ခေတ်မီ အ၀တ် အစားတွေ၊ နိုင်ငံ တကာ ဖက်ရှင်တွေ ဘယ်လိုပဲ ခေတ်စားစား၊ ၀မ်းတွင်းမြို့က ပုဆိုး တွေထက်၊ အမရပူရမြို့က ရက်ကန်းထည် တွေထက် ပိုပြီး တာမသွား နိုင်ပါဘူး။ မြန်မာ လူမျိုး ဆိုတာ ရိုးရာ ပုဆိုး၊ လုံချည် ၀တ်ဆင်ကြတဲ့ သူတွေမို့ ဘယ်လို ခေတ်ရှေ့ပြေးတဲ့ ကာလမှာ ဖြစ်ဖြစ် မြန်မာ့ ရိုးရာ ၀တ်စုံတွေ တိမ်ကော သွားမှာ မဟုတ်ပါဘူး။ အသစ် အဆန်းကို ခုံမင်ပြီး ခေါင်းကနေ ခြေဖျား အထိ ဖက်ရှင် ကျတာ၊ စတိုင်လ်၊ စမတ် ကျတာကို ရွေးချယ် ၀တ်ဆင် လာကြတဲ့ ဒီနေ့ခေတ် လူငယ် တွေရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်း နိုင်ဖို့ အတွက် မြန်မာ့ ရိုးရာ ယက်ကန်းထည် တွေ ကလည်း ရှေးရိုး အတိုင်း မဟုတ် တော့ဘဲ အပြင် အဆင်၊ ဒီဇိုင်း၊ စိတ်ကူး စိတ်သန်းတွေ ဆန်းသစ် တီထွင် လာကြ ရပါတယ်။
အမရပူရတောင်မြို့ က လွန်းရာကျော် ပိုးကြီး ချိတ် တွေဟာ ကမ္ဘာသိ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ပွဲနေ ပွဲထိုင် ၀တ်စုံ ဖြစ်ပါတယ်။ အရင်က ပိုးကြီးချိတ် တွေကို အရောင် တောက်တောက် အဆင် ကြီးကြီးတွေ ၀တ်ဆင် ခဲ့ကြပေမဲ့ ဒီဘက်ခေတ် မှာတော့ အရောင်ဖျော့ ၊ အရောင်ငြိမ်၊ အဆင် နုပ်လေးတွေ ခေတ်စား နေပါတယ်။ အခုဆိုရင် ချိတ်တစ်ထည် တည်းမှာပဲ အရောင် အသွေးစုံ၊ အပွင့် အခက်စုံနဲ့ ပရပိုက်ချိတ်လို့ ခေါ်တဲ့ ချိတ်လုံချည်တွေ ပွဲလယ် တင့်နေ ပါတယ်။ ၂၀၀၅ ခုနှစ် ဒီဘက် ပိုင်းမှာ မြန်မာ့ရိုးရာ ပိုးထည် တွေက အမျိုးမျိုး ဆန်းသစ် လာပြီး ဒီဇိုင်း တွေလည်း ရာသီ အလိုက် ပေါ်ထွက် လာကြ ပါတယ်။ အရင်က ပိုးကြီးချိတ် တွေကို လွန်းတစ်ရာ၊ နှစ်ရာပြည့် ခတ်ကြပေမဲ့ အခု လွန်း ငါးဆယ်၊ ခြောက်ဆယ် လောက်ပဲ ခတ်ကြ ပါတော့တယ်။ လွန်းတစ်ရာ နှစ်ရာ အပြည့်က အကျော်တွေ အယှက်တွေ ပါပြီး တစ်ကွင်းကို နှစ်လ လောက် ခတ်ယူ ရပါတယ်။ လုံချည်ရဲ့ တန်ဖိုးထက် အချိန်ရဲ့ တန်ဖိုးကိုပဲ တွက်ယ ရမလို ဖြစ်နေ ပါတယ်။ ၀ယ်တဲ့ အခါမှာလည်း မြန်မာ တွေက အလှဘက်က ကြည့်ပြီး ၀ယ်တတ် ကြပေမဲ့ နိုင်ငံခြားသား တွေက ပြောင်းပြန် ကြည့်ပြီးမှ ၀ယ်တတ်တဲ့ အတွက် လွန်းကျော် ခတ်လို့ မရပါဘူး။
