မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နေ့လည် ၂ နာရီ ၃၀ မိနစ် အချိန် ထုတ်ပြန်ချက် အရ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုက်ကလုံး မုန်တိုင်းကြီး ဂီရိ (Giri) သည် ပိုမိုအားကောင်းလာပြီး စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါ ဆိုက်ကလုန်း မုန်တိုင်း၏ အဆင့် သတ်မှတ်အချက်မှာ အနီရောင် (အရေးပေါ် အခြေအနေ) ဖြစ်ပြီး မုန်တိုင်း၏ ဗဟိုချက်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျင် ၇၅ မိုင်မှ ၈၅ မိုင်အထိ ရောက်ရှိနိုင်ပါသည်။ မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ တစ်နာရီလျင် ၁၅ မိုင်နှုန်းဖြင့် ဆက်လက် ရွေ့ရှားနေပြီး ယနေ့ညနေ ၅ နာရီခန့် အချိန်တွင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့များကြားသို့ ဖြတ်သန်း တိုက်ခတ်ကာ ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု သိရပါသည်။
မုန်တိုင်း တိုက်ခတ်ရာ ဒေသများတွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ရေမျက်နှာပြင်သည် ၁၂ ပေခန့်အထိ မြင့်တက်နိုင်သောကြောင့် ၎င်း ဒေသများအတွင် နေထိုင်သော ပြည်သူများသည် ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားသင့်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီဖြစ်ဝကျွန်းပေါ်ဒေသတို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်ကျရောက်စဉ် ရေပြင်မြေပြင်လေသည် ရခိုင်ကမ်းရိုးတန်းတွင် တစ်နာရီ ၇၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် တစ်နာရီလျင် ၅၀ မိုင်ခန့်အထိ တိုက်ခတ်နိုင်သောကြောင့် ပင်လယ်ကမ်းနီး ကမ်းဝေး ငါးဖမ်းစက်လှေများသည် မုန်တိုင်းနှင့် လွတ်ကင်းရာသို့ ကြိုတင်ရှောင်ရှားသင့်ကြောင်း အကြံပြုကြောင်း ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ သတိပေးချက် ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန