများထဲတွင်လည်း ရတနာပုံ အက်ဖ်စီအသင်းမှာ ပထမဦးဆုံးသော အာရှအဆင့် ပြိုင်ပွဲတွင် အောင်မြင်သည့် အသင်းတစ်သင်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဆက်ဖတ်ရန်