"How can Buddhism help our family life?”
“ဗုဒ္ဓဘာသာက မိသားစုဘ၀ကို ဘယ်လိုများ အထောက်အကူ ပေးနိုင်ပါသလဲ။”
ဘုရားရှင်ရဲ့ အဆုံးအမ တရားတော်တွေကို မိသားစုဝင်တိုင်းက လိုက်နာကျင့်သုံးကြတယ်ဆိုရင် ဗုဒ္ဓဘာသာက မိသားစု ဘ၀ကို အထောက်အကူ ပေးနိုင်တာပေါ့။ တရားတော်တွေကို လေ့လာ၊ လေ့လာပြီး ဆင်ခြင်သုံးသပ်၊ နောက်ဆုံး လက်တွေ့ ကျင့်သုံးကြတယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်းစီ အကျိုးရှိသလို မိသားစု တစ်ခုလုံးလည်း အကျိုးရှိပါတယ်။ စိတ်ဖိစီးတာ စိတ်လှုပ်ရှားတာကို ဘယ်လိုတုံ့ပြန်ရမယ်၊ ချစ်ခြင်းမေတ္တာ နဲ့ သနားကြင်နာခြင်းကို ဘယ်လိုပြုစုပျိုးထောင်ရမယ်၊ အသိဉာဏ်ကို ဘယ်လိုဆည်းပူးရမယ် ဆိုတဲ့ သွန်သင်ချက်တွေ တရားတော်မှာ အပြည့်အ၀ ပါရှိပါတယ်။ အဲဒါတွေကို လေ့လာကျင့်သုံးခြင်းအားဖြင့် ပိုပြီး ပျော်ရွှင်လာနိုင်တာပေါ့။ ပိုပြီး ငြိမ်းချမ်းလာနိုင်တာပေါ့။ နောက်ပြီး ပေါင်းလို့သင်းလို့ ကောင်းတဲ့သူတွေ၊ သည်းခံခွင့်လွှတ်တတ်သူတွေ ဖြစ်လာမှာပေါ့။ တစ်ဘက်သားကို တလေးတစား နားထောင်တတ်သူတွေ ဖြစ်လာမှာပေါ့။ ဘုရားရှင် သင်ပြတော်မူခဲ့တဲ့ ဒီ အရည်အသွေးတွေကို ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ဆိုရင် မိသားစုဘ၀ဟာ အံ့သြစရာ ကောင်းလောက်အောင် ငြိမ်းချမ်းလာပါလိမ့်မယ်။
မိသားစုရဲ့ ဦးစီးခေါင်းဆောင် လင်နဲ့မယား နှစ်ယောက်ထဲကိုပဲ ကြည့်ပါအုံး။ နှစ်ယောက်လုံးက တရားတော်ကို ဗဟိုပြုကြမယ်ဆိုရင် သူတို့ရဲ့ ဆက်ဆံရေးဟာ ကျေနပ်စရာ ကောင်းနေပါလိမ့်မယ်။ ဗုဒ္ဓဘာသာရဲ့ အခြေခံ အကျဆုံး ငါးပါးသီလကို ကျင့်သုံးတယ် ဆိုရင်ပဲ သိက္ခာရှိတဲ့ သစ္စာရှိတဲ့ ကြင်နာတတ်တဲ့ ရိုးသားတဲ့ ဘ၀ဖော်တွေ ဖြစ်နေပါလိမ့်မယ်။ တစ်ယောက်ယောက်က တရားနဲ့ မလျော်တဲ့ အတွေးလမ်းကြောင်း အကျင့်လမ်းကြောင်းပေါ် ရောက်နေပြီဆိုရင် တစ်ယောက်က သနားငဲ့ညှာမှု အပြည့်နဲ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်တင်ပေးနိုင်ပါလိမ့်မယ်။ မပြေလည်တဲ့ စုံတွဲတွေကို လေ့လာကြည့်ရင် တစ်ယောက်ယောက်က ငါးပါးသီလလုံအောင် မကျင့်သုံးနိုင်တာကို တွေ့ရပါလိမ့်မယ်။
လိုရင်းပြောရရင် အချင်းချင်း နားလည်နိုင်မှု၊ အချင်းချင်း ပံ့ပိုးနိုင်မှု၊ အချင်းချင်းအပေါ် ရိုးသားမှု စတဲ့ အရည်အချင်းကောင်း ဖွံ့ဖြိုးစေခြင်းအားဖြင့် ဘုရားအဆုံးအမတွေကို လက်တွေကျင့်သုံးကြသူတွေရဲ့ မိသားစု ဘ၀ကို ဗုဒ္ဓဘာသာက ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုချင်ပါတယ်။
ငြိမ်းချမ်းကြပါစေ။
ရည်ညွှန်း
pp 14-16, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)