အချစ်
လောကမှာ အချစ်မျိုးစုံ ရှိပါတယ်။ အချစ်ကို ပုံစုံမျိုးစုံနဲ့ ထုတ်ဖော်ပြကြပါတယ်။ အချစ်ဆိုတာကို နာမည်အမျိုးမျိုးပေး၊ တံဆိပ်အမျိုးမျိုး ကပ်ကြပါတယ်။ လိင်ချစ်။ အတ္တကြီးတဲ့ အချစ်။ အတ္တကင်းတဲ့ အချစ်။ လင်ချစ်။ မယားချစ်။ မိခင်ချစ်။ ဖခင်ချစ်။ သားချစ်။ သမီးချစ်။ ညီအစ်ကိုချစ်။ မောင်နှစ်မချစ်။ ဆွေချစ်မျိုးချစ်။ မိတ်ဆွေချစ်။ စုံနေတာပါပဲ။ လူအချင်းအချင်းတင် ဘယ်ကမလဲ။ ရုပ်ဝတ္ထု မျိုးစုံကိုလည်း ချစ်ကြတာပါ။ ဒါတွေ အားလုံးခြုံပြောရရင် ကာမဂုဏ်အချစ်ပေါ့။ အရေးကြီးတဲ့ နောက်တစ်ခုကတော့ အချစ်အားလုံးထက် မြင့်မြတ်တဲ့ စင်ကြယ်တဲ့ အချစ် ဖြစ်ပါတယ်။ အဲဒါကတော့ မေတ္တာချစ်ပေါ့။ သူ့လူကိုယ့်လူ အနီးအဝေး အနိမ့်အမြင့် အယုတ်အလတ်အမြတ် မခွဲခြားဘဲ သက်ရှိအားလုံးအပေါ် ထားရှိနိုင်တဲ့ အချစ်ပေါ့။
ချစ်ကြသူချင်း တစ်ယောက်နဲ့တစ်ယောက် သွေးသားဆန္ဒအချစ် ရမ္မက်မြူးတဲ့အချစ် အတ္တဆန်တဲ့အချစ်တွေနဲ့ပဲ ချစ်နေကြမယ်ဆိုရင် ရေရှည်မှာ မငြိမ်းချမ်းနိုင်ပါဘူး။ အဲဒီလို အချစ်တွေဟာ ရေရှည်မတည်မြဲနိုင်လို့ ဖြစ်ပါတယ်။
ကိုယ်ခန္ဓာရဲ့ လှပပြေပြစ်မှုကိုသာ သွေးသားဆန္ဒနဲ့ ချစ်ခဲ့တာဆိုရင် အဖော်ဖြစ်သူရဲ့ ပြေပြစ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ၀င်းပတဲ့ အသားအရေတွေ အသက်အရွယ်နဲ့အတူ ယိုယွင်းလာတဲ့ အခါမှာ နုပျိုတဲ့ အဖော်အသစ်ကို ရှာကြပါလိမ့်မယ်။ အဲဒီလို အချစ်မျိုးဟာ တိရစ္ဆာန်တွေမှာလည်း ရှိပါတယ်။ ရာဂချစ်၊ တိရစ္ဆာန်အချစ် ဆိုပါစို့။
အရေဖျား တစ်ထောက်သာ တည်ရှိတဲ့ ရုပ်ဆင်းသွင်ပြင် အလှတရားကို ဘန်းပြပြီး အမျိုးသားတွေကို ဆွဲဆောင်သိမ်းသွင်းချင်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ မဟတ္တမဂန္ဓီကြီး စိုးရိမ်ပူပန်ခဲ့ပါတယ်။
သူ ပြောပါတယ် -
“ခုခေတ် အမျိုးသမီး တစ်ယောက်ဟာ ရိုမီယို မြောက်များစွာတိုရဲ့ ဂျူးလီးယက်လေး ဖြစ်ချင်နေမှာကို စိုးရိမ်မိပါတယ်။ ခေတ် သမီးပျိုဟာ စွန့်စားခန်းကို သဘောကျပါတယ်။ ခေတ် သမီးပျို ၀တ်စားဆင်ယင်တာဟာ မိုးဒဏ် လေဒဏ် နေဒဏ်တွေ ကာကွယ်ဖို့ မဟုတ်ဘဲ စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့ ဖြစ်နေပါတယ်။ အခြယ်အသတွေနဲ့ သဘာဝအလှကို ပိုလှအောင် လုပ်ပါတယ်။ ကြည့်ရမြင်ရတာ တစ်မျိုး ဖြစ်နေတာပေါ့။ ”တဲ့။
