ဒီနေ့က မြွေဆိုးကြီးအတွက် ရွှေပဲ။ အလုပ်အားတယ်လေ။ မနက်မိုးလင်းကတည်းက ဒီအားလပ်ရက်လေးကို ဘယ်လိုအသုံးချရမလည်း လို့ တွေးနေတာ။ ခုထိအဖြေမရသေးဘူး။ လုပ်ချင်တာတွေကလည်း များနေတယ်။ ဆုံးဖြတ်ချက်တစ်ခု ချမှ ဖြစ်တော့မယ်။ တော်နေ ဘာမှမလုပ်လိုက်ရပဲ အချိန်ကုန်သွားလိမ့်မယ်။ မြွေတွင်းဟောင်းထဲမှာ မြွေဘိုးဘိုးကြီးထားခဲ့တဲ့ မြွေတို့ရဲ့  အဘိဓမ္မာ စာအုပ်ကြီးလှန်ပြီး ဆုံးဖြတ်နည်းရှာဦးမယ်။ ဟိ။
--------------------------------------------
အားပါး။ မြွေဘိုးဘိုးကြီးရဲ့ နေရာက တော်တော်မှောင်တာပဲ။ ပိုးမျှင်တွေရော၊ ဖုန်တွေရော။
"ဟပ်.. ဟပ်.. ဟပ်ချိုး...၊ အောင်မလေးဗျာ၊ ဖုန်တွေမွှန်လိုက်တာ၊ မှောင်ကလည်း မှောင်.."
"ဟင်... ဟိုရှေ့ က မျက်လုံးကြီးနှစ်လုံးက ပြူးကြည့်နေပါလား။ ကြောက်တောင်လာပီ.."
"ကျွိ..."
"အောင်မလေး၊ ကယ်တော်မူကြပါ... ကြွက်ကြီးဗျ..."
နောက်လှည့်ပြီး ပြန်ပြေးရင်းနဲ့ ပြန်စဉ်းစားမိတယ်။ သယ်... မြွေဆိုတာ ကြွက်ကိုကြောက်စရာမှ မလိုတာ၊ ဟုတ်ပေသားပဲ။ အဲဒီကြွက်တော့တွေ့မယ်။ ပြန်ဝင်မယ်။ ဓာတ်မီးတော့ ထွန်းသွားမယ်။ ဟဲ။
မြွေဘိုးဘိုးကြီးရဲ့  စာကြည့်စားပွဲတော့ တွေ့ပြီ။ ကြွက်တော့ ပြေးပြီထင်ပါ့။ တွေ့တော့ဘူး။ ထားလိုက်တော့။ ရှာစမ်း၊ မြွေအဘိဓမ္မာ စာအုပ်။ ဟောတွေ့ပြီ။ ကိုယ့်အခန်းကို သွားပြီး ကုတင်ပေါ်မှာ ဇိမ်နဲ့ ဖတ်မယ်ဟေ့။
-------------------------------------------------------------
မြွေအဘိဓမ္မာ အခန်း (၇၅၄)
ရွေးချယ်နည်း
ကျွန်ုပ်သည် မြွေဆိုးကြီး ဆားပင့် ဖြစ်ပေတော့၏။ ကျွန်ုပ်တွင် ရည်းစားမြွေမလေး (၅)ကောင် ရှိပေ၏။ တစ်နေ့သ၌ မြွေဆိုးကြီး အခက်ကြုံရလေတော့သည်။ မြွေမလေးများက ကျွန်ုပ်နှင့် တွေ့ဆုံရန် ချိန်းဆိုလာကြပြီး တစ်ရက်တည်း၊ တစ်ချိန်တည်း ဖြစ်နေခြင်းပင်။ တွေ့ဆုံမည်ဆိုလျှင် မြွေမလေး တစ်ကောင်နှင့်တွေ့ဆုံနိုင်ပြီး ကျန်မြွေမလေးများကို ဥာဏ်နီဥာဏ်နက်သုံးကာ လိမ်လည်ပြောဆိုရနိုင်သော်လည်း ဘယ်မြွေမလေးနှင့် ဦးစားပေး တွေ့ဆုံရမည်ကို ဆုံးဖြတ်ရပေတော့မည်။ သိပ်တော့ မခက်ပါချေ။ မြွေဘိုးဘွားစဉ်ဆက် သင်ကြားပေးလာသော မြွေတို့၏ရွေးချယ်နည်းကို သုံးရပေတော့မည်။