အချိန်လည်း ကြာ၊ လုပ်ငန်းရှင် တွေက လည်း လုံလောက်အောင် လက်ခ မပေး နိုင်တဲ့ အတွက် ပညာရှင် တချို့ဟာ ရက်ကန်း မခတ် တော့ဘဲ လုပ်ငန်း ပြောင်းကုန်ကြ ပါတော့တယ်။ ပညာရှင်တွေ တိမ်ကောကုန်မယ့် အခြေအနေ ဖြစ်လို့ လုပ်ငန်းရှင် တွေ ဘက်ကလည်း ရက်ကန်း မမြင်ဘူးတဲ့ ကလေး တွေကို သင်ပေးပြီး အသစ် မွေးထုတ်ဖို့ အားထုတ် ရတဲ့ အတွက် ကြန့်ကြာ ပါတယ်။ ရခိုင် ပုဆိုးခေတ် မှာတော့ အရောင် ဆန်းတွေ၊ ကြားရောင် တွေ အများကြီး ပေါ်လာပြီး ပညာပိုင်း မှာလည်း တော်တော် ရလိုက်ကြတယ် လို့ဆိုပါတယ်။ တကယ်တော့ ရက်ကန်း ခတ်တတ်တယ် ဆိုတာ ကျေးလက်နေ လုံမငယ်တွေ အတွက် ထမင်းစား လက်မှတ် ပါပဲ။ ဒီဘက် ခေတ်မှာ ပိုးချိတ် တွေကို နိုင်လွန်၊ လက်ကော်၊ ဇာချည် ဖဲလွှား စတာတွေနဲ့ ပြောင်းပြီး ချိတ်ခတ် ကြတာလည်း ရှိပါတယ်။
Model- Lin Lat Myo
Photo- Bo Group and k Zar
မြန်မာ့ ရိုးရာ အလှူ မင်္ဂလာ ဧည့်ခံပွဲ တွေမှာ မြန်မာ့ ရိုးရာ ပိုးထည် တွေနဲ့မှ ပွဲဝင်တယ် ဆိုတာ မြန်မာ လူမျိုးတိုင်းရဲ့ ခံယူချက်ပါ။ ပိုးထည်မှာ ချိတ်လိုင်းနဲ့ ပိုးပြောင်လိုင်း ရယ်လို့ နှစ်မျိုး ခွဲလို့ ရပါတယ်။ ပိုးချိတ်ကို သတို့သမီး၊ အလှူ့အမ စတဲ့ ကာယကံရှင်တွေ အ၀တ်များပြီး ပိုးဗြောင် တွေကို ပွဲသွား ပွဲလာ တွေက ၀တ်ဆင် ကြပါတယ်။ ပိုးချိတ် တွေဟာ အနည်းဆုံး ကျပ် ငါးထောင် ကနေ သုံးသောင်း ငါးထောင် အထိဆို ကောင်းကောင်း ကြီးကို လှလှ ပပ ပွဲဝင်ပါပြီ။ အရင်ဆုံး ပိုးဗြောင်မှာ ဒူးနားချိတ်၊ ဒူးနား ပန်းလေးတွေနဲ့ ပေါ်လာ ပါတယ်။ နောက် ပိုးဗြောင်ပေါ်မှာ ဆေးရေး ပန်းချီတွေ တစ်ခေတ် ဆန်းလာ ပါတယ်။ ဆေးရေး ပန်းချီ ဒီဇိုင်းတွေ ပေါ်မှာမှ ရွှေကြိုး ငွေကြိုးတွေနဲ့ အနားသတ် ထားတဲ့ ကြိုးထိုး ပိုးထည်တွေ ပွဲဝင်လာပြီး ရွှေရေး ငွေရေးတွေ တစ်ခေတ် ဖြစ်လာ ပါတယ်။ ဒါတွေ အားလုံးဟာ ကာလတိုလေး အတွင်းမှာပဲ အသစ် အသစ်တွေ ဖြစ်လာ တာပါ။ အခု နောက်ဆုံးပေါ် ဒီဇိုင်းသစ် ကတော့ ပိုးထည် ပေါ်မှာ ရေးဆွဲတဲ့ ဖောင်းကြွ ပန်းချီ ဖြစ်ပါတယ်။
ဖောင်းကြွ ပန်းချီဟာ ပိုးထည်ပေါ် မရေးခင် လက်သည်း ပန်းချီက ဆင်းသက် လာတယ်လို့ ယူဆ ရပါတယ်။ လက်သည်းလေး တွေမှာ ဖောင်းကြွ လေးတွေ ရေးဆွဲ ထားတဲ့ ဆေးသားလေး မျိုးပဲ ဖြစ်ပါတယ်။ ဖောင်းကြွ ပေမဲ့ ကွာမသွားဘဲ အလျှော် အဖွတ် ခံတယ်လို့ သိရပါတယ်။ ဖောင်းကြွ ပန်းချီ ရေးဆွဲရာမှာ ပန်းချီဆရာရဲ့ အနုပညာ အပြင် ဆေးစပ်နည်း ကလည်း အဓိက ကျပါတယ်။ ဆေးစပ် ကောင်းမှ အရောင် ၊ ဒီဇိုင်းတွေဟာ မြင်ရသူ တွေကို ကြွရွတဲ့ အလှ အပ တွေနဲ့ ဆွဲဆောင် နိုင်မှာ ဖြစ်ပါတယ်။ ဆေးကို လူတိုင်း မစပ်နိုင်ကြ ပါဘူး။ ပညာရှင်တွေဟာ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းစာချုပ် ချုပ်ဆို အလုပ်လုပ် ကြပေမဲ့ သူတို့ရဲ့ နည်းပညာ တွေကို တော့ လျှို့ဝှက် ထားကြ ပါတယ်။ ဖောင်းကြွတွေ အမျိုးမျိုး ပေါ်ခဲ့ပေမဲ့ နူးနူး ညံ့ညံ့ အထိ အတွေ့နဲ့ ကြိုက်သလောက် လျှော်လို့ရတဲ့ ဖောင်းကြွ ပိုးထည်တွေကို အမရပူရ၊ ဦးပိန် တံတားထိပ်က `သဇင်နွယ် ရိုးရာ အထည်ဆိုင်´ က ဆန်းသစ် ဖော်ထုတ်ခဲ့ပါတယ်။
လူတွေဟာ အသစ်သစ် နောက်ကို လိုက်လေ့ရှိတာ တစ်ကြောင်း၊ ပန်းအစစ်လေး ကပ်ထား သလို အိစက်နေ တာကတစ်ကြောင်း ကြောင့် ဖောင်းကြွကို ပိုကြိုက်လာကြ ပေမဲ့ ဆေးပန်းချီ ထည်တွေ လည်း ရောင်းအား ကောင်းနေဆဲပဲ ဖြစ်ပါတယ်။ သဇင်နွယ် အထည်ဆိုင်မှာ ဖောင်းကြွ အထည် ငါးဆယ် ရောင်းရရင် ဆေးပန်းချီကလည်း အထည် သုံးဆယ်လောက် ရောင်းရတယ်လို့ သိရပါတယ်။
