DDOS စနစ်သည် သွယ်ဝိုက်တိုက်ခိုက်နေသည့် နည်းတစ်ခုဖြစ်ပြီး ဟက်ကာ (DDOS distributer) က ဗိုင်းရပ်စ်ကို ဖြန့်ဝေလိုသည့် နေရာတစ်ခုခုတွင် ကူးစပ်ပျံ့နှံ့ စိမ့်ဝင် နေစေပြီး တစ်နေရာရာရှိ Server ကိုတိုက်ခိုက်ရန် ဟက်ကာက အမိန့်ပေး လိုက်သည်နှင့် ဝိုင်းဝန်းတိုက်ခိုက်ခြင်း ဖြစ်သည်။
“DDOS (Distributed Denial of Service) ဆိုတဲ့ စနစ်နဲ့ တိုက်ခိုက်ခံရတာ။ သိရ သလောက် ဥရောပဘက်ကနေ ဝင်လာတာ။ အာရှ-ပစိဖိတ်နဲ့ ဒေသဆိုင်ရာ အဖွဲ့ အစည်းတွေဆီက အကြံဉာဏ်ရယူပြီး ချိတ်ဆက်ဖြေရှင်း နေပါတယ်။ ပြည်တွင်း လေကြောင်း လိုင်းနဲ့ တခြားစီးပွားရေး လုပ်ငန်းတွေ ထိခိုက်ကုန်တယ်။ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်အောင် ဆောင်ရွက်နေပါတယ်။ ဒီနေ့ကောင်းချင်လည်း ကောင်းသွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
“ဥရောပဘက်ကလည်း ဖြစ်နိုင်ပါတယ်။ DDOS စနစ်ဟာ ပုံမှန်အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်နဲ့ အီးမေးလ်တွေရဲ့ ဆာဗာတွေကို Overload ဖြစ်အောင် Service တွေ လှမ်းတောင်းတာ ဖြစ်ပါတယ်။ ဥရောပဘက်မှာ အင်တာနက် သုံးနေတဲ့သူတွေက သူတို့ရဲ့ ကွန်ပျူတာမှာ ဗိုင်းရပ်စ် ကူးစက်နေတာ မသိနိုင်ပေမယ့် ဗိုင်းရပ်စ်က အမိန့်ပေး တိုက်ခိုက် ခိုင်းထားတဲ့ Server ကို အလိုအလျောက် Service တွေ လှမ်းတောင်း နေတာကြောင့် Server က အဲဒီဖန်တီးထားတဲ့ တောင်းဆိုမှုကို ဖြေရှင်းနေရတာနဲ့ busy ဖြစ်ပြီး အမှန်သုံးစွဲသူတွေကို ထိခိုက်စေတာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရှိ Networking ကျွမ်းကျင်နေသူ တစ်ဦးက ရှင်းပြသည်။
ယင်းတိုက်ခိုက်ခံရမှုကို ဖြေရှင်းရန် အတွက် Clear Bandwidth ဖြစ်စေရန် ဆောင်ရွက် နေပြီး ကာကွယ်ပြီးသား Bandwidth ဖြင့် အင်တာနက် သုံးစွဲမှု ပြန်လည်ရရှိစေရန် ဆောင်ရွက်နေသည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူက ဆိုသည်။ “ဒီဆားဗစ် တောင်းဆိုမှုတွေ ဘယ်က လာတယ်ဆိုတာ ထောက်လှမ်းပြီးရင် Router တွေကနေ လှမ်းပိတ်နိုင်မှ Bandwidth တွေ Clear ဖြစ်အောင်လုပ်ဖို့ လိုပါလိမ့်မယ်” ဟု Networking ကျွမ်းကျင်သူ ပညာရှင်တစ်ဦးက ပြောကြားသည်။