ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့တွင် ၂၀၁၀ ဧပြီလ သင်္ကြန်ကာလအတွင်း ဗုံးပေါက်ခဲ့စဉ်က
မနေ့က နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အိမ်တော်ရာ ဘုရား ပရ၀ုဏ်အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဗုံးပေါက်ကွဲမှုသည် ဘုရား၏ အင်္ဂါထောင့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သန့်ရှင်းရေး အမျိုးသား အမျိုးသမီးတို့က သန့်ရှင်းရေး လုပ်ရင်း အထုပ်တစ်ထုပ်ကို တွေ့ရာ ဆွဲလိုက်မိရာမှ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသမီးမှာ ထိခိုက်မှု မများသော်လည်း အမျိုးသားကိုမူ ဆေးရုံတင်ထားသည်ဟု ကြားသိရကြောင်း၊ ထိုအချိန်တွင် အိမ်တော်ရာ ဘုရားအတွင်း၌ ရှင်ပြု နားသ အလှူပွဲတစ်ခု ကျင်းပနေခဲ့ပြီး လူစည်ကားချိန် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း ဗုံးပေါက်ကွဲချိန် ဘုရားဝင်းအတွင်း ရှိနေခဲ့သူ မန္တလေးမြို့ခံတစ်ဦးက Online မှတစ်ဆင့် သတင်းပေး ပြောကြားခဲ့သည်။
ဗုံးပေါက်ကွဲမှု အင်အား ပြင်းထန်ခြင်း မရှိသောကြောင့် ဘုရားတွင် တစ်စုံတစ်ရာ ပျက်စီးမှု မရှိဟု ကြားသိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာမှ တာဝန်ရှိသူများ အချိန်မီ ရောက်ရှိလာကာ လိုအပ်သည်များကို ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခု ဗုံးပေါက်ကွဲမှုကို စီအိုင်ဒီမှ အထူး စုံစမ်းစစ်ဆေးနေကြောင်း ၄င်းက ဆက်လက် ပြောပြခဲ့သည်။
အိမ်တော်ရာ ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ ဟေမာဇလရပ်ကွက်တွင် တည်ရှိသော သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်သည်။
ယခု ရက်ပိုင်း အတွင်းတွင် ပြည်သူများ၏ အေးချမ်းစွာ နေထိုင်မှုကို နှောင့်ယှက် ဒုက္ခ ပေးလိုသော အဖျက်သမားများ၏ အလားတူ ဗုံးဖောက်ခွဲရန် ကြံစည်မှုတစ်ရပ် ရန်ကုန်မြို့တွင် တွေ့ရှိ တားဆီးနိုင်ခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် ယခုလ ၁၇ ရက်နေ့ ညနေက အများပြည်သူ အသုံးပြုသော မြို့တော်ခန်းမအနီးရှိ အင်တာနက်ဆိုင် တစ်ဆိုင်တွင် ကွန်ပါဘူးချိန်ကိုက်ဗုံးတစ်လုံး ထောင်ထားသည်ကို တွေ့ရှိသော တာဝန်သိ ပြည်သူတစ်ဦးက အချိန်မီ သတင်းပေးခဲ့သည့် အတွက် သက်ဆိုင်ရာမှ အချိန်မီ ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တာဝန်သိ ပြည်သူကိုလည်း သက်ဆိုင်ရာမှ ဆုငွေ ကျပ်လေးသိန်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

credit mmdailynews