ဂျပန်နိုင်ငံ ကျမ္မာရေးဝန်ကြီးဋ္ဌာနမှ သုတေသနအဖွဲ့တစ်ခုက ဂျပန်နိုင်ငံတွင် ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်း (passive smoking)ကြောင့်ဖြစ်သည့် အဆုပ်ကင်ဆာနှင့် နှလုံးရောဂါဖြင့် သေဆုံးသူဦးရေ (၆၈၀၀)ခန့် နှစ်စဉ်ရှိနေပြီး၊ (၃၆၀၀)နီးပါး (ထက်ဝက်ကျော်)မှာ လုပ်ငန်းခွင်အတွင်း ရှူရှိုက်မိရာမှ ရောဂါဖြစ်ပွား သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောကြားသွားသည်။
ကျမ္မာရေးနှင့် အလုပ်သမားရေးရာ ၀န်ကြီးဋ္ဌာနလက်အောက်မှ ဤသုတေသီအဖွဲ့၏ ပြောကြားချက်အရ ဆေးလိပ်ကြောင့်သေဆုံးသူ (၄၆၀၀)မှာ အမျိုးသမီးများ ဖြစ်နေသည်။

အမျိုးသား ကင်ဆာတိုက်ဖျက်ရေးဋ္ဌာနမှ ၀ါရင့်သုတေသီတစ်ဦးဖြစ်သူ ယူမီကို မိုချီဇူကီက "ကြီးမားတဲ့ ကျန်းမာရေးပျက်စီးဆုံးရှုံးမှုကြီးပါ။ နိုင်ငံတော်အစိုးရနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်လုပ်နေတဲ့လူထုရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတာ သတိပြုအရေးလုပ်ဖို့ လိုအပ်နေပါပြီ"ဟု ပြောကြားသွားခဲ့သည်။
၂၀၀၅ခုနှစ် စစ်တမ်းတစ်ခုကို အခြေခံ၍ သုတေသီအဖွဲ့က "အရွယ်ရောက်ပြီးသော ဆေးလိပ်မသောက်သူဦးရေ (၇၈)သန်းမှ_ အမျိုးသား(၂၈)သန်းနှင့် အမျိုးသမီး(၄၈)သန်းမှ_ အမျိုးသား(၆)%နှင့် အမျိုးသမီး(၃၀)%တို့မှာ သူတို့နေအိမ်များမှလည်းကောင်း၊ အမျိုးသား(၃၀)%နှင့် အမျိုးသမီး(၂၀)%တို့မှာ သူတို့၏လုပ်ငန်းခွင်များမှလည်းကောင်း ဆေးလိပ်ငွေ့များကို တစ်ဆင့်ရှူရှိုက်နေကြရကြောင်း" ခန့်မှန်းခဲ့သည်။

အခြားလေ့လာမှုတစ်ခုမှလည်း အဆုတ်ကင်ဆာကြောင့် သေဆုံးသူများတွင် အမျိုးသား(၄၉၀၀၀)မှ (၁)%နှင့် အမျိုးသမီး(၁၈၀၀၀)မှ (၈)%မှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ဖြစ်ပြီး၊ နှလုံးသွေးကြောပိတ်ခြင်း ရောဂါကြောင့် သေဆုံးသူများတွင်လည်း အမျိုးသား(၄၂၀၀၀)မှ (၄)%နှင့် အမျိုးသမီး(၃၄၀၀၀)မှ (၉)%မှာ ဆေးလိပ်ငွေ့တဆင့်ခံ ရှူရှိုက်မိခြင်းကြောင့် ဖြစ်သည်။ တစ်ဆင့်ဆေးလိပ်ငွေ့ကြောင့် ဒုက္ခရောက်ခဲ့ရသူ အမျိုးသား(၂၂၀၀)နှင့် အမျိုးသမီး(၄၆၀၀)ကို လေ့လာမှုပြုခဲ့ရာမှာ လုပ်ငန်းခွင်မှ ခံစားခဲ့ရသူ အမျိုးသား(၁၈၀၀၀)နှင့် အမျိုးသမီး(၁၈၀၀၀) ဖြစ်နေကြောင်း သုတေသီအဖွဲ့က ထပ်မံတင်ပြခဲ့ကြသည်။
ထို့ကြောင့် ဂျပန်နိုင်ငံတွင် တစ်ဆင့်ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေးထိခိုက်ပျက်စီးရမှုကို ကာကွယ်သွားနိုင်ရန် ကျမ္မာရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလမှစတင်၍ အများပြည်သူစုဝေးရာ နေရာဋ္ဌာနများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် ကုန်တိုက်များတွင် အဆောက်အဦအတွင်း မည်သည့်နေရာမှာမှ ဆေးလိပ်သောက်သုံးခြင်းမပြုရဟု ကြေငြာချက်ထုတ်ပြန်ကာ ကြိုးစားသွားတော့မည် ဖြစ်သည်။
ဂျပန်နိုင်ငံ၌ ပထမဆုံး ဆေးလိပ်သောက်ခြင်း ကင်းလွတ်ရေးနယ်အဖြစ် Kanagawa Prefectureကို ဧပြီလက ကြိုးစားစည်းကြပ် သတ်မှတ်ခဲ့ပြီး ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ အစရှိသည့် လူထုအများစုဝေးရာ နေရာများတွင် ဆေးလိပ်သောက်ခြင်း လုံးဝတားမြစ်ခဲ့သည်။