ဖောင်းကြွထည် အရောင် အဆင် အနေနဲ့လည်း အရောင် သုံးဆယ်၊ လေးဆယ် လောက် ရွေးချယ် စရာ ရှိပါတယ်။ အထည် ကုန်ကြမ်းတွေ ရဖို့ အတွက် အမရပူရ တောင်မြို့ ၀န်းကျင် ကရွာတွေမှာ အတန်းပေး ခတ်ခိုင်းရတာပါ။ စက်တန်းနဲ့ လက်တန်း နှစ်မျိုး ရှိပြီး လက်တန်းလို့ ခေါ်တဲ့ လက်ရက်ကန်းက တစ်ခါတည်း အဆင်တွေ ဒီဇိုင်းတွေ ပါပြီး ဖြစ်တဲ့ ချိတ်လုံချည် ကုန်ချော တွေ ထွက်ပါတယ်။ စက်တန်းမှာ အဖြူတန်းနဲ့ အနက်တန်း ရှိပြီး အဖြူတန်းက အရောင်နု အစုံ ထွက်ရှိပါတယ်။ အနက်တန်း ကတော့ အရောင်ရင့် အစုံ ထွက်ရှိပါတယ်။ အရောင်ဆန်း တွေလည်း ရရှိပါတယ်။ စက်တန်းက ကချင်ဆင်၊ ယောဆင်၊ ချိတ်ဆင် ပုဆိုးတွေ ထွက်တဲ့ အပြင်ပြောင်ဆင်တွေ အုပ်လိုက် ထွက်ပါတယ်။ အရောင် ဗြောင်တွေ ဘယ်လောက် လှလှ အပွင့်အခက် ဒီဇိုင်းပါတာ လောက်တော့ မ၀တ်ချင်ကြပါဘူး။ ဒါကြောင့် ဆေးပန်းချီ၊ ကြိုးထိုး၊ စီးကွင်းထိုး၊ရွှေရေး ငွေရေး၊ ကျောက်ကပ်၊ ဖောင်းကြွ စတာတွေ ပေါ်ပေါက် လာတာပါ။ ဖောင်းကြွမှာ သုံးတဲ့ ရွှေတွေမှာလည်း ကော်နဲ့ စပ်တဲ့ ရိုးရိုး ရွှေက ဈေးသက်သာ ပေမဲ့ အရောင်မှိန် လွယ်ပြီး အရည် အသွေး ညံ့တယ်။ ပိုးအစစ်မှာ ရွှေကြော လိုက်တဲ့ ရွှေက ပန်း ဒီဇိုင်း တွေကို ကြွနေ စေတယ်။ လှလည်း လှပြီး ကြာရှည် ခံတဲ့အတွက် ပစ္စည်း ကောင်းတွေ သုံးမယ်ဆိုရင် ၀မ်းဆက် တစ်ထည်အတွက် အရင်းဟာ ကျပ် တစ်သောင်း လောက် အထိ ကုန်ကျ တယ်လို့ သိရပါတယ်။
အစ ကတော့ လူတွေက သိပ်သတိ မထားမိ ကြဘူး။ ဒါနဲ့ ကျွန်မတို့ ညီအစ်မ တစ်တွေ ခေတ်မီ ပုံစံ လေးတွေ ချုပ်ဝတ်ပြလိုက် တော့မှ ကြိုက်သွားပြီး လာဝယ် ကြတာ။ ပုံမှန် ကွင်းတွေဆို ခြောက်တောင့်ထွာ ပဲလာတာ။ အရမ်းဝတဲ့ သူတွေပါ ၀တ်လို့ ရအောင် ခုနစ်တောင် လုပ်ထား တယ်။ပန်းဒီဇိုင်း တွေကို မှီငြမ်းရ တာလည်း ရှိတယ်။ ကိုယ်တိုင် ထွင်တာလည်း ရှိတယ်။ ၀ယ်သူတွေက အနက်ခံ ပန်းခင်းလမ်း ဒီဇိုင်းကို အရမ်း ကြိုက်တယ်။
