မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့ပြင် ပြင်ဦးလွင်အထွက် မြို့သစ်၊ မြရည်နန္နာ၊ စက်မှုဇုံ ဘက်တို့၌ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်တော်လေးဆည် ကျိုးပေါက်ခြင်း တို့ကြောင့် လူနေ ရပ်ကွက်များ အတွင်း ရေပြည့်လျှံနေပြီး အိုးအိမ်များ ဆုံးရှုံးလျက်ရှိသလို အချို့နေရာများ၌ အသက်သေဆုံးမှုများ အထိ ဖြစ်ပေါ်လျက် ရှိနေကြောင်း၊ ယခုလည်း နောက်ထပ် ၅ နာရီအတွင်း ၃ ပေခန့်အထိ ရေထပ် တက်လာနိုင်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက လော်စပီကာ များဖြင့် လိုက်လံ သတိပေး နိုးဆော်လျက် ရှိနေကြောင်း သိရသည်။
ရေဘေး ဒုက္ခသည်များမှာ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ဘုန်းကြီးကျောင်းများ ဓမ္မာရုံများတွင် စုပေါင်း တည်းခိုနေကြပြီး အလှူရှင်များ လာရောက် လှူဒါန်းသော ထမင်းထုပ်များနှင့် အခြားသော အကူညီများ အပေါ် မှီခို အားထားနေရကြောင်း၊ မန္တလေးမြို့တွင်းမှ ပြည်သူများက ရေဘေး ဒုက္ခသည်များ ရှိရာသို့ မိမိတို့ အစီအစဉ်များဖြင့် ကိုယ်တိုင် သွားရောက်ကြပြီး လှူဒါန်းခြင်းများလည်း ရှိနေကြသော်လည်း လောက်ငှမှုမရှိဘဲ လိုအပ်နေသေးကြောင်းလဲ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သူ မသန်း က ပြောကြားခဲ့သည်။
"ညီမလေးတို့ သွားခဲ့တာတော့ အင်းခရု စက်မှုပေါ့နော်၊ တနည်းအားဖြင့် ချမ်းမြသာစည်ဘက်၊ အဲမှာတော့ ရေတွေ ခါးလောက်အထိ ရောက်နေတယ်၊ တချို့ အရမ်းရေကြီးတဲ့ နေရမှာဆို အိမ်ခေါင်မိုးလေးတွေပဲ မြင်ရတယ်၊ သွားရေးလာရေး အခက်ခဲကြောင့် နေရာအစုံတော့ မရောက်သေးဘူး။ ရေဘေး ဒုက္ခသည်တွေ နေတဲ့ ဓမ္မာရုံ နဲ့ ရေကြီးနေတဲ့ နေရာ အနည်းနည်းလောက်ဘဲ ရောက်ခဲ့တယ်။ အဆိုးဆုံး နေရာတွေကတော့ မန်းလေး ပြင်ဦးလွင် အထွက် ရွှေစာရံ၊ ဆည်တော်လေး ဘက်မှာ အတော်ဆိုးတယ်။ လူလည်း သေတယ်လို့ ကြားတယ်။ ဘယ်လောက် သေတယ်တော့ အတိအကျ မသိပါဘူး။ ဆည်တော်လေး ဆည်ကို ဖောက်ချလိုက်တာလေ။ အိမ်တွေ မြုပ်တယ်။ ရေဘေး ဒုက္ခသည်တွေက ဓမ္မာရုံတွေမှာ နေကြပြီး အစားအသောက်တွေ အတွက် အလှူရှင်တွေကို အဓိက အားထားရပါတယ်။ ပြောရရင်တော့ မကောင်းဘူး။ အချို့ အဖွဲ့တွေက ပိုက်ဆံကောက် နေတာတွေ ရှိတယ်။ အဲ့ဒီ ပိုက်ဆံ တွေ ဒုက္ခသည်တွေ ဆီ တကယ်ရောက် မရောက် သေချာ မသိနိုင်လို့ အမျိုးတွေနဲ့ ကိုယ်တိုင်ဘဲ သွားလှူလိုက်ပါတယ်။ မန်းလေးမှာတော့ ၆၄ နှစ်အတွင်း မိုးရေချိန် စံချိန်တင်ကို ရွာတယ်။ အောက်တိုဘာ ၈ ရက်နေ့ကစရွာတာ မိုးရေချိန် 5.12 လက်မ အထိ ဖြစ်သွားပါတယ်။ " ဟု ပြောကြားခဲ့သည်။
တောင်ကျရေများ ကျဆင်းခြင်းကြောင့် ဆည်တော်လေး ဆည်မှာ လွန်ခဲ့သောလ ၁၇ ရက်နေ့ညက ကျိုးပေါက်ခဲ့ခြင်း ဖြစ်ပြီး ဆည်စတင် ကျိုးပေါက်သည့်နေ့ကပင် အိမ်ခြေ ၁၅၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။ ယခုအချိန်အထိ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းလျက် ရှိနေသဖြင့် ရေဘေးဒုက္ခသည်များ ပိုမိုတိုးလာခြင်း ဖြစ်ပြီး ဆက်လက် အခက်ကြုံနေရခြင်း ဖြစ်သလို အလှူရှင်မျာ အကူညီများလည်း လိုအပ်လျက် ရှိနေကြောင်း သိရသည်။
သတင်းနှင့် ဓါတ်ပုံများအတွက် မန္တလေးမြို့မှ ညီမလေးဖြူ အား အထူး ကျေးဇူးတင်ပါကြောင်း
ဆက်ဖတ်ရန်