လေးနှစ်သမီး စနေဟာသည် သူမအတွက် စိုက်ပေးထားသော သစ်ပင်များအား အချိန်မှန် ရေလောင်းပေးသည်။ ယခုအရွယ်တွင် သူအသီးစားရန် သစ်ပင်များ စိုက်ထားပေးသည်ဟုသာ နားလည် ထားသေးသည်။
အိန္ဒိယတွင် သားယောက်ျားလေးများအား သမီးမိန်းကလေးများထက် ပို၍ လိုလားသည့် အစဉ်အလာရှိသည်။ သို့သော် ဗီဟာ (Bihar state) ပြည်နယ်ရှိ ရွာတစ်ရွာတွင်မူ မိန်းကလေးမွေးဖွားလာလျှင် သစ်ပင်စိုက်ပြီး ကြိုဆိုသည့် အတုယူဖွယ် အလေ့အထတစ်ခုအား စတင်ခဲ့ကြသည်။
ဗာဂါပူး (Bhagalpur) ခရိုင်ရှိ၊ ဒါဟာရာ (Dharhara) ရွာတွင် သမီးတစ်ယောက် မွေးဖွားလာသည့် အခါတိုင်း မိသားစုများက သီးစားပင် အနည်းဆုံး ၁၀ ပင်စိုက်သည်။ ထိုအလေ့အထသည် အကျိုးရှိပါသည်။ အသက် ၁၉ နှစ်ရှိ နီကာ ကုမ္မာရီ (Nikah Kumari) သည် ဇွန်လတွင် မင်္ဂလာဆောင်မည် ဖြစ်သည်။
သတို့သားလောင်းမှာ သူမ၏ ဖခင် စူဗဟာစ် ဆင်း (Subhas Singh) က ရွေးချယ် ပေးသော အစိုးရကျောင်းမှ ကျောင်းဆရာတစ်ဦး ဖြစ်သည်။ မစ္စတာဆင်းသည် လယ်ကွက်အရွယ် အသင့်အတင့်သာ ရှိသည့် လယ်အား စိုက်ပျိုးလုပ်ကိုင်နေသူ ဖြစ်ပြီး ဝင်ငွေလည်း ထူးထူးထွေထွေ ကောင်းသည်မဟုတ်။ သို့ရာတွင် အကုန်အကျများသော မင်္ဂလာပွဲအတွက် ပူပင်မှုမရှိပေ။ နီကာ (Nikah) မွေးဖွားသောအခါ သူတို့၏ ရွာဓလေ့ အတိုင်း မစ္စတာဆင်း (Mr Singh) သည် သရက်ပင် ၁၀ ပင်အား စိုက်ခဲ့သည်။
သမီးလေးနီကာ (Nikah) နှင့် သရက်ပင်များအား ပြုစု ပျိုးထောင်ခဲ့ရာ လူရော သရက်ပင်များပါ ကြီးပြင်းလာခဲ့ပြီး ဖြစ်သည်။ မစ္စတာဆင်း (Mr Singh)နှင့် မိသားစုတို့ သစ်ပင်များကို အဘယ်ကြောင့် စိုက်ရသနည်းဆိုသည်မှာ ယခုအဖြေပေါ်ခဲ့ပြီး။ ကျွန်ုပ်တို့သည် လွန်ခဲ့သော သုံးနှစ် ကြိုတင်ပြီး နှစ်စဉ်ထွက်သည့် သစ်သီးများအား ရောင်းပြီး သမီး၏ မင်္ဂလာကိစ္စအတွက် ငွေများ ရရှိခဲ့ကြသည်ဟု သူက ရှင်းပြသည်။ ထိုသစ်ပင်များသည် ဘဏ်တွင် အပ်နှံထားသော စုဆောင်းငွေများကဲ့သို့ ဖြစ်သည်။
ဗီမာနယ်တွင် သတို့သမီးဘက်မှ သတို့သားဘက်သို့ အတွင်းပစ္စည်း၊ ဥစ္စာ (Dowry) ပေးသည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်သည်။ သတို့သား၏ ဈေးနှုန်းမှာတော့ သူ၏ ဇာတ်နိမ့်၊ ဇာတ်မြင့်၊ လူမှုအသိုင်းအဝိုင်းတွင် ရပ်တည်သော အဆင့်အတန်း၊ အလုပ်အကိုင်စသည်တို့အပေါ်တွင် မူတည်သည်။
ဗီဟာ (Bihar) ပြည်နယ်သည် သတို့သမီးဘက် သတို့သားဘက်သို့ ပေးရသော အတွင်း ပစ္စည်း၊ ဥစ္စာ (Dowry) ကိစ္စနှင့် ပတ်သက်၍ သေဆုံးမှုများ၊ မိမိကိုယ်မိမိ သတ်သေမှုများသည့် နာမည်ဆိုးရှိသည်။ သို့သော် သရက်ပင်များရှိနေသောကြောင့် နီကာ (Nikah) ၏ မိဘများ အတွက် စိတ်ပူပင်စရာ အထူးမရှိ။ ယခုအဖြစ်အပျက်မှာ ဒါဟာရာ (Dharhara) ရွာတွင် ထူးခြားသည် မဟုတ်။ လူဦးရေ ၇၀၀၀ သာသာရှိသည့် ရွာတွင် အရွယ်ရောက်ပြီး သစ်ပင် ၁ သိန်းကျော်ရှိသည်။ များသောအားဖြင့် သရက်ပင်နှင့် လိုင်းချီး (lychee) ပင်များ ဖြစ်သည်။
ရွာမှ သစ်တောအသွင်မြင်နေရသည်
ဒါဟာရာ (Dharhara) ရွာအား အဝေးမှ ကြည့်ပါက သစ်တောတစ်အုပ်ကဲ့သို့ ဖြစ်နေရာ ပတ်ဝန်းကျင်ရှိ ခြောက်သွေ့နေသော ရွာများကြားတွင် စိမ်းလန်းသည့်အကွက်တစ်ကွက် အဖြစ်မြင်ရသည်။ သမီးတစ်ဦးစီအတွက် ဘဏ်စာရင်းဖွင့်ထားပြီး သူတို့ အတွက် စိုက်ထားသော အပင်များ၏ ဝင်ငွေ တစ်စိတ်တစ်ပိုင်းအား နှစ်စဉ်ဘဏ်တွင် အပ်နှံထားကြသည်ဟု ရွာသူရွာသားများက ပြောကြသည်။
ရွာသားများ သစ်ပင်စိုက်သည့် အလေ့အထမှာ မျိုးဆက်များစွာ ရှိခဲ့သည်
ယခုနည်းဖြင့် မိမိတို့သည် သတို့သမီးစရိတ်၊ ကမ္ဘာကြီး ပူနွေးမှုနှင့် မိန်းကလေး သန္ဓေအား ကိုယ်ဝန်ဖျက်ချမှု (dowry death) အား တားဆီးရင်ဆိုင်ကြသည်။ မိမိတို့ရွာတွင် သတို့သမီးဘက်မှ ပေးရသော အတွင်းပစ္စည်း၊ ဥစ္စာနှင့် ပတ်သက်သော သေဆုံးမှု (dowry death) တစ်ခုမှ မရှိကြောင်း၊ မိန်းကလေး ကိုယ်ဝန်ဖျက်ချခြင်းလည်း မရှိကြောင်း ကျောင်းဆရာ စူဘင်ဒူး ကူမာ ဆင်း (Subhendu Kumar Singh) က ပြောသည်။