ဆံပင်တုပြုလုပ်သူ ဒီဇိုင်းနာတစ်ဦးက မော်ဒယ်လ်တွေရဲ့ ဦးခေါင်းပေါ်က သူ့လက်ရာပစ္စည်းတွေကို လူအများ အာရုံစိုက်အောင် ဆွဲဆောင်လိုက်တဲ့ ဖက်ရှင်ပြပွဲက အံ့သြစရာ။ လန်ဒန် ဖက်ရှင်သီတင်းပတ်ကို လှုပ်ရှားရိုက်ခတ်စေခဲ့ပါတယ်။
အသက်(၂၄)နှစ်သား ဒီဇိုင်နာ ချာလီ လီမင်ဒူက မနေ့က သူ့ရဲ့လက်ရာ ဖက်ရှင်ပစ္စည်းတွေကို ပြပွဲလုပ်သွားခဲ့ပုံက မော်ဒယ်လ်တွေကို အ၀တ်ဗလာနဲ့ စင်ပေါ်မှာ လမ်းလျှောက်ခိုင်းလိုက်တာပါပဲ။
သူ့ရဲ့ဖန်တီးမှု ဒေါက်မြင့်လည်ရှည်ဖိနပ်တွေ၊ ဦးထုပ်တွေ၊ လွယ်အိတ်တွေ၊ ဆံတုတွေနဲ့ အခြားလက်ရာလေးတွေနဲ့ စင်ပေါ်တက်လမ်းလျှောက်ခဲ့ကြတဲ့ မော်ဒယ်လ်မိန်းမချောတွေရဲ့ ကိုယ်ခန္ဓာမှာ အ၀တ်အစား နည်းနည်းလေးတောင် မပါခဲ့ကြပါဘူး။ အင်ပါယာကြီးရဲ့ နောက်ဆုံးဝတ်စုံ နတ်ဝတ်နတ်စားနဲ့ လမ်းလျှောက်မော်ဒယ်လ်တွေရဲ့ ဘယ်နေရာကိုကြည့်ပြီး ဖက်ရှင်အကဲဖြတ်ဆရာကြီးတွေ ကြည့်ရှုအကဲဖြတ် အမှတ်ပေးလေကြသလဲတော့ မသိပါ။
အမေရိကန်နိုင်ငံမှနာမည်ကျော် အဆိုတော်အကမယ် လေဒီဂါဂါက ဒီဖက်ရှင်ဒီဇိုင်းနာရဲ့ လက်ရာတွေကို သုံးစွဲဝတ်ဆင်တတ်ကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ လီမင်ဒူဟာ သူ့နာမည်ရင်းနဲ့ပဲ ဖက်ရှင်လောကထဲကို ၀င်ရောက်ခဲ့လာခဲ့တာ တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဆန်းပြားသစ်လွင်တဲ့ သူ့ရဲ့လက်ရာတွေကြောင့် ဖက်ရှင်စာမျက်နှာတွေမှာ ခေါင်းကြီးပိုင်းက နေရာယူနိုင်တာ တွေ့ရပါတယ်။ အီဖယ်မျှော်စင်ပုံစံ ခေါင်းဆောင်းဆံပင်တုဟာ သူ့ရဲ့ ကျော်ကြားတဲ့ ဖက်ရှင်လက်ရာတစ်ခုပေါ့။
ပြီးခဲ့တဲ့နှစ်က ဖက်ရှင်သီတင်းပတ်တစ်ခုမှာ လီမင်ဂူဟာ တကယ့်ကြွက်တွေရဲ့ အရေပြားအမွှေးအမျှင်တွေနဲ့ ပြုလုပ်ဖန်တီးတဲ့ ဦးခေါင်းအဆင်အယင်တွေ ဖက်ရှင်ရှိုးပြခဲ့လို့ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေ ဒေါသပေါက်ကွဲခဲ့ရပါတယ်။ ဒီလို ထူးထူးခြားခြား ဖက်ရှင်ပြပွဲ ဖန်တီးခဲ့တဲ့ လီမင်ဂူကို သတင်းသမားတွေက လူထုရဲ့ တုန့်ပြန်မှုကို မစိုးရိမ်ဘူးလားလို့ မေးခွန်းထုတ်ခဲ့တော့ သူက "ကြွက်တွေကို မြွေစာကျွေးတာနဲ့စာရင် အလှအပတွေ ဖန်တီးလိုက်တာက ပိုကောင်းတယ်လို့ ထင်ပါတယ်"လို့ ဖြေကြားခဲ့ပါတယ်။
သူရဲ့နောက်ဆုံးပေါ် ဖန်တီးမှုလက်ရာတွေကို လက်တွေ့လောကမှာ ၀တ်ဆင်ကြတာ ရှားပါးပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်တစ်ခုမှာ မွေးဖွားခဲ့တဲ့ လီမင်ဂူဟာ ဆံပင်ပညာကို Vidal Sassoon နဲ့ Toni & Guy တို့မှာ ဆည်းပူးခဲ့ပြီးတော့မှ နောက်ပိုင်းမှာ ဆံတုဖန်တီးမှုဖက်ကို ပြောင်းလဲလာခဲ့တာပါ။ သူဟာ လန်ဒန်အရှေ့ပိုင်း Shoreditch မှာ စတူဒီယိုတစ်ခု ဖွင့်လှစ်ခဲ့ပြီးတော့ လန်ဒန်ဖက်ရှင်လောကမှာ နေရာရအောင် ကြိုးစားခဲ့တာပါ။
ခုဖက်ရှင်ပြပွဲဟာ သူ့ရဲ့ ဒုတိယမြောက် လန်ဒန်ဖက်ရှင်သီတင်းပတ်ပဲ ဖြစ်ပါတယ်။ ဖက်ရှင်လောကရဲ့ အထင်ကရ အရေးပါလှတဲ့ ပြပွဲမဟုတ်ပေမဲ့ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တာပါ။ လီမင်ဂူက ပြပွဲဝက်ဘ်ဆိုက်မှာ သူစိတ်ဝင်စားတဲ့အရာကို ဖော်ပြသွားခဲ့ရာမှာတော့ လော့စ်အင်ဂျိလိစ်က အဖော်အချွတ်တွေနဲ့ လိင်ဆွဲဆောင်မှုမှာ နာမည်ကြီးလှတဲ့ ညှို့ဘုရင်မ ချားတို့ကို ညွှန်းသွားခဲ့ပါတယ်။
(ဒီလိုလေးတွေ ရှိတယ်ဆိုတာ သိရအောင် တင်ပေးခြင်းဖြစ်ပါသည်။အချိန်လဲရ တောင်းဆိုသူလဲ များမယ်ဆိုရင် မျက်စိမှိတ်ပြီး ကိုယ်လုံးတီးစက်ဘီးပြိုင်ပွဲလေးပါ တင်ပေးပါအုံးမည်။)