(၈)နှစ်အရွယ် သားငယ်လေးအား အိပ်ရာထဲ ရှူးရှူးပန်းမိသောကြောင့် အိမ်ရှေ့ပန်းခြံထဲမှာ ပိုက်ဖြင့်ရေထိုးကာ တစ်နာရီခွဲကြာအောင် ချမ်းတုန်အေးစက်နေသည်အထိ ဒါဏ်ပေးဆုံးမခဲ့သည့် ဖခင်ဖြစ်သူအား Margate တရားရုံးက ထောင်ဒါဏ်ချမှတ်ရန် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အသက်(၃၀)နှစ်ရှိ ဖခင်ဖြစ်သူ(တရားရုံးမှ အမည်မဖော်ပြထား)က သားဖြစ်သူအား ဆဲရေးကြိမ်းမောင်း ဒါဏ်ပေးရေထိုးနေစဉ် အိမ်ရှေ့မှကားဖြင့်ဖြတ်သွားရင်း မြင်တွေ့ခဲ့ရသူ အမျိုးသမီးက Kentမြို့၊ Margate တရားရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ Favershamရှိ နေအိမ်သို့ ရဲများရောက်ရှိလာသည်အထိ ခလေးငယ်မှာ အေးစက်ချမ်းတုန်ကာ ကြောက်ရွှံ့ထိတ်လန့်စွာဖြင့် ရေဖြန်းခံနေရဆဲဖြစ်သည်။ ရဲများက ဖခင်ဖြစ်သူအား ဟန့်တားပြီး ခလေးငယ်အား အိမ်ထဲသို့ ပွေ့ပိုက်ခေါ်ယူသည်ကို ဖခင်ဖြစ်သူက ဒေါသတကြီးဖြင့် အော်ဟစ်ကန့်ကွက်နေခဲ့သေးကြောင်း ရဲအရာရှိက ပြောပြသွားခဲ့သည်။
တိုင်တန်းသူ အမျိုးသမီး၏ ပြောပြချက်အရ ဖခင်ဖြစ်သူက ခလေးငယ်အား အော်ဟစ်ဆဲဆိုကာ ရေပိုက်ဖြင့် ဦးခေါင်းကို နှစ်ချက်သုံးချက် ရိုက်နှက်ခဲ့ကြောင်းလည်း သိရသည်။ ဥပဒေအရာရှိ Paul Tapsellက "ခလေးအဖေက ခလေးလေးကို အိပ်ရာထဲ ရှူးရှူးပန်းတဲ့အတွက် တစ်နေ့လုံး ပန်းခြံထဲမှာပဲ ရေစိုကြီးနဲ့ ဒီအတိုင်းနေရမယ်လို့ အော်ဟစ်ကြိမ်းမောင်းပြီးတော့ ထပ်ခါတစ်လဲလဲလည်း ကျိန်ဆဲနေခဲ့တယ်"ဟု ပြောပြခဲ့၏။
တရားရုံးတော်မှ ဖခင်မေတ္တာကင်းမဲ့စွာ လူသားမဆန်စွာ အပြစ်ပေးကြမ်းတမ်းလွန်းသူအား အမှုဖွင့်အရေးယူထားကြပြီး၊ အောက်တိုဘာလ (၁၂)ရက်နေ့ အမှုကြားနာ စစ်ဆေးသည့်အခါ Margate Magistrates Courtမှ တရားခံအား ထောင်ဒါဏ်ထိ ချမှတ်အရေးယူဖွယ်ရှိကြောင်း သိရသည်။
(မိခင်မရှိတော့ကြောင်း ယူဆရသော) ခလေးငယ်အား တာဝန်ရှိသူများက ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။