ထိုင်းနိုင်ငံမြဘုရားအတွင်း လာရောက်လည်ပတ်နေကြသော ခရီးသည်များကို တွေ့ရစဉ် |
ကုန်ကျစရိတ်ကွာဟမှု ကျဉ်းမြောင်း လာပြီး ၀န်ဆောင်မှု အားသာချက်နှင့် ရေခြားမြေခြား အတွေ့အကြုံ ဆန်းများကြောင့် ပြည်ပသို့ အလည်အပတ် သွားရောက်လိုသူ မြန်မာလူမျိုးများ ယခင်ကထက် ပိုမိုများပြားလာကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ စုံစမ်းသိရှိရပါသည်။
လွန်ခဲ့သည့် ကာလများက မြန်မာလူမျိုးအများစု၏ အားလပ်ရက် အပန်းဖြေ ခရီးထွက်ခြင်းတွင် ရန်ကုန်-မန္တလေး-ပြင်ဦးလွင်၊ ပုဂံညောင်ဦး-ပုပ္ပား၊ တောင်ကြီး-အင်းလေး စသည့် ရက်ရှည် ခရီးစဉ်များ၊ ပဲခူး၊ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ် စသည့် ရက်တိုခရီးစဉ်များသာ စိတ်ဝင်တစား သွားရောက်လည်ပတ်မှု များပြားခဲ့သည်။
ပြီးခဲ့သည့် လေးနှစ်တာကာလ အတွင်းတွင်မူ မြန်မာလူမျိုးများ၏ အားလပ်ရက် အပန်းဖြေခရီးစဉ်များ တွင် ပြည်ပအလည်အပတ် ခရီးစဉ်များပါ တစ်စတစ်စ နေရာယူလာခဲ့ကြောင်း သိရသည်။
"အရင်က နိုင်ငံခြားကို အလည်အပတ်သွားတာ ရှိပေမယ့် ဟိုမှာအခြေကျပြီးသား မိသားစု၊ ရင်းနှီးတဲ့သူတွေက တစ်ဆင့်ခေါ်လို့ သွားတာများပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့လေးနှစ်၊ ၂၀၀၆ လောက်ကစပြီးတော့ ရန်ကုန်-ဘန်ကောက် Package Tour ခရီးစဉ်တွေကို ခရီးသွားကုမ္ပဏီတွေ နဲ့လေကြောင်းလိုင်းတွေကစပြီး စီစဉ်ပေးတာတွေ ရှိလာခဲ့ပါတယ်"ဟု ၀ါရင့်ပြင်သစ် ဧည့်လမ်းညွှန်တစ်ဦးက ပြောပြခဲ့သည်။
ပြည်ပ အလည်အပတ်ခရီးစဉ်များ စတင်ပေါ်ထွက်လာစဉ်က ရန်ကုန်-ဘန်ကောက် ခရီးစဉ်လျှင် အမေရိကန်ဒေါ်လာ ၈၀၀မှ ၉၀၀ ၀န်းကျင် ထိရှိခဲ့ကြောင်း သိရသည်။ ထိုအချိန် က ပြည်ပအလည်အပတ် ခရီးစဉ်များမှာhigher class ဟု ခေါ်ဆိုနိုင်သော လူတန်းစားတစ်ရပ်အတွက်သာ သီးသန့် တည်ရှိနေခဲ့သည်။
နောက်ပိုင်းတွင် ရန်ကုန်-ဘန်ကောက် Package Tour ခရီးစဉ်သာမက စင်ကာပူ၊ ကွာလာလမ်ပူ အလည်အပတ် ခရီးစဉ်ကိုပါ စီစဉ်ပေးမှုရှိခဲ့ကာ ဈေးနှုန်းအနေအထားမှာ လည်း တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး ပြည်ပ အလည်အပတ် ခရီးစဉ်များကို မြန်မာလူမျိုးများ စိတ်ဝင်စားမှုမှာလည်း မြင့်တက်ခဲ့ကြောင်း ဂန္ဓာဝင်ရွှေပုဂံမှ မဇင်မာက ပြောသည်။
"ပြည်တွင်းမှာ နှံ့အောင်လည်ပြီးမှ ပြည်ပကိုလှမ်းတာကနေ ပြည်တွင်းနဲ့ ပြည်ပဈေးနှုန်းမကွာလို့ ပြည်ပကိုပဲ သွားလည်မယ်ဆိုတဲ့သူတွေ များလာပါတယ်"ဟု New Motion Travels and Tours ပြည်ပအလည် အပတ်ခရီးစဉ် စီစဉ်ပေးမှုဌာနမှ Sales and Marketing မန်နေဂျာ မစန္ဒာကျော်က ဆိုသည်။
ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးကလည်း "အားလပ်ရက်ရောက်ရင် ပြည်တွင်းမှာပဲလည်ဖို့ စဉ်းစားနေကြရာကနေ ပြည်ပကို ထွက်လည်ရင် ကောင်းမလားဆိုပြီး စဉ်းစားမိတဲ့သူ များလာတယ်လို့ထင် ပါတယ်"ဟု သုံးသပ်ခဲ့သည်။။
ရေခြားမြေခြား အတွေ့အကြုံဆန်းတွေ၊ သက်သောင့်သက်သာရှိတဲ့ လမ်းပန်းဆက်သွယ်မှုတွေ၊ ဘာမှမဆိုင်တဲ့ ခေတ်မီတိုးတက်မှုတွေကို မြင်ချင်တဲ့စိတ်တွေ စသဖြင့် အများကြီးရှိနိုင်ပါတယ် .. |
ထိုသို့ မိမိနိုင်ငံနှင့် မတူကွဲပြားခြားနားသည့် အတွေ့အကြုံများ၊ ၀န်ဆောင်မှုပိုင်းဆိုင်ရာ အားသာချက်များနှင့်အတူ အချို့သော ပြည်တွင်း ခရီးစဉ်များမှာ ပြည်ပခရီးစဉ်များနှင့် ဈေးနှုန်းကွာဟမှု ကျဉ်းမြောင်းသည့်အနေ အထားရှိလာခဲ့ကြောင်း သိရသည်။
"သင်္ကြန်မှာ ချောင်းသာနဲ့ ငွေဆောင်သွားရင် ဟိုတယ်ခနဲ့တင် နှစ်ယောက်ခန်း တစ်ခန်းဆိုရင် တစ်သိန်း ၀န်းကျင်လောက် ဈေးရှိတယ်။ ဒါ အကောင်းစားဟိုတယ် မဟုတ်ဘူး၊ သာမန်ပဲ။ ဘန်ကောက်မှာ သာမန် ဆိုရင် ၂၀၊ ၃၀နဲ့ တည်းလို့ရတယ်။ အစားအသောက်ကလည်း အရမ်းပေါတယ်။ ဒီမှာလည်း ဈေးသက်သက်သာသာနဲ့ စီစဉ်ပေးတဲ့ ပြည်တွင်း အလည်အပတ် ခရီးစဉ်ရှိပေမယ့် သွားရတာ စိတ်ပင်ပန်းမှု အနည်းအများရှိတယ်။ အဆင့်မြင့် ၀န်ဆောင်မှု ပေးတဲ့ Tour ကျတော့လည်း ပြည်ပ Tour တွေနဲ့ တချို့ခရီးစဉ်တွေမှာ ဈေးမကွာတော့ဘူး။ မြန်မာတွေ ဘန်ကောက်ကို ဘယ်လောက်သဘောကျသလဲဆိုရင် ဟိုမှာနိုင်ငံရေး မတည်ငြိမ်တာတောင်မှ သွားလည်တာ မပြတ်ခဲ့ဘူး။ အခုသုံးညအိပ်လေးရက် ဘန်ကောက်ခရီးစဉ်ကို သုံးသိန်းခွဲလောက်နဲ့သွားနိုင်တဲ့ Package Tour တွေ လည်းရှိလာတယ်"ဟု ဘန်ကောက် အလည်အပတ် သွားရောက်လေ့ရှိသူ တစ်ဦးက ဆိုပါသည်။
မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ်များစွာဖြင့် သာယာလှပသည့် နေရာများစွာကို ပိုင်ဆိုင်ထားသော်လည်း အဆိုပါနေရာများကို ခရီးသွားနေရာများဖြင့် လုပ်ဆောင်ပေးနိုင်စွမ်း၌ အားနည်းချက်များရှိကြောင်း သိရသည်။
"ပူတာအို၊ ဆွန်ပရာဘွမ်စတဲ့ နေရာတွေကို မြန်မာလူမျိုး၅၈သန်းမှာ တစ်သန်းရောက်ဖို့ ခက်လိမ့်မယ်။ ဒီခရီးစဉ်တွေကို စီစဉ်ပေးတဲ့ Package Tour တွေရှိပေမယ့် အရမ်းနည်းတယ်။ ဈေးနှုန်းလည်း များပြီး သွားလာရခက်ခဲတော့ ခရီးသွားတွေလည်း သိပ်စိတ်မ၀င်စားကြဘူး။ ဒီခရီးစဉ်တွေဆိုရင် နိုင်ငံခြားသားတွေအတွက် ပဲလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် သွားရတာအဆင်ပြေလို့ မွန်ဂိုလီးယား ကုန်းမြေထိသွားတဲ့ မြန်မာလူမျိုးတွေ ရှိတယ်"ဟု ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
