ဘ၀သည် လူ၏ မြတ်နိုးစရာ အကောင်းဆုံးသော ပိုင်ဆိုင်မှု ဖြစ်၏။ သို့သော် မကိုင်တွယ် မဖြေရှင်းနိုင်သော ပြဿနာများ၊ ဆင်းရဲပြင်းထန်သည့် ၀န်ထုပ်ဝန်ပိုးများနှင့် တွေ့ကြုံ ရင်ဆိုင်ရသောအခါ ထိုဘ၀သည် မနှစ်သက်ဖွယ် ၀န်ထုပ်ဝန်ပိုး ဖြစ်လာ၏။ တစ်ခါတစ်ရံ၌ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံခြင်းဖြင့် ပုဂ္ဂိုလ်ရေး အကြပ်အတည်း အားလုံး ပြေလည်သွားလေမည့်အလား လူသားသည် သူ့ဘ၀ကို အဆုံးစီရင်ကာ သက်သာရာ ရှာတတ်၏။
ကိုယ်ကာယတို့ကို တန်ဆာဆင်ပြီး နှစ်သက်မြတ်နိုးကြ၏။ နှစ်သက်ဖွယ်ကောင်းသော၊ စွဲမက်ဖွယ်ဖြစ်သော၊ ဆွဲဆောင်မှုရှိသော ထိုထို ရူပကာယတို့သည် အသက်အရွယ် နှင့် ရောဂါဘယတို့ကြောင့် ပုံပျက်ပန်းပျက် ဖြစ်လာသောအခါ အလွန်အမင်း စက်ဆုပ်ဖွယ်ရာများ ဖြစ်လာ၏။
လူတို့သည် နှစ်သက် ပျော်မွေ့ဖွယ်ရာများ ၀န်းရံလျက်၊ ချစ်ခင် နီးစပ်သူတို့နှင့်အတူ အေးချမ်း ပျော်ရွှင်စွာ အသက်ရှင်လိုကြ၏။ သို့သော် ကြမ္မာဆိုးများကြောင့် ကောက်ကျစ်သော လောကသည် လူတို့၏ မျှော်လင့်ချက် တောင့်တချက်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်လာလျှင် ရှောင်လွှဲ၍ မရသော ပူဆွေးမှုသည် မဖော်ပြနိုင်လောက်အောင်ပင် ဆိုးရွား ပြင်းထန်လာ၏။
သေသပ်လှပသော အောက်ဖော်ပြပါ ပုံပြင်သည် ဘ၀၏ မတည်မြဲသော သဘာဝနှင့် ဆွဲဆောင် ဖြားယောင်းတတ်သော နှစ်သက်ဖွယ် အာရုံတို့ကို အချက်ကျကျ သရုပ်ဖော်ပြနိုင်၏။
တောနက်တစ်ခုအတွင်း ခရီးနှင်နေသူ လူတစ်ယောက်ကို ဆူးများ ကျောက်တုံးများဖြင့် ၀န်းရံထား၏။ ရုတ်တရက် သူ အံ့သြတုန်လှုပ်သွားအောင် ဆင်တစ်ကောင် ရောက်လာပြီး သူ့ကို လိုက်၏။ ထိုသူသည် အထိတ်တလန့် ထွက်ပြေးပြီး ရေတွင်းတစ်ခုကို တွေ့ရသောအခါ ပုန်းနေရန် ထိုရေတွင်းထဲ ပြေးဝင်လိုက်၏။ သို့သော် ရေတွင်း အောက်ခြေ၌ မြွေပွေးတစ်ကောင်ကို တွေ့လိုက်ရသောအခါ ထိတ်လန့်ရပြန်၏။ သို့သော် တစ်ခြားလွတ်လမ်း မရှိသောကြောင့် ရေတွင်းထဲ ခုန်ချလိုက်၏။ ရေတွင်းထဲ၌ ပေါက်နေသော ဆူးထူထပ်သည့် နွယ်တစ်ခုကို ဆွဲမိ၏။ အပေါ်သို့ မော့ကြည့်လိုက်ရာ နွယ်ကို ကိုက်ဖြတ်နေသည့် ကြွက်နှစ်ကောင်ကို တွေ့ရ၏။ ကြွက်ဖြူတစ်ကောင် နှင့် ကြွက်နက်တစ်ကောင် ဖြစ်၏။ သူ့မျက်နှာ၏ အထက်၌ ပျားအုံးတစ်အုံ ရှိ၏။ ထိုပျားအုံမှ တခါတခါ ပျားရည်စက်များ ယိုစီးကျနေ၏။ ထိုသူသည် ပြုတ်ကျတော့မည့် အခြေအနေကို မိုက်မဲစွာ မေ့ထားပြီး ပျားရည်ကို လောဘတကြီး အရသာခံနေ၏။ သူ့ကို သနားသူ တစ်ယောက်က လွတ်မြောက်မည့် လမ်းကို ညွှန်ပြရန် စေတနာ့ဝန်ထမ်း လာ၏။ သို့သော် လောဘသားသည် သူ့စိတ်ကြိုက် ကျေနပ်အားရသည်အထိ ခံစားခွင့် ပေးပါရန် တောင်းပန်နေ၏။
ဆူးခင်းသောလမ်း ဟူသည်ကား သံသရာ၊ ဘ၀ပင်လယ် ဖြစ်၏။ လူ့ဘ၀ဟူသည် ပန်းမွေ့ရာ မဟုတ်။ လူ့ဘ၀ဟူသည် အခက်အခဲများ နှင့် ကျော်လွှားရမည့် အဆီးအတားများ ၀န်းရံနေ၏။ ဆန့်ကျင်ဘက် နှင့် မတော်မတရား နှိမ်ချဝေဖန်မှုများ ၀န်းရံနေ၏။ ထိုးနှက် တိုက်ခိုက်မှုများနှင့် သည်းခံရမည့် စွက်ဖက်မှုများ ၀န်းရံနေ၏။ ဤကား ဆူးခင်းသော ဘ၀လမ်းပေတည်း။
ဆင်သည် သေခြင်းတရားနှင့် တူ၏။ မြွေပွေးသည် အိုမင်းရင့်ရော်မှုနှင့် တူ၏။ နွယ်သည် မွေးဖွားမှု ဇာတိနှင့် တူ၏။ ကြွက်နှစ်ကောင်သည် နေ့နှင့်ညတို့နှင့် တူ၏။ ပျားရည်စက်တို့သည် မတည်မြဲသည့် ကာမချမ်းသာတို့နှင့် တူ၏။ သနားကြင်နာတတ်သောသူ ဟူသည်ကား ဘုရားရှင်ပင် ဖြစ်၏။
ရုပ်ဝတ္တုချမ်းသာဟု ဆိုအပ်သော အရာကား အလိုဆန္ဒ အားရနှစ်သက်မှုသာ ဖြစ်၏။ အလိုရှိအပ်သည်ကို ရရှိသောအခါ လိုအင်ဆန္ဒ နောက်တစ်မျိုး ဖြစ်ပေါ်လာ၏။ အလိုဆန္ဒ အားလုံးကို မဖြည့်ဆည်းနိုင်ပေ။