ကမ္ဘာကျော် လူမှုကွန်ယက်ဝဘ်ဆိုက် Facebook သည် “@facebook.com” ဟူသော အီးမေလ်းလိပ်စာကို အသုံးပြုကာ သတင်း စကားပေးပို့ခြင်း နည်းစနစ် အသစ် (new messaging platform) တစ်ခုကို စတင် ဝန်ဆောင်မှု ပေးတော့မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့က ကြေငြာခဲ့သည်။
ဆန်ဖရန်စစ္စကို မြို့တော်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် Facebook ၏ အမှုဆောင် အရာရှိချုပ် Mark Zuckerberg မှ seamless messaging၊ conversation history နှင့် social inbox ဟူသော လုပ်ဆောင်ချက် အသစ် (၃) ခု ပေါင်းစပ်ထားသော ခေတ်မှီ သတင်းစကားပို့ ပစ္စည်း (modern messaging product) ဟုခေါ်ဆိုသည့် အီးမေလ်း နှင့် သတင်းစကား ပေးပို့ခြင်း နည်းစနစ် အသစ် စတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု အသစ်သုံးစွဲမည့် စနစ်တွင် SMS (မက်ဆေ့အတိုပေးပို့ခြင်း)၊ IMs (အင်တာနက်မှ ချက် မက်ဆေ့ အပြန်အလှန် ပေးပို့ခြင်း)၊ email (အီးမေလ်း မက်ဆေ့များ ပေးပို့ခြင်း) အစရှိသည့် အင်တာနက် အခြပြု ဆက်သွယ်မှု ပုံစံအမျိုးမျိုး ပေါင်းစပ် ပါဝင်မည်ဖြစ်ပြီး လက်ရှိအသုံးပြုလျက်ရှိသော Facebook.com မှ chat မက်ဆေ့ ပေးပို့သည့် စနစ်အပြင် အခြား နည်းစနစ်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Facebook မှ အသုံးပြုမည့် အဆိုပါ သတင်းစကားပေးပို့သည့် နည်းစနစ်အသစ်အား စာနယ်ဇင်း နှင့် မီဒီယာများက Gmail အသုံးပြုမှုအား အဆုံးသတ်စေမည့် အရာ (Gmail killer) အဖြစ် ရေးသား ဖော်ပြကြခြင်းနှင့် ပါတ်သက်၍ “ဒီစနစ်သစ်က အီးမေလ်း အသုံးပြုမှုကို အဆုံးသတ်စေနိုင်တဲ့ အရာ မဟုတ်ပါဘူး။ ဒါဟာ အီးမေလ်း စနစ်ကို အစိတ်အပိုင်း တစ်ခုအဖြစ် ပေါင်းစပ်ထည့်သွင်း ထားတဲ့ သတင်းစကား ပေးပို့လက်ခံတဲ့ စနစ်တစ်ခုပါ” ဟု Facebook ၏ အမှုဆောင် အရာရှိချုပ် Mark Zuckerberg မှ ပြန်လည် ဖြေရှင်းခဲ့သည်။
အီးမေးစနစ်သည် နှေးကွေးပါကြောင်း၊ ယနေ့ခေတ်၏ ခေတ်မှီ သတင်းအချက်အလက် ပေးပို့သည့် စနစ်မှာ အီးမေလ်းဖြစ်သည်ဟု မိမိတို့အနေဖြင့် မယူဆမိကြောင်း ၊ နောက် မျိုးဆက်သစ် သတင်းအချက်အလက် ပေးပို့သည့် စနစ်မှာ ရိုးရှင်း တိုတောင်းပြီး ပိုမိုမြန်ဆန်သော စနစ်ဖြစ်သင့်သည်ဟု Facebook ၏ CEO က ထပ်လောင်း ပြောကြားခဲ့သည်။
နာမည်ကျော် လူမှုကွန်ရက် Facebook သည် လာမည့်လမှစ၍ အဆိုပါ ဝန်ဆောင်မှု အသစ်များကို စတင် သုံးစွဲမည်ဖြစ်ပြီး Facebook အသုံးပြုသူများ အားလုံးသည် အဆိုပါ အီးမေလ်း နှင့် သတင်းစကား ပေးပို့ခြင်း နည်းစနစ် အသစ်ကို အသုံးပြုရန် ၎င်းတို့၏ username နှင့် ကိုက်ညီမည့် “@facebook.com” ပါဝင်သော အီးမေလ်းလိပ်စာများ ရရှိကြမည်ဟု သိရသည်။
credit - patheincity