ထိုသို့ ဆေးပေါင်းခသော တန်ဆောင်မုန်းလပြည့်နေ့ညတွင် မယ်ဇလီဖူးကို ခူးယူ သုပ်စားခြင်းဖြင့် ရှိပြီးသား ရောဂါဘယများ လျော့ပါး ပျောက်ကင်းစေ၍ ကျန်းမာသက်ရှည် အနာမဲ့စေသည်ဟု မြန်မာလူမျိုးနှင့် အိန္ဒိယနိုင်ငံရှိ လူမျိုးစု အချို့တွင် အယူအဆရှိကြသည်။
အကြမ်းဖျဉ်းအားဖြင့် တန်ဆောင်မုန်းလပြည့်နေ့ည ၁၂ နာရီခန့်ဟု သတ်မှတ်ကာ မယ်ဇလီဖူးများ ခူးသုပ်စားခြင်း အလေ့ရှိခဲ့ကြသော်လည်း နက္ခတ် အသွားအလာ တည်နေပုံပေါ် မူတည်ပြီး တွက်ချက်ရခြင်း ဖြစ်သောကြောင့် ထိုသို့ ဆေးပေါင်းခသော အချိန်သည် နာရီအားဖြင့် တစ်နှစ်နှင့် တစ်နှစ် တိတိကျကျ မရှိကြောင်း၊ ပြီးခဲ့သော နှစ်က ဆေးပေါင်းခသော နက္ခတ်၏ တိုက်ဆိုင်ချိန်မှာ တန်ဆောင်မုန်း လပြည့်နေ့ မဟုတ်ခဲ့ဘဲ လပြည့်ကျော် ၁ ရက်နေ့ ဖြစ်ခဲ့ကြောင်း ရိုးရာနက္ခတ်ပညာရှင်တစ်ဦး ဖြစ်သူ ကိုနိုင်မော်ကွန်းက သို့ ပြောပြခဲ့သည်။
ထိုနေ့တွင် တနင်္လာဂြိုဟ်(Moon, လ)သည် ကမ္ဘာမြေမှ မိုင်ပေါင်း ၂၄၁၇၀၀ မိုင် အကွာခန့်တွင် ရှိနေမည် ဖြစ်ပြီး တနင်္လာဂြိုဟ် လသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်တွဲမည် ဖြစ်သောကြောင့် ယခုနှစ် တန်ဆောင်မုန်း လပြည့်နေ့မှ နောက်နှစ်တန်ဆောင်မုန်း လပြည့်နေ့ကြား တစ်နှစ်တာကာလအတွင်း ကမ္ဘာပေါ်ရှိ ရေနံ၊ ရွှေငွေသတ္တု၊ သဘာဝဓာတ်ငွေ့၊ ကျောက်သံပတ္တမြား၊ပုလဲ စသော မြေထွက် ရေထွက် သယံဇာတများ ရှာဖွေနေသည့် လုပ်ငန်းများ သယံဇာတသိုက် အသစ်များ တွေ့ရှိခြင်း၊ ရှိရင်းစွဲတွင်းများမှ မှန်းထားသည်ထက် ပိုမို ထွက်ရှိနိုင်ခြင်း စသည့် အကျိုးစီးပွားများ အထူး ဖြစ်ထွန်းမည် ဖြစ်ကြောင်း၊
ကြိတ္တိကာ နက္ခတ်သည် စောရနက္ခတ် ဖြစ်သောကြောင့် သဘာဝသယံဇာတများ ခိုးထုတ်ခြင်း၊ တရားမ၀င် မှောင်ခို ဈေးကွက် ထွန်းကားခြင်း စသည့် သက်ရောက်မှုများကိုတော့ သတိထားသင့်ကြောင်း၊ ဤသို့ ခိုးဝှက်ချင်စိတ်များကို လျော့ပါးစေရန် ကျီးမနိုးပွဲကို ရှေးလူကြီးများက အမြော်အမြင် ရှိရှိနှင့် ကျင်းပဆင်နွှဲစေကာ အပျော်နှင့် ဖြေဖျောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကိုနိုင်မော်ကွန်းက ဆက်လက် ရှင်းလင်း ပြောပြခဲ့သည်။
ယခုလာမည့် တန်ဆောင်မုန်းလပြည့်နေ့တွင် အင်္ဂါဂြိုဟ် (Mars) နှင့် ဗုဒ္ဓဟူးဂြိုဟ် (Mercury) တို့သည် (21-11-2010, 06:49) အချိန်တွင် ပူးယှဉ်မှု စတင် ဖြစ်ပွားမည် ဖြစ်ပြီး (21-11-2010, 18:30) အချိန်ခန့်အထိ တည်ရှိနေနိုင်ကြောင်း၊ အနောက်အရပ် မိုးကောင်းကင်တွင် အဆိုပါ ဂြိုဟ်နှစ်လုံးကို ကြယ်နှစ်လုံးအဖြစ် ထိုနေ့ညနေ ၆ နာရီကျော်တွင် မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ ပူးယှဉ်လျက် ရှိသော အင်္ဂါဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ် တို့သည် တနင်္လာဂြိုဟ်နှင့် ဆန့်ကျင်ဘက် အားပြိုင်မှု အနေအထားတွင် တည်ရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံမှ သတင်းထုတ်ပြန်ထားသည်။