သင်္ကြန်တွင်း တရားစခန်းဝင်သူ ဦးရေရာချီလက်ခံသည့် တရားစခန်းများတွင် ယခုနှစ် တရားစခန်းဝင်ရန် စာရင်းပေးထားသူ အများစုမှာ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြောင်း နှစ်စဉ်တရား စခန်းဖွင့်လှစ်ပေးနေသည့် ရိပ်သာများမှ စုံစမ်းသိရှိရသည်။
"ဒီနှစ်သင်္ကြန်အတွက် တရားစခန်းကိုတော့ ဧပြီလ ၁၂ ရက်ကနေ ၂၈ ရက်နေ့အထိ လုပ်ဖို့စီစဉ်ထားတယ်။ ၁၆ ရက်လုံး မနေနိုင်တဲ့သူ တွေဆိုရင်လည်း ၁၇ ရက်နေ့မှာ ထွက်လို့ရပါတယ်။ သင်္ကြန်ကာလ အတွင်းဆိုရင် လူဦးရေ ၄၀၀၊ ၅၀၀ ပတ်ဝန်းကျင်လောက်အထိ လက်ခံ သွားမှာပါ။ သင်္ကြန်အတွက်စာရင်း ပေးချင်တဲ့သူတွေကို အခုလကတည်းကစပြီး လက်ခံနေပါပြီ။ လက်ရှိ စာရင်းသွင်းထားသူ ဦးရေ ၂၀၀ ၀န်းကျင်လောက်ရှိပြီး အများစုက လူငယ်တွေများပါတယ်" ဟု လှိုင် မဟာစည်ရိပ်သာမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
အရင်က သင်္ကြန်ဆိုရင် ဘာအပူအပင်မှမရှိဘဲ ပျော်နိုင်ပေမယ့် အခုနောက်ပိုင်း သင်္ကြန်ဆိုရင် စိုးရိမ်ပူပန်စရာတွေက ပိုပို များလာတယ် |
ယခုနောက်ပိုင်းတွင် သင်္ကြန်ကာလအတွင်း တရားစခန်းဝင်လိုသူ များပြားလာသည့်အတွက် တရားစခန်းဖွင့်လှစ်ပေးနေသည့် ရိပ်သာများအနေဖြင့် သင်္ကြန်မတိုင်မီတစ်လ အလိုမှပင် ကြိုတင်စာရင်းသွင်း လက်ခံပေးခြင်းဖြစ်ကြောင်းနှင့် သင်္ကြန်ကာလတွင်မူ တရားစခန်းဝင်လိုသူများသာမက တရားစခန်းဖွင့်လှစ်သည့်နေရာများ၌ ဝေယျာဝစ္စ ကုသိုလ်ယူလိုကြသည့်သူများလည်း များပြားသည့်အတွက် ကြိုတင်စာရင်းပေးသွင်း ထားရန်လိုအပ်ကြောင်း သိရသည်။
"တရားစခန်းတွေကို တစ်လနှစ်ကြိမ် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးတယ်။ အခုသင်္ကြန်အတွက်ဖွင့်မယ့် တရားစခန်းကတော့ ဧပြီလ ၉ ရက် ကနေ ၁၈ ရက်နေ့အထိ ဖွင့်မှာဖြစ်တဲ့အတွက် စာရင်းပေးသွင်းတာ ကိုတော့ ဒီလ ၃၀ ရက်နေ့ တစ်ရက်တည်း လက်ခံသွားမှာဖြစ်ပါတယ်။ လူဦးရေ ၄၅၀ ၀န်းကျင် သတ်မှတ်ထားပါ တယ်။ စာရင်းပေးသွင်းရမယ့်ရက်က တစ်ရက်တည်းဆိုပေမယ့် အဲဒီနေ့ တစ်ရက်မှာပဲ သတ်မှတ်ထားတဲ့ လူဦးရေပြည့်ပါတယ်။ ဒီမှာက အသက် ၂၀ ကနေ ၈၀ အတွင်း လက်ခံပြီးတော့ သင်္ကြန်ကာလဆိုရင် စာရင်းပေးတဲ့သူအများစုက ကျောင်းသားတွေနဲ့ လူငယ်လူလတ်ပိုင်း ၀န်ထမ်းတွေများတယ်"ဟု မိုးကုတ်ဝိပဿနာ တရားစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
