အပျော်အပါး
အပျော်အပါး မက်မောတာဟာ လူ့သဘာဝ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ သဘာဝအလျောက် အပျော်အပါး ခုံမင်ကြပါတယ်။ ပျော်တဲ့ပါးတဲ့ နေရာမှာ အပြစ်ကင်းတာရှိသလို အပြစ်မကင်းတာလည်း ရှိပါတယ်။ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ လောင်းကစား စတာတွေနဲ့ ပျော်တယ်ဆိုရင် အပြစ်မကင်းဘူးဆိုတာ ထင်ရှားပါတယ်။ ဂီတ၊ ကဗျာ၊ အက၊ အစား၊ အ၀တ် စတဲ့ လူကို ဘေးဥပါဒ်မပေးတာတွေနဲ့ ပျော်တာပါးတာကို အပြစ်ကင်းတယ်လို့ ပြောရပါမယ်။ ဒီ အပျော်အပါးတွေဟာ လောကီနယ်မှာ အပြစ်ကင်းပါတယ်။ တရားဓမ္မ ကျင့်ကြံအားထုတ်ပြီ ဆိုရင်တော့ ဒီလို အပျော်အပါးတွေဟာ ဘ၀ရဲ့ မတည်မြဲမှု မသေချာမှု သဘာဝတွေကို မသိနိုင်အောင်၊ ခန္ဓာရဲ့ သဘောမှန်ကို မမြင်နိုင်အောင် နှောင့်ယှက် ဟန့်တားနိုင်ပါတယ်။
အပြစ်ကင်းတယ် ပြောလို့ရတဲ့ အပျော်အပါးတွေမှာတောင်မှ အလွန်အကျွံ ဖြစ်လာရင်တော့ လောကီနယ်မှာကိုပဲ မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေဟာ ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွနေကြပါတယ်။ ဒီတော့ အာရုံးငါးပါးကို ခံစားဖို့ ဆန္ဒပြင်းပြကြပါတယ်။ ဘယ်လိုနည်းနဲ့ ပျော်ရရွှင်ရမလဲ ဆိုတာကို နေ့စဉ်နှင့်အမျှ စိတ်ကူးနေကြပါတယ်။ စီစဉ်နေကြပါတယ်။ ဘယ်လို အပျော်အပါးမျိုးကို ဘယ်လောက်ပဲ ခံစားခံစား ဘယ်တော့မှ အားရကျေနပ်တယ်လို့ မရှိပါဘူး။ ဒါဟာ သဘာဝ ဖြစ်ပါတယ်။ မဆုံးနိုင်တဲ့ အပျော်အပါးလမ်းကို မမောတမ်း လျှောက်နေမယ်ဆိုရင် နောက်ဆုံးရလဒ်က စိုးရိမ်သောက ပူပင်ကြောင့်ကြပဲ ဖြစ်ပါလိမ့်မယ်။
လောကီနယ်အတွင်းက ဆင်းရဲဒုက္ခတွေရော နှစ်သက်စရာတွေပါ လောဘကြောင့် ဖြစ်ရတာပါ။ ပျော်ရတာလည်း လောဘကြောင့်၊ ငိုရတာလည်း လောဘကြောင့် ဖြစ်ပါတယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတဲ့ အရင်းခံ အကြောင်းဟာ လောဘ ဖြစ်ပါတယ်။ ပျော်ရပါးရ ကြိုက်နှစ်သက်ရတယ် ဆိုတာလည်း အရင်းခံ အကြောင်းက လောဘပါပဲ။ လောဘကြောင့်၊ အတွယ်အတာ သံယောဇဉ်ကြောင့်၊ စိတ်လှုပ်ရှား ခံစားမှုကြောင့် ဖြစ်ပါတယ်။
အဆုံးမရှိတဲ့ အပျော်လမ်းမှာ အထိန်းအကွပ်မဲ့ လျှောက်လှမ်းခြင်းရဲ့ အပြစ်အနာအဆာတွေဟာ အပျိုလူပျို လူငယ်လူလွတ် ဘ၀တွေမှာ ဖုံးသာဖိသာ ရှိတတ်ပါတယ်။ အပျော်လိုက်စားတဲ့ ဒီအကျင့်ဆိုးကို အပျိုလူပျို ဘ၀ကနေ အိမ်ထောင်သည်ဘ၀အထိ သည်ဆောင်မိမယ် ဆိုရင်တော့ ချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခု ဖြစ်လာဖို့ ခက်ပါလိမ့်မယ်။ အပျိုလူပျိုဘ၀ ပျော်ကြပါးကြတာကို မိဘတွေက ခွင့်လွှတ်နိုင်ပေမယ့် အိမ်ထောင်သည် ဘ၀မှာတော့ အိမ်ထောင်ဘက်က ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ မတတ်သာလို့ လွှတ်ပေးလိုက်ရတယ် ဆိုရင်တော့ အိမ်ထောင်ရေးမှာ အဖုအထစ် ဖြစ်သွားပါလိမ့်မယ်။
ဒါက သာမန်အာရုံ သာမန်အပျော်သာ ဖြစ်ပါတယ်။ လိင်ကိစ္စနဲ့ ပတ်သက်လို့ အပျော်ရှာမယ် အပျော်လိုက်စားမယ် ဆိုရင်တော့ အပျိုလူပျို ဘ၀မှာပဲဖြစ်ဖြစ် အိမ်ထောင်သည် ဘ၀မှာပဲဖြစ်ဖြစ် ဆိုးကျိုးတွေသာ ဖြစ်ပေါ်လာပါလိမ့်မယ်။
ဒါကြောင့် သာမန်အပျော်ပဲဖြစ်ဖြစ် လိင်အပျော်ပဲဖြစ်ဖြစ် အပျော်အပါး လိုက်စားတတ်တဲ့ အကျင့်ဆိုးကို အပျိုလူပျို ဘ၀ကတည်းက ဇက်သတ်ထားနိုင်ဖို့ ဘရိတ်အုပ်ထားနိုင်ဖို့ လိုပါတယ်။ ဒါမှသာ အိမ်ထောင်သည် ဘ၀မှာ လိုက်စားတာတွေ ကင်းဝေးပြီး ပျော်ရွှင်နိုင်ပါလိမ့်မယ်။
ငြိမ်းချမ်းကြပါစေ။
ရှင်အာစာရ
Ref (March 23, 2011):
“A Happy Married Life” by Venerable K. Sri Dhammananda
http://www.dharmaweb.org/index.php/A_Happy_Married_Life_by_Venerable_K._Sri_Dhammananda
Picture from (3 May 2011): http://www.epilogue.net/cgi/database/art/view.pl?id=104618