ကျော့တေးသီ: ညီမလေးရဲ့အမေးကိုဖြေကြားပေးတဲ့အတွက် အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ ညီမလေးတစ်ခုထပ်မေးမယ်နော်။ညီမလေးကိုစိတ်တော့မဆိုးပါနဲ့နော်။ ညီမလေးမှာ သူ့အပြင်
နောက်ထက်တစ်ယောက်ရှိတယ် ။ သူကဖွင့်ပြောပြီးသွားပြီ ဒါပေမဲ့ ညီမလေးမစဉ်းစားချင်
သေးဘူးလို့ပြောလိုက်တယ် ။ နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးရမယ် ဆိုရင်
ဘယ်သူ့ကိုရွေးသင့်သလဲ အစ်ကိုညီမကိုအကြံပေးပါအုံးနော်။
တစ်ယောက်ကငယ်ငယ်ကသူငယ်ချင်း။ နောက်တစ်ယောက်ကမိဘတွေနဲ့သိတာ။
နောက်တစ်ယောက်ကိုမစဉ်းစားချင်သေးဘူးလို့ပြောလိုက်တာ ညီမလေးညာရာရောက်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့
သူငယ်ချင်းဖွင့်ပြောမှာကို ညီမလေးရဲ့မသိစိတ်ကစောင့်နေသလိုပဲ အစ်ကိုရယ်။ ညီမလေးဘာလုပ် ရမလဲ။
ဧကရာဇ် : ညီမမေးတဲ့မေးခွန်းကိုဖြေပေးလိုက်ပါတယ်။အရင်ဆုံး ဘာလုပ်သင့်လဲဆိုတော့ ညီမအနေနဲ့
ကိုယ့်ကိုကိုယ်ပြန်မေးသင့်ပါတယ်။ညီမဘယ်သူ့ကို လက်ခံချင်လဲဆိုတာ အရင်ဆုံးကိုယ့်ဖာသာပြန်မေးပါ။
ညီမစိတ်ကိုအကိုထင်တာပြောမယ်။ညီမအနေနဲ့ သူငယ်ချင်းကို နှစ်သက်တယ်ချစ်တယ်။ဒါပေမယ့် အားမရဘူး။နောက်ခုညီမလေးကို ချစ်ခွင့်ပန်တဲ့သူကျတော့ မိဘနဲ့လဲအဆင်ပြေတယ်။ညီမကိုလဲ အလေးထားတယ်လို့ထင်တယ်မလား။မိန်းကလေးတစ်ယောက်အတွက်အချစ်ရေးဆိုတာ အရေးကြီးတယ်။
အိမ်ထောင်ပြုဖို့အထိရည်ရွယ်မယ်ဆိုရင် ပိုတောင်အရေးကြီးတယ်။မှားသွားရင်ကိုယ်ဘဲခံရမှာ။
ခုညီမအနေနဲ့ ပထမဆုံးလုပ်သင့်တာက အရင်မေးတုန်းကဖြေထားသလိုဘဲ ညီမသူငယ်ချင်းဆိုတဲ့သူဆီကို
ညီမအခြေအနေ ညီမသဘောထား သိအောင် သူငယ်ချင်းတွေကတဆင့် အသိပေးဖို့ဘဲ။နောက်ပြီးတော့
ခုချိန်မှ ဖွင့်မပြောရင် ဝေးရတော့မယ်ဆိုတာ သူသိအောင် ပြောပါ။နောက်တစ်ယောက်ကိုတော့ ညီမ မစဉ်းစားချင်သေးဘူးလို့ ပြောထားတာ မမှားပါဘူး။ဒါမှသူ့အတွက်မနစ်နာမှာပေါ့။ခုအရင်ဆုံး အကိုပြောသလို ညီမသူငယ်ချင်းရင်ထဲက အချစ်တွေ ထုတ်ပြောလာအောင်ဖိအားပေးပါ။သူငယ်ချင်းတွေက တဆင့် တိုက်တွန်းခိုင်းပါ။အချိန်အတိုင်းအတာတစ်ခုသတ်မှတ်လိုက်ပေါ့။လပိုင်းလောက်အတွင်း သူ့ဘက်က လှုပ်ရှားလာအောင် လုပ်ပါ။ဘာလို့လဲဆိုတော့ တဖက်က ညီမကိုဖွင့်ပြောထားတဲ့သူအနေနဲ့ မနစ်နာအောင်လို့ပါ။အချိန်တွေအများကြီးမျှော်လင့်ချက်ပေးသလိုဖြစ်နေပြီးမှ နောက်ဆုံး အငြင်းခံလိုက်ရရင် သူ့အတွက် မတရားဘူးလေ။အဲဒါကြောင့် အချိန်ကို လပိုင်းလောက်အတွင်း ကိစ္စပြတ်အောင် လုပ်ပါ။လပိုင်းအတွင်းမှ ညီမသူငယ်ချင်းဘက်က စမလာဘူးဆိုရင်တော့ မိဘနဲ့အဆင်ပြေတဲ့ ညီမအတွက်လဲသင့်တော်မယ်ထင်တဲ့သူကိုရွေးချယ်ပါလို့တိုက်တွန်းချင်တယ်။ ဘာလို့လဲဆိုတော့ ညီမအနေနဲ့ ဝေးရမယ်သိနေတာတောင် ဖွင့်မပြောရဲတဲ့ယောကျာ်းတစ်ယောက်ကို
