ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့သည့် ဥရောပ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်များတွင် အသင်းကြီးများ ဖြစ်ကြသည့် ရီးယဲလ်၊ အေစီ၊ ရိုးမား၊ ချယ်လ်ဆီးတို့ အသီးသီး နိုင်ပွဲ ရရှိခဲ့ သော်လည်း အာဆင်နယ် အသင်းမှာ ဘရာဂါ အသင်းအား ၂ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
အုပ်စု (E) ပွဲစဉ် ရိုးမားနှင့် ဘိုင်ယန် မြူးနစ်တို့၏ ပွဲကြီးပွဲကောင်း ပွဲစဉ်တွင် ဧည့်သည် ဘိုင်ယန် အသင်းက ဂိုးမက်ဇ်၏ ပထမပိုင်း သွင်းဂိုး ၂ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း အိမ်ရှင် အသင်းမှ ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးတို့ ပြန်လည် သွင်းယူနိုင် ခဲ့ခြင်းကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ၄၉မိနစ်တွင် ဘော်ရီရယ်လိုက ပထမ ချေပဂိုး သွင်းယူ ပေးခဲ့ပြီး ၈၁မိနစ်တွင် ဒီရော့စီက ဒုတိယ ချေပဂိုး သွင်းယူ ပေးခဲ့သည်။ အနိုင်ဂိုးကိုမူ ၈၄မိနစ်တွင် ပင်နယ်တီမှ တဆင့် တော့တီက သွင်းယူ ပေးခဲ့ပြီး ဘိုင်ယန် အသင်းအား ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အုပ်စုတွင်း အခြားပွဲစဉ် တွင်မူ ဘာဆယ် အသင်းက ကလုခ်ျ အသင်းအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် အုပ်စုတွင်း ရပ်တည်မှုတွင် ဘိုင်ယန် အသင်းက ရမှတ် ၁၂မှတ်ဖြင့် ဆက်လက် ဦးဆောင် နေကာ ရိုးမား အသင်းမှာမူ ရမှတ် ၉မှတ်ဖြင့် နောက်ဆုံးပွဲတွင် သရေ တစ်မှတ် ရရုံဖြင့် ၁၆သင်း အဆင့်သို့ တက်ရောက် နိုင်မည် ဖြစ်သည်။
အုပ်စု (F) ချယ်လ်ဆီးနှင့် ဇီလီနာတို့ ပွဲတွင်မူ ချယ်လ်ဆီး အသင်းက ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ သို့သော် ဧည့်သည် ကစားသမား ဘယ်လို၏ ၁၉မိနစ် သွင်းဂိုးကြောင့် နောက်မှ လိုက်ကစား ခဲ့ရပြီး ၅၁မိနစ်တွင် စတာရစ်ခ်ျက ချေပဂိုး သွင်းယူ ပေးခဲ့ကာ ၈၆မိနစ် အရောက်တွင် မာလူဒါက အနိုင်ဂိုး သွင်းယူ ပေးခဲ့သည်။ စပါတပ် မော်စကိုနှင့် မာဆေးလ်တို့ ပွဲတွင်မူ မာဆေးလ် အသင်းက ၃ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီး အသင်းမှာ ရမှတ် ၁၅မှတ်ဖြင့် ထိပ်ဆုံးတွင် ပြတ်ပြတ်သားသား ဆက်လက် ဦးဆောင် ခဲ့ကာ စပါတပ် မော်စကို အသင်းအား ဂိုးပြတ် အနိုင်ရခဲ့သည့် မာဆေးလ် အသင်းမှာ ရမှတ် ၉မှတ်ဖြင့် ရှုံးထွက် အဆင့်သို့ တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။
အုပ်စု (G) အေဂျက်စ်နှင့် ရီးယဲလ်တို့ ပွဲတွင်မူ ရီးယဲလ် အသင်းက အဝေးကွင်းတွင် ခြေစွမ်းပြကာ ၄ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ရီးယဲလ်အတွက် အနိုင်ဂိုး များအား ဘင်ဇီမာ၊ အာဘီလိုဝါတို့က ပထမပိုင်း ၃၆မိနစ်နှင့် ၄၄မိနစ်တို့တွင် လည်းကောင်း၊ ရော်နယ်ဒိုကို ဒုတိယပိုင်း မိနစ် ၇၀နှင့် ၈၁မိနစ်တွင် လည်းကောင်း အသီးသီး သွင်းယူ ပေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ၈၇ မိနစ်နှင့် မိနစ် ၉၀တို့တွင် အလွန်ဆိုနှင့် ရားမို့စ်တို့ ၂၀ါ ၁နီဖြင့် ကိုယ်စီ ထုတ်ပယ် ခံခဲ့ရသည်။ အော်ဇေးနှင့် မီလန်တို့ ပွဲတွင် မီလန် အသင်းက အီဗရာဟင်မိုဗစ်နှင့် ရော်နယ်လ်ဒင်ဟို တို့၏ ဂိုးများဖြင့် ၂ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။ ထို့ကြောင့် ရီးယဲလ် အသင်းနှင့် အတူ မီလန် အသင်းမှာ ရှုံးထွက် အဆင့်သို့ တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။ ရီးယဲလ် အသင်းသည် ၅ပွဲကစား ရမှတ် ၁၃မှတ်ဖြင့် အုပ်စု ပထမ ရရှိရန် သေချာခဲ့ကာ မီလန် အသင်းမှာမူ ရမှတ် ၈မှတ်တည်းဖြင့် တတိယ နေရာမှ အေဂျက်စ်အား ၄မှတ် အသာရကာ ရှုံးထွက်အဆင့် တက်ရောက် ခဲ့ခြင်း ဖြစ်သည်။
ဘရာဂါနှင့် အာဆင်နယ်တို့ ပွဲတွင်မူ မားသီးယက်စ်၏ ၈၃မိနစ်နှင့် မိနစ် ၉၀ကျော် သွင်းဂိုး ၂ဂိုးဖြင့် အိမ်ရှင် ဘရာဂါတို့ အနိုင်ရရှိ သွားခဲ့သည်။ ထို့ကြောင့် ချန်ပီယံလိဂ်တွင် ၂ပွဲဆက် ရှုံးပွဲ ကြုံတွေ့ ခဲ့ရကာ နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် ၂ပွဲတွင်လည်း ၂ပွဲစလုံး ရှုံးနိမ့်ခဲ့ရသည်။ အခြား အုပ်စုတွင်း ပွဲစဉ်တွင်မူ ပါတီဇန် အသင်းအား ရှာတာဒိုးနက် အသင်းက ၃ဂိုးပြတ်ဖြင့် အဝေးကွင်းတွင် အနိုင်ရရှိ ခဲ့သည်။ ထိုရလဒ်ကြောင့် အာဆင်နယ် အသင်းသည် ရှုံးထွက် အဆင့်သို့ တက်ရောက်ရန် နောက်ဆုံး ပွဲစဉ်အဖြစ် အုပ်စု အောက်ဆုံးမှ ပါတီဇန် အသင်းအား အန်းမရိတ်စ်တွင် အနိုင်ကစား ရတော့မည် ဖြစ်သည်။