ဖြေ။ ။ ရှင်းရင်းနဲ့ ရှုပ်ကုန်မလားတော့ မသိဘူး။ :)
တကယ် ထိခြင်းငါးဖြာနဲ့လား။ သာဓု သာဓု သာဓု။ :)
ကျန်းမာဖို့ အရေးကြီးတာပေါ့။ သတိထားနိုင်မှ။ ဆင်ခြင်နိုင်မှ။ တန်ဆေးလွန်ဘေး။ နေကောင်းပါ့။ သေကံမရောက် သက်မပျောက်။ အရင်လကတော့ ရွာပြန်ရင်း တွေ့မရှောင် အကုန်စားပြီး ဖျားခဲ့သေးတယ်။
စာတွေဖတ်ရတာ အနှစ်သာရ အရမ်းရှိပါတယ်ဆိုတော့ ၀မ်းသာစရာပေါ့။ မိဘနဲ့ သားသမီးတို့ရဲ့ ဆက်ဆံရေး ပို့စ်လေးက မှီးတဲ့ဟာလေးပါ။ မူရင်းကတော့ အတော်လေးကောင်းတယ်။
ကွန်ပျက်တာပြဿနာလား။ ကိုဧကရာဇ်ကြီးလည်း ပါသေးတာလား။ “တော်နဲ့မချက်လို့ ဘယ်သူနဲ့ ချက်ရမှာတုန်း တော့”လို့ ပြန်အော်လိုက်ရောပေါ့။ ကိုယ်က မငေါက်လို့ သူက ရစ်တာနေမှာ။ ရန်ကုန်မှာတုန်းကတော့ ၀င်းဒိုးတင်ရတာ တော်တော်လွယ်တယ်။ ခိုးကူးခွေတွေ ပေါတာကိုး။ တစ်နေ့ထဲ သုံးခါထိ တင်ဖူးတယ်။ ဘာခက်တာမှတ်လို့။ “Next” နဲ့ “Ok”ပဲ နှိပ်ရတဲ့ဟာကို။ ၀င်းဒိုး ကိုယ့်ဟာကိုယ် တစ်ခါတင်ဖူးရင် ခဏခဏ တင်ချင်နေတာ။ စက်က ဟောင်းလို့ မကောင်းလေလေ ကောင်းလာနိုးနိုး ၀င်းဒိုးတင်ချင်လေပဲ။ နောက်တစ်ခါ ကိုယ့်ဟာကိုယ်လုပ်။ အင်းလေ . . . အလုပ်သဘော နဲ့ ရင်းနှီးမှုသဘော သဘောတရားချင်း ဘယ်တူနိုင်ပါ့မလဲ။ နားလည်းလိုက်ပါ။ ဟုတ်တယ်။ သူငယ်ချင်းဆိုတာ ကူညီတတ်ရင် ပိုပြီး ချစ်ခင်လေးစားစရာကောင်းတယ်။ ကွန်ပျက်တာက တော်တော်ဟောင်းနေပြီဆိုရင် နောက်လည်း ပျက်အုံးမှာဆိုတော့ သူငယ်ချင်းကို အပီပေါင်းထားပေါ့။ အဲဒီ ကွန်ပျူတာ ဟောင်းပေမယ့် မပစ်လိုက်နဲ့။ သားစဉ်မြေးဆက် ဆုချလို့ရအောင် သိမ်းထား။
ဟုတ်တယ်။ မျှဝေပေးချင်တဲ့ စေတနာကို သဘောကျလို့ အကြင်နာနန်းတော်ကို မျက်စိကျခဲ့တာ။ အားလုံးရဲ့ စေတနာ နဲ့ စွမ်းအားကြောင့်ပေါ့လေ။ လေးလသား ဆိုပေမယ့် တော်တော်လေး လောက်လောက်လားလား ရှိနေပြီ။
ကြုံကြိုက်တုန်း အားလုံးကို လေးစားအပ်ပါကြောင်း ထည့်ပြောတတ်တာကို လေးစားပါတယ် ဗျား။
- နည်းပညာ ဗဟုသုတလှူဒါန်းခြင်း၊
- ဆုတောင်းခြင်း၊
- အကျိုးပေးခြင်း။
