စင်ကာပူနိုင်ငံရှိ မိုဘိုင်းဖုန်းများသို့ SMS ခေါ် စာတိုပို့စနစ်သုံး မက်ဆေ့ခ်ျစာတိုများ အင်တာနက်မှ တစ်ဆင့် အခမဲ့ ပေးပို့ဆက်သွယ် နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ စနစ်ကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များမှ အခမဲ့ ၀န်ဆောင်မှု ပေးထားခြင်း ဖြစ်ပြီး စာတိုတစ်စောင်လျှင် အင်္ဂလိပ်ဘာသာဖြင့် စာလုံးအရေအတွက် ၁၄၀ အထိ ပေးပို့နိုင်မည် ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် မိုဘိုင်းဖုန်း စနစ်များ ဖြစ်ကြသော Singtel, M-1, Starhub ဟူသော စနစ်သုံးမျိုးစလုံးသုံး မိုဘိုင်းဖုန်းများကို စာတိုများ စောင်ရေ အကန့်အသတ်မရှိဘဲ မည်သူမဆို အခမဲ့ ပေးပို့နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
မက်ဆေ့ခ်ျပို့လိုသူသည် မိမိပို့မည့် မက်ဆေ့ခ်ျကို လက်ခံမည့် သူ၏ မိုဘိုင်းဖုန်းသည် အထက်ပါ အမျိုးအစား သုံးခုမှ မည်သည့်အမျိုးတွင် ပါဝင်နေသည်ကို သိရှိရန် လိုအပ်ပြီး Starhub လိုင်းသုံး ဖုန်းအမျိုးအစား ဖြစ်ပါက အင်တာနက်ဝက်ဘ်ဆိုက် http://websms.starhub.com ကို ၀င်ရောက်ရမည် ဖြစ်ပြီး Singtel အတွက် ဆိုလျှင် http://sms.singtel.com/internetsms ၊ M-1 အတွက်ဆိုလျှင် http://www.freebiesms.hk/SMSByPrefix.aspx/M1,Singapore သို့မဟုတ် http://www.m1.com.sg/M1/site/M1Corp/ တို့သို့ အသီးသီး ၀င်ရောက်ရမည် ဖြစ်ပြီး စာတိုပို့ ပုံစံတွင် ပို့လိုသူ၏ ဖုန်းနံပါတ်၊ အကြောင်းအရာနှင့် ပို့သူအမည် စသည့် အချက်အလက်များကို ဖြည့်စွက်ကာ send ခလုတ်ကို နှိပ်ရုံဖြင့် အလွယ်တကူ ပို့နိုင်ပြီ ဖြစ်ကြောင်း၊ Starhub နှင့် M-1 အမျိုးအစား မိုဘိုင်းဖုန်းများကို မက်ဆေ့ခ်ျပို့ရန် သက်ဆိုင်ရာ ဆိုက်များတွင် အကောင့်တစ်ခု ပြုလုပ်ထားရန် မလိုသော်လည်း Singtel အမျိုးအစား ဖုန်းများအတွက်မူ ၄င်း၏ ၀က်ဘ်ဆိုက်တွင် အကောင့်တစ်ခု ဖွင့်ထားရန် လိုအပ်ကြောင်း၊ http://smsfree4all.com/free-sms-singapore.php ကဲ့သို့သော ဆိုက်များမှလည်း စင်ကာပူနိုင်ငံရှိ မိုဘိုင်းဖုန်းများသို့ အွန်လိုင်းမှတစ်ဆင့် SMS စာတိုများ အခမဲ့ ပေးပို့နိုင်ကြောင်း လှည်းတန်းလမ်းဆုံအနီးရှိ အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ အခမဲ့ ဖုန်းမက်ဆေ့ခ်ျပို့ခြင်း ၀န်ဆောင်မှုကို လွန်ခဲ့သောလက စတင်၍ အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း၊ အင်တာနက်ဆိုင်များမှ တစ်ဆင့် စင်ကာပူရှိ ဆွေမျိုးမိတ်ဆွေများကို Pfingo, Skype စသော VOIP ဖုန်းများဖြင့် လာရောက်ဆက်သွယ်သူများကို ပိုမို အဆင်ပြေလွယ်ကူစေရန် ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြခဲ့သည်။
credit mmdailynews