(၁) နှိုင်းယှဉ်ရွေးချယ်စရာတို့ကို ရေးချပါတဲ့။ ကောင်းပြီ။ မဒီ-၁၊ မဒီ-၂၊ မဒီ-၃၊ မဒီ-၄၊ မဒီ-၅။
(၂) မြွေစာအုပ်ထဲတွင် အောက်ပါအတိုင်း ဇယားကွက် ရေးဆွဲလိုက်လေ၏။
... | မဒီ-၁ | မဒီ-၂ | မဒီ-၃ | မဒီ-၄ | မဒီ-၅ |
မဒီ-၁ | |||||
မဒီ-၂ | |||||
မဒီ-၃ | |||||
မဒီ-၄ | |||||
မဒီ-၅ |
(၃) အချင်းချင်း နှိုင်းယှဉ်ကြည့်ရပေတော့မည်။ မြွေတို့ အစဉ်အဆက် လုပ်ထုံးလုပ်နည်းအရ အမှတ်ပေးရမည်ဆိုလျှင် (၀)မှတ်=ကွာခြားမှုမရှိ၊ မှ (၃)မှတ်=သိသာစွာ ကွာခြားခြင်း၊ အထိဖြစ်ပေ၏။ ရည်းစားတွေကို နှိုင်းယှဉ်ကြည့်ဦးမှ။ ဟိ။ (မြွေဆိုးကြီးသည် ရည်းစားများများထားခြင်းမှာ ရုပ်ချောခြင်း၊ စိတ်ကြည်နူးအောင် ပြောဆိုတတ်ခြင်း၊ မြွေဟင်းလျာများကို ကောင်းမွန်စွာ ချက်ပြုတ်တတ်ခြင်း၊ သီချင်းဆိုတတ်ခြင်း တို့ကို ကြိုက်နှစ်သက်သောကြောင့် ဖြစ်ပေ၏။ မြွေမလေးများတွင် ကွဲပြားခြားနားသော ဂုဏ်သတ္တိတို့ ရှိပေ၏။ ယခုချိန်းတွေ့ဖို့အတွက် ရုပ်အချောဆုံးမြွေမလေးကို ရွေးချယ်ရပေတော့မည်။)
... | မဒီ-၁ | မဒီ-၂ | မဒီ-၃ | မဒီ-၄ | မဒီ-၅ |
မဒီ-၁ | × | × | × | × | × |
မဒီ-၂ | မဒီ-၁=၂ | × | × | × | × |
မဒီ-၃ | မဒီ-၃=၁ | မဒီ-၂=၁ | × | × | × |
မဒီ-၄ | မဒီ-၄=၁ | မဒီ-၄=၂ | မဒီ-၄=၁ | × | × |
မဒီ-၅ | မဒီ-၁=၂ | မဒီ-၂=၂ | မဒီ-၅=၂ | မဒီ-၄=၂ | × |
(၄) အထက်ပါနှိုင်းယှဉ်ဇယားအရ မြွေမလေး တစ်ကောင်ချင်း၏ရမှတ်များကို ပေါင်းကြည့်လေ၏။
မဒီ-၁=၎
မဒီ-၂=၃
မဒီ-၃=၁
မဒီ-၄=၆
မဒီ-၅=၂
(၅) အထက်ပါ ရမှတ်များအရ ချိန်းဆိုထားသောမြွေမလေးများအနက် အမှတ်အများဆုံး ရသော (ရုပ်အချောဆုံးဖြစ်သော) မဒီအမှတ်-၄ မြွေမလေးကို ရွေးချယ်လိုက်လေတော့၏။ တိန်။
------------------------------------------------------
ဟား... ဟုတ်ပြီ၊ သဘောပေါက်ပြီ၊ မြွေဆိုးကြီးက လုပ်ချင်တာတွေကို နှိုင်းယှဉ်အမှတ်ပေးပြီး အများဆုံးရတဲ့ဟာကို လုပ်မယ်ကွ။ ဟီဟိ။
"ဟိုက်... အောင်မလေး တေပါပီဂျ။ ည(၁၀)နာရီခွဲသွားပါပကောလား.... အားဟားဟား........"