တိုင်းပြည်တစ်ပြည်ရှိ လူမျိုးများ၏ အလည်အပတ်ခရီး သွားနိုင်ခြင်းမှာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျမှု ရှိနေသည့်အတွက် ကုန်ကျစရိတ်များသည့် ပြည်ပ ခရီးစဉ်များကို သွားရောက်လည်ပတ်သည့် မြန်မာလူမျိုး များပြားလာသည့် နည်းတူ ဈေးနှုန်းသက်သာစွာ စီစဉ်ပေးမှုရှိသည့် ပြည်တွင်းခရီးစဉ်များအား စိတ်ဝင်စားမှုမှာလည်း ဆက်လက်မြင့်တက် နေမည်ဖြစ်ကြောင်း ခရီးသွားကုမ္ပဏီ တစ်ခုမှတာဝန်ရှိသူက ဆက်လက် သုံးသပ်သည်။
"စရိတ်များတဲ့ ပြည်တွင်းအဆင့်မြင့် Tour တွေနဲ့ယှဉ်ရင် ပြည်ပ Tour တွေကို ပိုရွေးချယ်မယ့်သူ များလာနိုင်သလို ဈေးနှုန်း သက်သက်သာသာနဲ့ သွားနိုင်အောင်စီစဉ်ပေးတဲ့ ပြည်တွင်း Tour တွေလည်းပိုပြီး develop ဖြစ်လာနိုင်ပါတယ်"ဟု ၎င်းက ဆိုပါသည်။
အဆင့်မြင့် ပြည်တွင်းခရီးသွား လုပ်ငန်းများ၏ ခရီးစဉ်အလိုက် ဈေးနှုန်းများ(တစ်ဦးနှုန်းထား)
မန္တလေး-မင်းကွန်း-ပြင်ဦးလွင်-လားရှိုး-မူဆယ်-ရွှေလီ | ၇ ညအိပ် ၈ ရက်ခရီး | ၂၇၀၀၀၀ကျပ် |
မန္တလေး-မုံရွာ-အလောင်းတော်ကသာပ | ၅ ညအိပ် ၆ ရက်ခရီး | ၂၃၅၀၀၀ကျပ် |
တောင်ကြီး-အင်းလေး-ပင်းတယ | ၄ ညအိပ် ၅ ရက်ခရီး | ၁၃၀၀၀၀ကျပ် |
စစ်တွေ-မြောက်ဦး | ၄ ညအိပ် ၅ ရက်ခရီး | ၃၈၀၀၀၀ကျပ် |
ရွှေစက်တော်-ပုဂံ | ၅ ညအိပ် ၆ ရက်ခရီး | ၂၀၀၀၀၀ကျပ် |
မြိတ်-ကော့သောင်း-သဌေးကျွန်း | ၅ ညအိပ် ၆ ရက်ခရီး | ၃၉၀၀၀၀ကျပ် |
ပူတာအို | ၃ ညအိပ် ၄ ရက်ခရီး | ၃၉၀၀၀၀ကျပ် |
ပြည်ပ အလည်အပတ် ခရီးစဉ်အချို့၏ ခရီးစဉ်အလိုက် ဈေးနှုန်းများ(တစ်ဦးနှုန်းထား)
ရန်ကုန်-ဘန်ကောက် | ၃ ညအိပ် ၄ ရက်ခရီး | ၃၅၀၀၀၀ ကျပ် |
ရန်ကုန်-ချင်းမိုင် | ၃ ညအိပ် ၄ ရက်ခရီး | ၃၈၀၀၀၀ ကျပ် |
ဘန်ကောက်-ကွာလာလမ်ပူ | ၅ ညအိပ် ၆ ရက်ခရီး | ၉ သိန်း |
ဘန်ကောက်-စင်ကာပူ-မလေးရှား | ၇ ညအိပ် ၈ ရက်ခရီး | ၁၁ သိန်း |
ဟောင်ကောင်-မကာအို-ကွမ်ကျိုး | ၇ ညအိပ် ၈ ရက်ခရီး | ၁၃ သိန်း |
ပီကင်း-ရှန်ဟိုင်း-ကူမင်း | ၈ ညအိပ် ၉ ရက်ခရီး | ၁၆ သိန်း |
ဂျပန် | ၆ ညအိပ် ၇ ရက်ခရီး | ၁၉ သိန်း |
တောင်ကိုရီးယား | ၆ ညအိပ် ၇ ရက်ခရီး | ၁၈ သိန်း |
ယူရိုခရီးစဉ် | ၁၄ ညအိပ် ၁၅ ရက်ခရီး | ၃၈ သိန်း |