ဒီနေ့ ပျင်းနေတာနဲ့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်မိရင်း မြန်မာပြက္ခဒိန်ဆိုဒ်လေးကိုရောက်သွားတယ်
ခင်ဗျာ။ အဲ့ဒါနဲ့ တခါတုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို သွားသတိရမိတယ်။ကျွန်တော့်မိတ်ဆွေ
တစ်ယောက်နဲ့စကားပြောဖြစ်ရင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။အချိန်ကတော့ နှစ်သစ်ကူးကာလ
လေးပေါ့။ကျွန်တော်က သူကိုမေးလိုက်တယ်။"ဒီနေ့မြန်မာလို ဘယ်နှစ်ရက်လဲလို့ " သူကပြန်ဖြေပါတယ်။
"မသိဘူးလေ။မြန်မာပြည်မှာ မဟုတ်တော့ မြန်မာပြက္ခဒိန်ကို မသိတော့ဘူး။"တဲ့။ အဲ့ဒါနဲ့ ကျွန်တော်က မေးလိုက်တာပေါ့ "မြန်မာလူမျိုးတော့ဟုတ်ပါတယ်နော်"လို့။သူက ပြန်ဖြေပါတယ်။"မဟုတ်ပါဘူးတဲ့ မြန်မာတိုင်းရင်းသားတစ်ယောက်ပါတဲ့" ။သူပြောတဲ့ အဓိပ္ပာယ်ကိုသိပါတယ်။သူက မြန်မာလူမျိုးဆိုတာကို ဗမာလူမျိုးလို့ အဓိပ္ပာယ်ကောက်နေတာလေ။သူက တိုင်းရင်သားတစ်ယောက်ဆိုတော့ ကျွန်တော့်ကို
စနောက်သလိုပြန်ပြောတာပါ။ကျွန်တော်ရှင်းပြလိုက်ပါတယ်။ကျွန်တော်ပြောတာ ဗမာလူမျိုးကိုပြောတာ
မဟုတ်ပါဘူးလို့။မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးရှစ်ခုလုံး ပါဝင်တဲ့ မြန်မာလူမျိုးတစ်စုလုံးကို
ရည်ရွယ်တာပါလို့။ကဲ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြည်ပမှာရောက်ရှိ
နေလို့မြန်မာဆိုတာကို မမေ့သင့်ပါဘူး။မြန်မာနဲ့ ဗမာ ကိုလဲ ခွဲခြားပြီး သိသင့်ပါတယ်။အရင်တုန်းက ဗမာနိုင်ငံလို့ခေါ်ဆိုတာမှန်ပါတယ်။အဲ့ဒါက ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ဂရိတ်ဗြိတိန်နိုင်ငံက
( အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးပေးခဲ့လို့ပါ။
နောက်ပိုင်း ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ထပ်ပြင်ပါတယ်။အဲ့ဒီနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်။ဒါပေမယ့် အဲ့အချိန်ထိ Myanmar လို့ မသုံးသေးဘဲ Burma လို့ဘဲ အသုံးပြုခဲ့ပါတယ်။၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်မှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ပြောင်းလဲ
ခဲ့ပါတယ်။၁၉၈၈ မှာ ပြောင်းတော့လဲ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၁၉၈၉ မှာပြောင်းတော့လဲ ပြည်ထောင်စုမြန်မာနိုင်ငံတော် နှစ်ခုထပ်နေသလိုဖြစ်နေပါတယ်။အမှန်တော့ ၁၉၈၈ မှာ ပြောင်းတုန်းက အင်္ဂလိပ်လို Union of Burma အဖြစ်ပြောင်းတာပါ။၁၉၈၉ ကျမှ Union of Myanmar အဖြစ်ပြောင်းလဲ ခဲ့တာပါ။၁၉၈၉ ခုနှစ်မှာ အာဏာရ အစိုးရက အင်္ဂလိပ်ဘာသာမှ ကိုလိုနီအခေါ်အဝေါ်များကို ပြောင်းလဲ ခဲ့ပါတယ်။Burma ဆိုတဲ့အခေါ်အဝေါ်ကို Myanmar အဖြစ်ပြောင်းလဲ့ခဲ့တာပါ။ဒါကြောင့်ဗမာ ဆိုတာ တိုင်းရင်းသားလူမျိုး ရှစ်ခု( ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း)မှ တိုင်းရင်းသားလူမျိုးစု တစ်ခုဖြစ်ပြီးတော့ မြန်မာဆိုတာကတော့ တိုင်းရင်းသားလူမျိုးစု အားလုံးပါဝင်တယ်လို့ ဆိုလိုနိုင်ပါတယ်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်နိုင်ငံဘယ်အရပ်ဒေသ ရောက်နေပါစေ ငါဟာမြန်မာဆိုတာတော့ မမေ့သင့်ပါဘူး။မြန်မာခုနစ်သက္ကရာဇ် မြန်မာနှစ်သစ်ကူး မြန်မာရက်စွဲလေးတွေကို သိနိုင်ဖို့ မြန်မာပြက္ခဒိန်လေးလဲ ဆောင်ထားစေချင်ပါတယ်။
မြန်မာ ပြက္ခဒိန်လင့်လေးကို ကြည့်ချင်တယ်ဆိုရင်တော့ http://www.myanmarcalendar.info/ မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။