တစ်သက်လုံးအားကိုးလို့ဖြစ်နိုင်ပါ့မလား။ချစ်နေရင် ကြောက်နေလို့မဖြစ်ဘူးလေ။
အရာရာရင်ဆိုင်ရဲရမှာပေါ့။ညီမဘက်က မိန်းကလေးဘက်က အစပျိုးပေးတယ် တွန်းအားဖိအားတွေ ပေးပြီး သူ့ဘက်ကဖွင့်ပြောလာအောင် စီစဉ်ပေးတာတောင် မပြောရဲတဲ့သူဆိုရင်တော့ မစဉ်းစားနဲ့တော့လေ။
ကိုယ့်ကိုချစ်တဲ့သူကိုဘဲ ရွေးပေါ့။ညီမပြောတဲ့ပုံကြည့်ရတာ ညီမကိုဖွင့်ပြောတဲ့သူကိုလဲ လက်ခံနိုင်တဲ့သဘောရှိပါတယ်။အဲဒါကြောင့်ခုလုပ်ရမှာက အရင်ဆုံး ညီမကိုယ့်ကိုကိုယ်အရင်မေး နှစ်ယောက်လုံးကို ပြတ်ပြတ်သားသားရွေးချယ်နိုင်လား။ဥပမာ ညီမက သူငယ်ချင်းကိုရွေးလိုက်တယ်။ဟိုတစ်ယောက်ကို ပြတ်ပြတ်သားသားနေနိုင်လား။ဒါမှမဟုတ် ချစ်ခွင့်ပန်ထားတဲ့သူကိုရွေးလိုက်ရင် သူငယ်ချင်းကိုရော ပြတ်သားနိုင်လား။ရွေးပြီးမှ နောင်တရနေမှာဆိုးလို့ အရင်ဆုံး ကိုယ့်ကိုကိုယ်အရင်မေးလိုက်ပါ။နှစ်ယောက်လုံးဘယ်သူ့ကိုရွေးရွေး နေနိုင်တယ် ပြတ်သားနိုင်တယ် နောင်တမရနိုင်ဘူးဆိုရင်တော့ အကိုပြောသလိုလုပ်ကြည့်လိုက်ပါ။
အချိန်အများကြီးမကုန်ပါဘူး လပိုင်းလောက် သူငယ်ချင်းကိုအရင် အခွင့်အရေးပေးလိုက်ပါ။သူ့ဘက်က အခွင့်အရေးပေးတာတောင် အသုံးမချတတ်ဘူးဆိုရင်တော့ နောက်တစ်ယောက်ကို ရွေးချယ်လိုက်ပါ။
ဒီလိုလုပ်လို့ မျက်နှာများတယ်လို့ မဆိုလိုနိုင်ဘူးနော်။မျက်နှာများတယ်ဆိုတာ ဟိုလူလဲမလွတ်ချင်။ဒီလူလဲမလွတ်ချင်ဖြစ်တာကို ဆိုလိုတာ။ညီမအနေနဲ့ အဲလိုဖြစ်တာမှမဟုတ်ဘဲ။ညီမသူငယ်ချင်းအတွက်လဲ တရားမယ်ထင်ပါတယ်။သူ့ကိုအခွင့်အရေးအရင်ပေးခဲ့တာဆိုတော့ ညီမအနေနဲ့ မျှတပါတယ်။နောက်တစ်ယောက်ကျတော့လဲ ခုညီမဖြေလိုက်သလို မစဉ်းစားသေးဘူးဆိုတော့ သူ့ကိုအချိန်နည်းနည်းလောက်တားထားနိုင်တာပေါ့။ကဲ ဒီလောက်ဆို သဘောပေါက်မယ်ထင်ပါတယ်။
ညီမအချိန်ယူစဉ်းစားပြီးလုပ်သင့်တာကို အချိန်မနှောင်းခင်လုပ်ပြီး ဆုံးဖြတ်သင့်တာ ဆုံးဖြတ်စေချင်တယ်။
အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ပြီး သာယာတဲ့အချစ်တစ်ခု တည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
နောက်မေးစရာရှိလဲ မေးနော်။နောက်တစ်ခါဧကရီကိုဖြေခိုင်းမယ်။