Asia Wingအမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တစ်ခု မကြာမီအချိန်အတွင်း ထပ်မံပေါ်ပေါက်လာရန် ရှိကြောင်း လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းများထံမှ သတင်းရရှိပါသည်။
"လေကြောင်းလိုင်းရဲ့ နာမည် ကို Asia Wing လို့အမည်ပေးထားတယ်လို့တော့ သိရပါတယ်။ ဒီနာမည်နဲ့ပဲ အတည်ပြုပြေးဆွဲမှာလား ဆိုတာတော့ သေချာမသိပါဘူး" ဟု ပြည်တွင်း လေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။
အဆိုပါ လေကြောင်းလိုင်းအား ခရီးသွားလုပ်ငန်း၌ အောင်မြင်မှုရရှိနေသည့် ခရီးသွားကုမ္ပဏီ တစ်ခုမှ ထူထောင်ပြေးဆွဲခြင်း ဖြစ်ကြောင်းလည်း နီးစပ်သည့်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။
"ကြားတာကတော့ လေယာဉ် လက်မှတ်လည်းရောင်းတယ်၊ ခရီးသွားလုပ်ငန်းလည်းလုပ်တဲ့ နိုင်ငံ သားပိုင်ကုမ္ပဏီတစ်ခုက လုပ်မယ်၊ ဒီခရီးသွားကုမ္ပဏီက ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း တစ်ခုနဲ့လည်း ဆက်သွယ်မှု ရှိတယ်လို့သိရတယ်"ဟု ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုပါသည်။
ပြေးဆွဲလျက်ရှိသည့် လေယာဉ်အချို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် |
Asia Wing အမည်ဖြင့် လေကြောင်းလိုင်းသစ် ထူထောင်ပြေးဆွဲမည့် ကုမ္ပဏီ၏ သတင်းအချက်အလက်နှင့် ပတ်သက်၍ ကြားသိရချက်အပေါ် အဆိုပါခရီးသွားကုမ္ပဏီအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ကျွန်တော်တို့ အနေနဲ့အခုချိန်မှာ ဘာမှသေချာ မပြောနိုင်သေးပါဘူး။ စီစဉ်နေတာတော့ရှိ ပါတယ်"ဟု ယင်းခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူက ပြန်လည်ပြောကြားခဲ့သည်။
နောက်ဆုံးကြားသိရသည့် သတင်းများအရလည်း လေကြောင်းလိုင်းသစ် ပြေးဆွဲရန်အတွက် လေယာဉ်ဝယ်ယူပြီးဖြစ်ကြောင်းနှင့် ၀ယ်ယူသည့် လေယာဉ်မှာ Air Bus အမျိုးအစားဖြစ်ကြောင်းလည်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိကပိုင်လေကြောင်း လိုင်းသုံးခုရှိကြောင်းနှင့် ယင်းတို့မှာ Air Bagan ၊ Air Mandalay နှင့် Yangon Airways တို့ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များ အရသိရသည်။ အဲကမ္ဘောဇ အမည်ရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တစ်ခုမှလည်း မကြာမီအချိန် အတွင်း ပြည်တွင်း၊ ပြည်ပခရီးစဉ် များကို ပြေးဆွဲသွားရန် စီစဉ်မှုများ ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
http://www.news-eleven.com/ မှ ကူးယူဖော်ပြသည်။