အသိပညာ အတတ်ပညာ ဗဟုသုတကို ဖြန့်ဝေပေးတာဟာ မြင့်မြတ်တဲ့ ကုသိုလ်ပါ။ စိတ်ထားချင်း တူတယ်ဆိုရင် ပစ္စည်းကို လှူတာထက် ကိုယ်သိထားတာကို မျှဝေတာ သင်ပြပေးတာ ပြောပြပေးတာက ပိုပြီး မြင့်မြတ်တာပေါ့။ "တရားအလှူသည် အမြတ်ဆုံး အလှူ"လို့ ဘုရား ဟောတာပဲ။ နည်းပညာဟာ ဘုရားဟောတဲ့ တရားတော် မဟုတ်ပေမယ့် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကောင်းရာကောင်းကြောင်း အသုံးချနိုင်တာမို့၊ ဘုရားဟော တရားတော်ကို နည်းပညာနဲ့ ဖြန့်ဝေနိုင်တာမို့ "နည်းပညာ ဗဟုသုတလှူဒါန်းခြင်းသည် အမြတ်ဆုံး အလှူတစ်မျိုး"လို့ ဆိုနိုင်တာပေါ့။
ကုသိုလ်ကောင်းမှု တစ်မျိုးမျိုး ပြုလုပ်ရင် ဆုမတောင်းလည်း ကောင်းကျိုးရပါတယ်။ ဆုတောင်းရင်တော့ ပိုကောင်းတာပေါ့။ ကုသိုလ်လုပ်ပြီး ဆုတောင်းတယ်၊ ရည်ရွယ်ချက်နဲ့ ကုသိုလ်လုပ်တယ်ဆိုရင် ကုသိုလ်အလုပ်ကို လေးလေးနက်နက် လုပ်ဖြစ်တဲ့အတွက် အကျိုးပေး ပိုပြီး ထက်သန်ပါလိမ့်မယ်။
အလှူရေစက် လက်နဲ့မကွာ လှူလာကြတာ ကောင်းတဲ့ အစဉ်အလာပေါ့။ အဲဒါက ပစ္စည်းအလှူ။ ခုလို လုပ်အားဒါန ပညာဒါနလေးတွေလည်း အလှူတစ်မျိုး ကုသိုလ်တစ်မျိုး ဖြစ်ပါတယ်။ ကုသိုလ်ဆိုတာကတော့ များလေကောင်းလေ မဟုတ်လား။ တတ်နိုင်သလောက် ပစ္စည်းလည်းလှူပေါ့။ တတ်နိုင်သလောက် အသိပညာ ဗဟုသုတလည်း ဖြန့်ဝေပေါ့။
ဝတ္ထုပစ္စည်းကို ပေးလှူတာက လောဘကို လျှော့ချတာ။ အကျိုးအနေနဲ့ ကြွယ်ဝချမ်းသာမယ်။ အသိပညာကို ဖြန့်ဝေတာ သင်ပေးတာ (အသိပညာကိုလှူတာ)က မောဟကို လျှော့ချတာ။ အကျိုးအနေနဲ့ ပညာတတ်မယ်။ နှစ်ခုစလုံး အကောင်းချည်းပဲ။ ဘယ်ဟာက ပိုကောင်းသလဲ။ ဘယ်ဟာကို ပိုကြိုက်သလဲ။ နှစ်ခုလုံး မကြိုက်ဘူးလား။
ကုသိုလ်နှစ်မျိုးကြောင့် ရရှိမယ့် အကျိုးနှစ်မျိုးကို ပတ်ချာလှည့် တွဲစပ်ကြည့်ရင် အကျိုးလေးမျိုး ဖြစ်လာမယ်။
- ပညာတတ်တဲ့ သူဌေး၊
- ပညာမတတ်တဲ့ သူဌေး၊
- ပညာတတ်တဲ့ လူမွဲ၊
- ပညာမတတ်တဲ့ လူမွဲ။
ဒီလေးမျိုးထဲမှာ "ပညာတတ်တဲ့ သူဌေး"ဖြစ်ရတာ အကောင်းဆုံးပေါ့။ အကောင်းဆုံးအကျိုး ရဖို့ ကုသိုလ်နှစ်မျိုးလုံး လုပ်ပေတော့။ ပညာ ဘယ်လောက်တတ်မလဲ၊ ပစ္စည်း ဘယ်လောက်ချမ်းသာမလဲ ဆိုတာကတော့ ကုသိုလ်နှစ်မျိုးကို ဘယ်လို ထက်ထက်သန်သန် စင်စင်ကြယ်ကြယ် မွန်မွန်မြတ်မြတ် ပြုလုပ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။
ငြိမ်းချမ်းကြပါစေ။