လူငယ်များအနေဖြင့် သင်္ကြန်ကာလအတွင်း အပျော်အပါးများထက် တရားစခန်းဝင်၍ ကုသိုလ်ယူရန်နှင့် လူငယ်များအချင်းချင်း တစ်နိုင်တစ်ပိုင် စုပေါင်းလှူဒါန်းမှုများ ပြုလုပ်ရန်သာ စိတ်အားထက်သန် လျက်ရှိပြီး ယခင်နှစ်သင်္ကြန်ကာလအတွင်း ဖြစ်ခဲ့သည့်ဖြစ်ရပ်များကြောင့် မိဘများအနေဖြင့်လည်း သင်္ကြန်ကာလအတွင်း သုံးစွဲလျှင် ကုန်ကျမည့် ငွေကြေးများကို စုပေါင်း၍ အလှူအတန်းများ ပြုလုပ်ရန်အတွက်သာ အားပေးလျက်ရှိကြောင်း သိရ သည်။
" ဒီနှစ်သင်္ကြန်ကတော့ အပျော်အပါးထက် သူငယ်ချင်းတွေ စုပေါင်းပြီး ကုသိုလ်လုပ်ကြဖို့ပဲအားလုံး စိတ်ကူးထားကြတယ်။ အရင်နှစ်တွေတုန်းကတော့ သင်္ကြန်ဆိုရင်မဏ္ဍပ် ထိုင်ရင်ထိုင်၊ မထိုင်ရင်လျှောက်လည်ကြတာ များတယ်။ ပြီးခဲ့တဲ့နှစ်က သင်္ကြန်တွင်းမှာဖြစ်ခဲ့တဲ့ အဖြစ် အပျက်တွေကြောင့် ဒီနှစ်သင်္ကြန် လည်ဖို့ကိုကြောက်နေကြတာ။ အခု သင်္ကြန်နဲ့ပတ်သက်လို့ စည်းကမ်း ချက်တွေ အများကြီးထုတ်ပြန်ထားတယ်လို့ ကြားတယ်။ စည်းကမ်းချက် တွေထဲမှာလုံခြုံရေးအတွက် ဃဃွှဠ ကင်မရာတွေတပ်ရမယ်လို့ဆိုပေမယ့် တကယ်တမ်း ကိုယ့်ရဲ့လုံခြုံရေးကို ဘယ်လိုတာဝန်ယူမှုတွေ လုပ်ပေးမှာလဲဆိုတာတော့ မေးစရာရှိပါတယ်"ဟု လသာမြို့နယ်နေလူငယ် တစ်ဦးက ဆိုပါသည်။
"သင်္ကြန်မှာမဏ္ဍပ်ထိုင်ဖို့ အခု တော်တော်စဉ်းစားနေရတယ်။ မနှစ် ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေအပြင် ဒီနှစ် မဏ္ဍပ်တွေမှာဃဃွှဠ ကင်မရာတွေ တပ်ရမယ်လို့ ကြားကတည်းက လန့်နေတာ။ သင်္ကြန်ပြီးရင် ဒီကင်မရာ တွေနဲ့ရိုက်ထားတဲ့ပုံတွေကို သူတို့က ဘယ်လိုလုပ်မှာလဲ။ အင်တာ နက်ပေါ်မတင်ဘူးလို့ ဘယ်သူက အာမခံမှာလဲ။ အရင်က သင်္ကြန်ဆိုရင် ဘာအပူအပင်မှမရှိဘဲ ပျော်နိုင်ပေမယ့် အခုနောက်ပိုင်းသင်္ကြန်ဆို ရင် စိုးရိမ်ပူပန်စရာတွေက ပိုပိုများ လာတယ်"ဟု နည်းပညာတက္ကသိုလ် တက်ရောက်နေသည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုပါသည်။
သင်္ကြန်ကာလအတွင်း တစ်ဦး ချင်းသည်သာမက အခြေခံပညာ ကျောင်းများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှဝန်ထမ်းများစုပေါင်း၍ တရားစခန်းဝင်ခြင်း၊ ပဉ္ဇင်းတက်ခြင်းနှင့် ဒုလ္လဘ၀တ်ရန် စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် သင်္ကြန်ကာလအတွင်း တရားစခန်းများတွင် ဝေယျာဝစ္စကုသိုလ်ယူရန် စာရင်းပေးသွင်းမှုများတွင် လူငယ်များ အများဆုံး ပါဝင်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီနှစ်သင်္ကြန်မှာ ရုံးကသူငယ်ချင်းတွေစုပြီး