၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှု ကဏ္ဍ၌ အခမဲ့ရုပ် သံလိုင်း လေးလိုင်းနှင့် အခပေးရုပ် သံလိုင်းပေါင်း ၅၀ ကျော်အထိ တိုး ချဲ့ ထုတ်လွှင့်သွားနိုင်မည် ဖြစ်သည် ဟု သတင်းရရှိသည်။
ယင်းအပြင် ပုဂ္ဂလိက အခပေး ရုပ်သံလိုင်းများအဖြစ် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် Forever ကုမ္ပဏီတို့ ပူးပေါင်းထုတ်လွှင့်သည့် MRTV 4 နှင့်ဆက်စပ်အခပေး ရုပ်သံလိုင်း ၂၀ ကျော်အပြင် မကြာမီစတင်ထုတ် လွှင့်တော့မည်ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာနှင့် ရွှေသံလွင် ကုမ္ပဏီတို့ ပူးတွဲထုတ်လွှင့်သွားမည့် ရွှေအခပေး ရုပ်သံလိုင်းပေါင်း ၃၈ လိုင်းတို့ ပေါ်ပေါက်လာမည်ဖြစ်ရာ ၂၀၁၁ ခုနှစ် တွင် မြန်မာနိုင်ငံတွင် အခပေးရုပ်သံ လိုင်းပေါင်း ၅၀ ကျော်အထိ ရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိရုပ်သံ လိုင်းများ ထုတ်လွှင့်နေမှုအခြေအနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ Myanmar International (MRTV-3) နှင့် MRTV-4 ဟူ၍ ရုပ်သံလိုင်းလေးခုရှိ ပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ MRTV-4 ရုပ်သံအစီအစဉ်များကို UHF အင်တာနာဖြင့် ၂၄ နာရီ ဖမ်းယူကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် Myanmar International (MRTV-3) ရုပ်သံအစီအစဉ်များကိုမူ MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်သည့် စက်ဖြင့် ၂၄ နာရီ ဖမ်းယူကြည့်ရှုနိုင် သော်လည်း သာမန် UHF အင်တာနာဖြင့်ဆိုလျှင် နံနက်ပိုင်း အစီအစဉ် များကိုသာ ဖမ်းယူကြည့်ရှုနိုင်သည် ဟု သိရသည်။ အစိုးရမီဒီယာကြီး တစ်ခုဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များကိုမူ နံနက် ၇ နာရီမှ နံနက် ၉ နာရီအထိ လည်းကောင်း၊ ညနေပိုင်းအစီအစဉ် များကို မွန်းလွဲ ၃ နာရီ မိနစ် ၃၀ မှ ညပိုင်းအထိ ထုတ်လွှင့်ပေးလျက်ရှိသည်ဟု သိရသည်။ မြ၀တီရုပ်မြင်သံကြား အစီအစဉ်များကို နံနက်ပိုင်း ၇ နာရီမှ စတင်ထုတ်လွှင့်ပြီး နံနက် ၈ နာရီ ၀န်းကျင်ခန့်အထိ နံနက်ပိုင်း အစီအစဉ်များကိုလည်းကောင်း၊ ညနေပိုင်းအစီအစဉ်များကို ညနေ ၄ နာရီမှ စတင်ထုတ်လွှင့်သည်ဟု သိရသည်။
၂၄ နာရီ ထုတ်လွှင့်လာသောMRTV-4 ရုပ်မြင်သံကြားလိုင်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော Forever Group ကုမ္ပဏီနှင့် ပူးပေါင်းကာ ထုတ်လွှင့်ပြသလျက်ရှိသည်ဟု သိရသည်။ ယင်းအပြင် Myanmar International (MRTV-3) ရုပ်သံ အစီအစဉ်များကိုလည်း ရွှေသံလွင် ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု သိရသည်။
ရွှေသံလွင်ကုမ္ပဏီသည် Myanmar International (MRTV-3) ရုပ်သံအစီအစဉ်အပြင် မကြာမီကာလတွင် SKYNETကွန်ရက်မှ DTH စနစ်ဖြင့် ရွှေရုပ်သံအဖြစ် အခမဲ့ရုပ်သံလိုင်း လေးလိုင်းနှင့် အခပေးရုပ်သံလိုင်း ၃၈ လိုင်းကို ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း၌ ထုတ်လွှင့်နေသည့် ရုပ်မြင်သံကြားလိုင်းများ
အမည် | စတင်ထုတ်လွှင့်သည့်ခုနှစ် |
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား | ၁၉၈၀ |
မြ၀တီရုပ်မြင်သံကြား | ၁၉၉၃ |
MRTV-3 (အင်္ဂလိပ်ဘာသာ) | ၂၀၀၁ |
MRTV-4 | ၂၀၀၄ |
MRTV-3 မှ Myanmar International (MI) အသွင်သဏာန်ပြောင်းလဲထုတ်လွှင့်ခြင်း | ၂၀၁၀ |
MRTV-4 ၂၄ နာရီ အစီအစဉ်များ ထုတ်လွှင့်ခြင်း | ၂၀၁၀ |