ဒီနေ့ အိမ်ရှင်မလေး ဧကရီ အစီအစဉ်ကနေ အကြင်နာနန်းတော်ဆိုက်ဒ်လေးကို လည်လည်လာတဲ့ သူငယ်ချင်းတွေအတွက် တစ်နေ့ တစ်မျိုး မရိုးရအောင် ဧကရီ ရဲ့  လက်ရာလေး ဖြစ်တဲ့ ရှမ်းခေါက်ဆွဲ
လုပ်နည်းလေး ရေးပေးသွားပါမယ်နော်..
လိုအပ်တဲ့ ပစ္စည်းလေးတွေက တော့
ကြက်သား အရိုး အသားလွှာ နှစ်မျိုး
ရှမ်းခေါက်ဆွဲ ( ရေစိမ် သို့ ဆန်စီး)
မြေပဲမီးလျော်
နှမ်းမီးလျော်
ပဲငံပြာရည်
ငရုတ်သီးမှုန့်ကြော်
ခရမ်းချဉ်သီးမှည့်
ကြက်သွန်နီ
နံနံပင်
ငရုတ်ကောင်းမှုန့်
ဝက်ခေါက်ကြော်
ကြက်သွန်ပင်
သံပုရာသီး တို့ဖြစ်ပါတယ်..
ချက်နည်းလေးကတော့
အရင်ဦးဆုံး ရှမ်းခေါက်ဆွဲဖတ်လေးတွေကိုရေစိမ်ထားရပါ့မယ်။
ကြက်သားအသားလွှာလေးတွေကိုအတုံးသေးသေးလေး တုံးပြီးဆီအနည်းငယ် နဲ့ ဆား ကြက်သားမှုန့်
လေးထည့်ကာ (အချိုမုန့် အစားထိုး ကြက်သားမုန့်ထည့်တာပါ) အဖြူထည်လေး နှပ်ထားရပါ့မယ်..
ခရမ်းချဉ်သီးမှဲ့လေးကို ကြက်သွန်နီဥ လေးနဲ့ ကြိတ်စက်လေးနဲ့ကြိတ်ပြီး ဆီပြန်နှပ်ချက်လေး ချက်ထားရပါ့မယ်။အနှစ် လေးရအောင်ပါ။
မြေပဲမီးလျော် နှမ်းမီးလျော်လေး ကို အမှုန့် ထောင်းထားရပါမယ်။
နောက် အရိုးကို ပြုတ်ပြီး ဆား ကြက်သားမှုန့်လေးနဲ့ အရည်သောက်လေး
ရအောင်ပြုတ်ထားပြီး ငရုတ်ကောင်းမှုန့်အနည်းငယ်ခတ်ရပါ့မယ်။
ဒါဆိုရင် စုံပြီမို့ ရှမ်းခေါက်ဆွဲဖတ်လေးတွေကို တစ်ခွက်စာ စကာလေးနဲ့ ကြက်သားပြုတ်အိုးထဲမှာပဲ
အနေတော် ဖြစ်အောင်ရေနွေးစိမ် ပြီး ဆယ်ယူလိုက်ပါမယ်.။
အဆင်သင့် လုပ်ထားတဲ့ ကြက်သားလေးတွေ ခရမ်းချဉ်ချက်လေးတွေနဲ့ ပဲငံပြာရည် အနည်းထည့်ပြီး
မြေပဲလျော် နှမ်းလျော်လေးတွေထောင်းပြီး အပေါ်ကဖြူးပေးရပါ့မယ်.။
အစပ်ကြိုက်သူတွေအတွက် ငရုတ်သီးမှုန့်ကြော် နဲ့ ထည့်စားပေါ့။
နံနံပင် နှင့် ကြက်သွန်ပင်လေး ကို ညှပ်ပြီး အပေါ်ကဖြူး..ငရုတ်ကောင်းမှုန့်
အနည်းငယ် ထပ်ဖြူး..
ဒါလေးက ရှမ်းချဉ်လို့ခေါ်တဲ့ ကြက်သွန်ချဉ်လေးပါ။ တွဲဖက်စားသုံး ဖို့လေ. မုန်ညင်းချဉ်
လေးနဲ့လဲ တွဲဖက်စားသုံးနိုင်ပါပြီ။
နောက် အသုတ်မစားချင်တဲ့သူတွေက ကြက်ရိုးပြုတ်ရည်လေး ထည့်လိုက်ရင်
ရှမ်းရည်စိမ် ရပါ့မယ်။ မှီးရှည်ဖတ်လေးတွေနဲ့ လည်း လုပ်စားလို့ရပါတယ်။
ကဲ စားချင်သူတွေအတွက် အားလပ်ရက်လေးမှာ အပျင်းပြေလေး လုပ်စားကြည့်ကြစို့နော်..
***ဧကရီ***