နှစ်ထပ်ပန်းတို့ ဖောင်းကြွဇောင်း သစ်ခွတို့ စသည်ဖြင့် ဒီဇိုင်း ပေါ်လိုက်ပြီး နာမည်တွေ ပေးထားတယ်။ ဒီဇိုင်းကို တစ်သမတ်တည်း မထုတ်ဘဲ အီနေပြီ ဆိုရင် အသစ် ထုတ်တယ်။ တစ်လကို ၀မ်းဆက် အထည်တစ်ရာ ၀န်းကျင် ထွက်တယ်။ ထွက်သမျှ ရောင်းမလောက်ဘူး။ ကျွန်မတို့ ဖောင်းကြွကို ပိုပြီး လူသိများသွားစေတာက စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ဇာတ်ကား လာရိုက်ရင်း အစုံ ငါးဆယ် ၀ယ်သွားတယ်။ `ဧရာဝတီရဲ့ မနက်ဖန်´ ဇာတ်ကားမှာ စိုးမြတ်သူဇာက ကြာပန်း ဒီဇိုင်းနဲ့ နှင်းဆီပွင့် ဒီဇိုင်း ၀တ်တယ်။ စိုးမြတ်နန္ဒာက `ဖြေလိုက်ပါ´ အစီအစဉ်မှာ အိုး ဒီဇိုင်းလေး ၀တ်တယ်။ ဆက်ပြီးလည်း မရိုင်းတဲ့ ဒီဇိုင်း လေးတွေ တီထွင် ဆန်းသစ် သွားမှာပါ´ လို့ သဇင်နွယ် ရိုးရာ အထည်ဆိုင်က ပြောခဲ့ပါတယ်။ဖောင်းကြွ ၀တ်စုံတွေရဲ့ အလှကို ပုံဖော် ရိုက်ကူး ပေးခဲ့တဲ့ မော်ဒယ်လ် လင်းလက်ဖြိုး ကလည်း အခုလို ပြောခဲ့ပါတယ်။
``ရိုးရိုး မြန်မာ ၀တ်စုံ ၀တ်ထား တာနဲ့ ခေတ်ပေါ် အ၀တ် အစားတွေ ၀တ်ရတာနဲ့ ခံစားချက် ချင်း မတူပါဘူး။ ဂုဏ် သိက္ခာရှိပြီး ကိုယ့်ကိုယ့်ကိုယ် လုံခြုံမှု ရစေ ပါတယ်။ မြန်မာ ဆန်ဆန်လေး ၀တ်တာဟာ ဒီခေတ်မှာ အရိုးဆုံးက အဆန်းဆုံး ဖြစ်နေတဲ့ အတွက် အများရဲ့ အာရုံ စူးစိုက်မှုကို လည်း ရရှိပါတယ်´´ဖောင်းကြွ ပိုးထည်တွေကို လက်ကား ၁၂၀၀၀ ကျပ်ဈေးနဲ့ ဖောက်သည် ပေးပြီး သဇင်နွယ် အထည်ဆိုင်မှာ ၁၅၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ဒီဇိုင်းသစ် ပေါ် တိုင်းလည်း ဈေးတက် မယူဘဲ လက်ရှိ ဈေးနဲ့ပဲ ရောင်းချ ပေးပြီး မန်းမြန်မာ ပလာဇာ မှာလည်း ၀ယ်ယူနိုင် သလို နေပြည်တော်၊ ဖားကန့်၊ တာမခံ၊ လွယ်လယ် ဒေသ တွေကိုလည်း အတော် များများ တင်ပို့ရတယ်လို့ သိရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မြန်မာ့ ရိုးရာ ၀တ်စုံတွေ ပွဲလယ် တင့်နိုင် တာကတော့ ဂုဏ်ယူစရာပါ။
credit perfect magazine