တစ်နှစ်လျှင် အနည်းဆုံးကျပ်လေးသောင်း ပေးသွင်းရုံဖြင့် .mm ပါဝင်သော ကိုယ်ပိုင်ဒိုမိန်းလိပ်စာတစ်ခုကို အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ကြောင်း
အဆိုပါဒိုမိန်းလိပ်စာများကို ရောင်းချသည့် Myanmar Technology Gateway ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ထိုကုမ္ပဏီအနေဖြင့် အဆိုပါဒိုမိန်းလိပ်စာများကို ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းရောင်းချပေးခြင်းဖြစ်သည်။ .biz.mm, .per.mm ဒိုမိန်းလိပ်စာများကို တစ်နှစ်လျှင် ကျပ်လေးသောင်းနှုန်းဖြင့် ရောင်းချမည်ဖြစ်ပြီး .com.mm, .org.mm, .net.mm အစရှိသည့် ဒိုမိန်းလိပ်စာများကိုမူ တစ်နှစ်လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ အထက်ဖော်ပြပါ ဒိုမိန်းများကို မှတ်ပုံတင်ရန် တစ်ပတ်သာကြာမြင့်မည်ဖြစ်ပြီး အလွယ်တကူ ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကုမ္ပဏီအနေဖြင့် Local Hosting အပိုင်းကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒိုမိန်းတစ်ခုလက်ခံနိုင်ပြီး Disk Space 50MB နှင့် အီးမေးလ်အကောင့်တစ်ခု ရရှိမည်ဖြစ်သော Basic Plan Hosting ကို တစ်နှစ်စာ ကျပ်သုံးသောင်းဖြင့်လည်းကောင်း၊ Disk Space 100MB နှင့် အီးမေးလ်အကောင့် သုံးခုရရှိမည်ဖြစ်သော Enterprise ကို ကျပ်ငါးသောင်းနှုန်းဖြင့်လည်းကောင်း၊ Disk Space 200MB နှင့် အီးမေးလ်အကောင့် ငါးခုရရှိမည်ဖြစ်သော Corporate Plan များကိုလည်း တစ်နှစ်စာ ကျပ်ရှစ်သောင်းနှုန်းထားများဖြင့်လည်းကောင်း ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ Local Hosting ကို အသုံးပြုခြင်းအားဖြင့် မိမိလွှင့်တင်ထားသည့် ၀က်ဘ်ဆိုက်ကို လျင်မြန်စွာဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၀က်ဘ်ဆိုက်၏ Update Process များကိုလည်း ပြည်ပတွင် Hosting ပြုလုပ်ထားသော ၀က်ဘ်ဆိုက်များထက် ပိုမိုလျင်မြန်စွာ လွှင့်တင်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် အီးမေးလ်ဝန်ဆောင်မှု လေးမျိုးကိုလည်း ပေးအပ်မည်ဖြစ်ပြီး ၀ယ်ယူလိုသူများအနေဖြင့် ကုမ္ပဏီဖုန်း (၅၁၆၈၉၁) သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။ရေးသားသူ - ကိုစိုင်း
from အင်တာနက်ဂျာနယ်