လူငယ်တွေအကြားမှာ ကိုယ်ခန္ဓာကို အပေါက်တွေ ဖောက်ပြီး Fancy၊ အလှအပနဲ့ ယုံကြည်ရာ ဂီတနိမိတ်ပုံလေးတွေကို တပ်ဆင်၊ ၀တ်ဆင်ကြတာကို တွေ့နေရပါတယ်။ သန့်ရှင်းစွာ ပိုးသတ်ထားတဲ့ ကိရိယာတွေနဲ့ ဖောက်တယ် ဆိုရင်တော့ သိပ်ပြဿနာ မရှိပေမယ့် လျှာကိုဖောက်ပြီး Fancy ပစ္စည်း တပ်ဆင်တာမျိုး တွေကိုတော့ သွားနဲ့ခံတွင်း ဆရာဝန်တွေက အားမပေးကြဘူးလို့ အင်တာနက်က ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ဆောင်းပါးတွေမှာ တွေ့ရပါတယ်။ ဗြိတိန်က အသက် ၂၈နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ယောက်ဆိုရင် သူ့ရဲ့လျှာမှာ ဖောက်ပြီး တပ်ထားတဲ့ သတ္တုလုံး အသေးလေးက အသားထဲ နစ်မြုပ်သွားခဲ့လို့ ဖယ်ရှားမရ ဖြစ်ခဲ့ဖူးတယ်လို့ BBC မှာ ဆိုထားပါတယ်။
ပြည်သူ့ အချစ်တော် အနုပညာရှင်တွေမှာလည်း တချို့က ဒီလိုမျိုး တပ်ထားတော့ လူငယ်တွေ လိုက်လုပ်ချင်စရာ ဖြစ်နေပါတယ်။ ဗြိတိန် Spice Girls အဖွဲ့က နာမည်ကျော် တေးသံရှင် မဲလ်ဘီတို့ဆို အသည်းယားစရာ လျှာမှာ နားသန်သီးလေးနဲ့ပါ။ ဘယ်လိုပဲခံတွင်း ကျန်းမာရေးကို ဒုက္ခပေးတယ်လို့ ဆိုပါစေ။ ဒီဆင်ယင်မှုကတော့ တဖြည်းဖြည်း ရေပန်းစား လာနေဆဲလို့ ဆိုရမှာပါ။ “လျှာမှာ လျှောက်ဖောက်တာကို ကျွန်တော့်အနေနဲ့ လက်ခံဖို့ ခက်ခဲပါတယ်။ ခံတွင်းမှာ အပေါက်ဖောက်တယ်ဆိုတာ ရောဂါပိုးကူးဖို့ ဖြစ်နိုင်ခြေ သိပ်များပါတယ်။ ဥပမာ - HIV တို့၊ အသည်းရောင်အသားဝါ B တို့၊ C တို့ပေါ့။ ပြီးတော့ အကျိတ်ရောင်ပြီး ဖျားတာမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ ဗြိတိသျှ သွားနဲ့ခံတွင်းဂျာနယ်မှာ ရေးသားတဲ့ ဒေါက်တာတန်မာသီအိုဒိုစီ က ဆိုပါတယ်။
လျှာကို ဖောက်ပြီး အလှဆင်ပစ္စည်း တပ်ဆင်ခြင်းဟာ သွားကိုလည်း ပွန်းပဲ့စေတယ်လို့ သူက ဆက်လက် ပြောကြား ထားပါတယ်။ “တကယ်တော့ ဖောက်တဲ့နေရာမှာ သန့်ရှင်းမှုနဲ့ ကျန်းမာရေးကို သတိထားမှု တို့ဟာ အန္တရာယ်ကင်းရေးအတွက် အဓိကကျပါတယ်” ဟု လန်ဒန်မြို့မှာ အဆိုပါ အလှပြင် ခန္ဓာကိုယ် ဖောက်ပေးတဲ့ ၀န်ဆောင်မှု ပြုလုပ်နေသူ ဒေးဗစ်ပိုတက်ဇ်နစ်က ဆိုပါတယ်။ ကိုးလိုးကန့်လန့်လျှာက နားသန်သီးဟာ ကျန်းမာရေးနဲ့ လျော်ညီစွာ ဘယ်လိုပဲ တပ်ဆင်ထားပါစေ၊ ခိုးလိုးခုလုကြီး ဖြစ်နေမှာမို့ လှတာနဲ့၊ ကိုယ် သူ့အတွက် ကသိကအောက် စိုးရိမ်ရတာနဲ့မို့ ချိန်စက် ကြည့်စေလိုပါတယ်။