အိန္ဒိယနိုင်ငံ ဂါယာမြို့ရှိ မဟာဗောဓိ ပုထိုးတည်ရှိရာ ဗုဒ္ဓဂယာသို့ မြန်မာနိုင်ငံအပါအ၀င် အာရှပစိဖိတ် ဒေသများမှ ခရီးသွားများ နေ့စဉ်လာရောက်လေ့ ရှိကြသည်ဟု ဗုဒ္ဓဂယာ ဘုရားဝင်းရှိ ဂေါပကအဖွဲ့ဝင်များ ဖြစ်ကြသော အိန္ဒိယနိုင်ငံသားများထံမှ စုံစမ်းသိရှိရပါသည်။
ထို့ပြင် ဗုဒ္ဓဂယာ ဘုရားဖူးသွားရာ ဈေးဆိုင်တန်းတစ်လျှောက်တွင်လည်း မြန်မာစကားသုံးစွဲသူ အိန္ဒိယနိုင်ငံသားအချို့နှင့် ဆိုင်အချို့တွင် မြန်မာပြည်သို့ ဖုန်းခေါ်ဆိုနိုင် သည်ဆိုသော ရေးသားထားခြင်း များကိုပါ တွေ့မြင်လာရကြောင်း ဗုဒ္ဓဂယာသို့ စက်တင်ဘာ လ ၂၅ ရက်နေ့ကသွားရောက်ခဲ့သူ မြန်မာတစ်ဦးက ပြောပြခဲ့ပါသည်။
"ဈေးဆိုင်တန်း တစ်လျှောက် မှာ ဈေးရောင်းနေတဲ့ အိန္ဒိယနိုင်ငံသားတွေ တော်တော်များများ မြန်မာ လို ပြောတတ်ကြတယ်။ ဗုဒ္ဓဂယာသွားတဲ့ လမ်းတစ်လျှောက်မှာလည်း မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ဖုန်းခေါ်ဆိုနိုင်ပြီဆိုတာ ရေးသား ထားတာတွေ တွေ့လာရပါတယ်" ဟု ဗုဒ္ဓဂယာသို့ရောက်ရှိခဲ့သူ မြန်မာနိုင်ငံသား တစ်ဦးက ပြောပြခဲ့ပါ သည်။
ထို့ပြင် ဗုဒ္ဓဂယာသို့ နေ့စဉ် ဘုရားဖူး ၀င်ရောက်သူဦးရေမှာ ၈၀ နှင့် အထက်ရှိပြီး ယင်းတို့အထဲတွင် ကမ္ဘာလှည့်ခရီးသွားများ အပါအ၀င် အိန္ဒိယနိုင်ငံသားများလည်း လာရောက်ကြသည်ဟု သိရသည်။
ဗုဒ္ဓဂယာသို့ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်နောက်ပိုင်းမှ စတင်ကာသွားရောက်မှု ပိုမိုလာခဲ့ပြီး အာရှ ပစိဖိတ်နိုင်ငံများမှလည်း သွားရောက်မှုရှိကြကာ ဗီယက်နမ်၊ တောင်ကိုရီးယား၊ သီရိလကာင်္၊ ထိုင်း၊ ဖိလစ်ပိုင် နှင့် ဂျပန်တို့မှလည်း အများဆုံးလာ ရောက်ကြသည်ဟု ဗုဒ္ဓဂယာ၌ တာဝန်ကျ ဘုရားဖူးလုံခြုံရေး အဖွဲ့သားတစ်ဦးဖြစ်သူ အိန္ဒိယလူမျိုးတစ်ဦးက ပြောကြားပါသည်။
မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များ စတင်ပေါ်ပေါက်လာခဲ့သော ၂၀၀၈ ခုနှစ်မှစ၍ ဘုရားဖူးသွားသူဦးရေပိုမို များပြားလာခဲ့ပြီး ဘုရားဖူးစရိတ်ကုန်ကျမှု ပမာဏမှာ ငွေကျပ် ၁၀ သိန်းနီးပါးဖြစ်သည်ဟု မဟာတိုး ခရီးသွားလုပ်ငန်းမှ သိရသည်။
အဆိုပါခရီးစဉ်တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိရာဂါယာမြို့၊ အာဂရာ နှင့်နယူးဒေလီသို့ ပို့ဆောင်ခြင်းပါဝင်ပြီး ရက်ပေါင်း ၁၅ ရက်ကြာမြင့်သည်ဟု သိရသည်။