တကယ်တော့ အချစ်ကိစ္စအတွက် ယောက်ျားမိန်းမ အပြန်အလှန် ဆွဲဆောင်သိမ်းသွင်းနေစရာ အထူးတလည် မလိုအပ်လှပါဘူး။ သဘာဝအရ ဖိုနဲ့မ အပြန်အလှန် နှစ်သက်စွဲမက်တတ်ပုံကို အင်္ဂုတ္တရပါဠိတော် စစချင်းမှာ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။
“မိန်းမ၏ အဆင်းသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အဆင်းသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏”တဲ့။
“ယောက်ျား၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏”တဲ့။
အဆင်းတင် မကပါဘူး။ ဖိုနဲ့မတို့ရဲ့ အဆင်း အသံ အနံ့ အရသာ အတွေ့ဆိုတဲ့ အာရုံငါးပါးလုံးဟာ အချင်းချင်း အပြန်အလှန် ဆွဲဆောင်တဲ့ နေရာမှာ စွမ်းအားအပြင်းဆုံး ဖြစ်တဲ့အကြောင်း ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ အထူးတလည်း မြှူဆွယ်နေကြစရာ မလိုပါဘူး။
အချစ်စစ်နဲ့ ဆက်ဆံတဲ့ အခါမှာ ဟိုတစ်ယောက်ဆီက ကိုယ် ဘာရမလဲဆိုတာ မစဉ်းစားဘဲ သူ့ကို ကိုယ်က ဘာတွေ ပေးလိုက်နိုင်မလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။ ရေရှည်ခံတဲ့ ပျော်ရွှင်မှုကို ဒီလို အချစ်မျိုးနဲ့ တည်ဆောက်နိုင်ပါတယ်။ ပေးဖို့စဉ်းစားတယ် ဆိုပေမယ့် အချစ်စစ်ရဲ့ ဆက်ဆံရေး နယ်ပယ်မှာ အသားလွတ်ကြီး ပေးလိုက်ရတာမျိုး မရှိသလောက် ရှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာ အမြဲ ယူနေတတ်ကြတာမျိုး မဟုတ်လို့ပါပဲ။ ပေးရင် ရပါတယ်။
လူသားတစ်ယောက်က လူသားတစ်ယောက်အပေါ် စိတ်ဝင်စားမှု အလေးအနက်ထားမှု အနေနဲ့ အချစ်ကို ထူထောင်မယ်ဆိုရင် အမျိုးသား တစ်ယောက်ဟာ အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်အလှ အပေါ်ယံအလှကို အသည်းအသန် အလေးအနက် ဖြစ်နေမှာ မဟုတ်ပါဘူး။ ရုပ်ခန္ဓာရဲ့ ဆွဲဆောင်မှုကို အဓိကထားမှာ မဟုတ်ပါဘူး။ သူ နားလည်ခံစား အကဲဖြတ်နိုင်တဲ့ စိတ်ဓာတ် ကောင်းမြတ်မှု နှလုံးသား လှပမှုကိုပဲ အလေးအနက် ထားပါလိမ့်မယ်။
စိတ်ဓာတ် ကောင်းမြတ်တဲ့ နှလုံးသား လှပတဲ့ အမျိုးသမီးရဲ့ တုံ့ပြန်မှုဟာလည်း လေးစားစရာ ဖြစ်နေပါလိမ့်မယ်။ ဘုရားရှင်ရဲ့ အဆုံးအမတွေကို လေးစားလိုက်နာတဲ့ အိမ်ရှင်မဟာ သူ့ရဲ့ လင်ယောက်ျားကို တစ်သက်လုံး ရိုသေ လေးစားနိုင်ပါလိမ့်မယ်။ လင်ယောက်ျား အိုမင်းတဲ့အခါ ဆင်းရဲတဲ့အခါ မကျန်းမာတဲ့ အခါတွေမှာတောင်မှ ချစ်ခင်လေးမြတ်မှု လျော့သွားမှာ မဟုတ်ပါဘူး။ ဒီလို ဘ၀ဖော်တွေရဲ့ အိမ်ထောင်ဟာ ချမ်းမြေ့သာယာ နေပါလိမ့်မယ်။
ငြိမ်းချမ်းကြပါစေ။
ရှင်အာစာရ
Ref (March 23, 2011):
အင်္ဂုတ္တရပါဠိတော်၊ ၁- ရူပါဒိဝဂ်