မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဖြတ်ကျော်နေသော ကုန်းတွင်းမုန်တိုင်းသည် ယခုအခါတွင် မုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီ ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း ဘုတလင်မြို့အနီးတွင် ဗဟိုပြုနေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဖြတ်ကျော်လျက်ရှိသော အဆိုပါ ကုန်းတွင်းမုန်တိုင်းသည် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီအချိန် ထုတ်ပြန်ချက်များအရ လက်ရှိတွင် အညိုရောင်အဆင့်ဟု သတ်မှတ်ထားဆဲဖြစ်ပြီး အရှေ့မြောက်သို့ ဆက်လက် ရွေ့လျားနိုင်ကြောင်း သိရှိရသည်။
မွန်းလွဲပိုင်းမှ နောက် ၁၂ နာရီအတွင်း အားပျော့သွားမည် ဖြစ်ကြောင်း၊ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စသည်တို့တွင် လေတိုက်နှုန်း တစ်နာရီလျင် မိုင် ၄၀ ခန့်နှုန်းအထိ ရှိနိုင်ကြောင်း သိရှိရသည်။
ဆိုင်ကလုန်းဂီရိသည် ကုန်းတွင်းမုန်တိုင်းအဖြစ် ပြောင်းလဲပြီးနောက် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ကို အသီးသီး ဖြတ်သန်းလျက် ရှိသည်။
မကွေးမြို့တွင် မိုးနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ကြုံတွေ့ခြင်း၊ ညောင်ဦးမြို့တွင် လေပြင်းတိုက်ခြင်း၊ မြင်းမူမြို့တွင်လည်း မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။