တောင်ဥက္ကလာပမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ခုမှာ ပဉ္ဇင်းတက်ဖို့ စာရင်းပေးထားတယ်။ ကျွန်တော်တို့လိုပဲ တခြားအသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေကလည်း လာစာရင်းပေးထားတာ တွေ့တယ်။ သင်္ကြန်ကျတော့ ၀န်ထမ်းတွေအတွက် အားလပ်ရက် ရှည်ရတာရယ်၊ နောက်ပိုင်းသင်္ကြန်ဆိုရင် အရင်ကလို ထူးထူးခြားခြား ပျော်စရာမရှိတော့တာရယ်ကြောင့် နောက်ပိုင်း ကုသိုလ်ရေးနဲ့ပဲ သင်္ကြန် ကာလကို ဖြတ်သန်းဖြစ်တာ များတယ်"ဟု အသက် ၃၅ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါသည်။
"သင်္ကြန်မှာ သင်္ကြန်ရေနဲ့ဆေးကြော သန့်စင်ကြတယ်။ ဒါပေမယ့် တစ်နှစ်တာလုံး ညစ်ခဲ့ရတဲ့စိတ်တွေကို တရားရေနဲ့ ဆေးတာအကောင်းဆုံးပဲ။ စိတ်ရဲ့ထွက်ပေါက်က ဘာသာရေးပဲ ရှိတယ်"ဟု ဓမ္မပိယ ဆရာတော်က မိန့်ကြားခဲ့သည်။
မဏ္ဍပ်ကြီးများ ဆောက်လုပ်ရာတွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ တယ်လီဖုန်းများ ထားရှိရမည် ဖြစ်ခြင်း၊ ကားတစ်စီးနှင့်လုံခြုံရေး ၀န်ထမ်းများအနည်းဆုံး ၁၀ ဦး ထားရှိရမည်ဖြစ်ခြင်း စသည့်အချက် များသည် ကုန်ကျစရိတ်များစွာ ကုန်ကျနိုင်မည်ဖြစ်သောကြောင့် မဏ္ဍပ်ဆောက်လုပ်ရန် စီစဉ်သူများ အနေဖြင့်လည်း ယခုနှစ်တွင်မဏ္ဍပ် အများအပြားဆောက်လုပ်ရန် ချိန်ဆနေကြကြောင်းနှင့် ယခင်နှစ်များထက် မဏ္ဍပ်လက်မှတ်ခဈေးနှုန်းများ ပိုမိုမြင့်တက်ဖွယ် ရှိကြောင်းလည်း သိရသည်။
ထို့အပြင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်မှုများကြောင့် ကားငှားရမ်းခများလည်း မြင့်တက်နိုင်သည့်အတွက် ယခုနှစ်သင်္ကြန်တွင် ယခင်နှစ်များထက် စည်ကားမှုလျော့နည်းနိုင်ကြောင်း ရန်ကုန်မြို့နေသူများက ဆိုပါသည်။
သင်္ကြန်ကာလအတွင်း ဖွင့်လှစ်သွားမည့် တရားစခန်းအချို့
တရားစခန်း ရိပ်သာအမည် | လက်ခံမည့်ဦးရေ | တရားစခန်းဖွင့်လှစ်မည့် နေ့ရက် |
လှိုင်မဟာစည်ရိပ်သာ | ၄၀၀ မှ၅၀၀ ၀န်းကျင် | ဧပြီလ ၁၂ ရက်မှ ၂၈ ရက်အထိ |
ချမ်းမြေ့ရိပ်သာကျောင်းတိုက် | လူဦးရေကန့်သတ်ထားခြင်းမရှိ | အပတ်စဉ်ဖွင့်လှစ်လျက်ရှိ |
မိုးကုတ်ဝိပဿနာ တရားစခန်း | ၄၅၀ ၀န်းကျင် | ဧပြီလ ၉ ရက်မှ ၁၈ ရက်ထိ |
ဓမ္မပိယသာသနာ့ရိပ်သာ | ၂၀၀ ၀န်းကျင် | ဧပြီလ ၁၁ ရက်မှ ၂၁ ရက်ထိ |
ကိုးဘွဲ့ရကျောင်းတိုက် | ၁၀၀၀ ကျော် | ဧပြီလ ၁၂ ရက်မှ ၁၉ ရက်ထိ |
မင်္ဂလာဗျူဟာဗုဒ္ဓဘာသာသင်တန်းကျောင်း | ၁၃၀ ၀န်းကျင် | ဧပြီလ ၁၁ ရက်မှ ၁၇ ရက်ထိ |
credit news-eleven